- Get link
- X
- Other Apps
အမျိုးသားတစ်ယောက် အမှောင်လမ်းထဲ လမ်းလျှောက်လာနေခိုက် ဓာတ်တိုင်အောက်တစ်ခုတွင် တစ်ခုခုကို စိတ်ပူပန်စွာ ရှာဖွေနေသော အမျိုးသမီးကို တွေ့လိုက်သည်။ ထိုအမျိုးသမီးသည် စိုးရိမ်ပူပန်မှု လွန်ကဲပြီး တစ်ခုခုကို သဲသဲမည်းမည်း ရှာဖွေနေသည်ကို တွေ့လိုက်တော့ အမျိုးသားသည် သိလိုစိတ်နှင့် …
“ဘာရှာနေတာလဲ ခင်ဗျာ?”
“ကျွန်မရဲ့ကားသော့ပါရှင်။ ကားသော့မရှိဘဲ ကျွန်မအိမ်ပြန်လို့ မရဘူး။” ဟု အမျိုးသမီးသည် စိုးရိမ်ပူပန်စွာ ပြန်ဖြေကြားလိုက်သည်။
“ကားသော့က ဘယ်နားလောက်မှာ ကျသွားသလဲ?”
“ဟိုအမှောင်ထောင့်နားတ၀ိုက်လို့ ထင်တာပဲ။ ကျွန်မ ပိုက်ဆံအိတ် ထုတ်လိုက်တဲ့အချိန်မှာ ကျသွားတာ ထင်တယ်။” ဟု ပြောရင်း သူမရပ်နေရာမှ အတော်လေးလှမ်းပြီး မှောင်နေသောထောင့် တစ်နေရာကို ညွှန်ပြလိုက်သည်။
အမျိုးသားသည် စဉ်းစားရခက်သွားပြီး “ဒါဆို ခင်ဗျားက ဘာလို့ ကားသော့ကျခဲ့တဲ့ ဟိုနားတ၀ိုက်မှာ မရှာဘဲ ဒီဓာတ်တိုင်အောက်မှာ လာရှာနေရသလဲ?” ဟုမေးလိုက်သည်။
“ဟိုဖက်မှာ မီးအလင်းရောင်မှ မရှိတာ” ဟု အမျိုးသမီးသည် ဒေါသတကြီး ပြန်အော်လိုက်တယ်။
ဒီပုံပြင်လေးထဲမှာပါတဲ့ အမျိုးသမီးဟာ စဉ်းစားဉာဏ်မဲ့တယ်လို့ သင် တွေးကောင်းတွေး မိလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် မိမိလိုချင်သောဘ၀၊ မိမိတောင့်တသော ပျော်ရွှင်မှုများကို ရှာဖွေနေသောအချိန်တွင် ပုံပြင်ထဲရှိ အမျိုးသမီးကဲ့သို့ မှားယွင်းသော ဦးတည်ချက်၌ ရှာဖွေနေတတ်ကြသည်။ ကျွန်ုပ်တို့သည် မိမိရှာဖွေနေသော နေရာသည် အပေါ်ယံမှ ကြည့်လျှင် မိမိလိုချင်သော အရာကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော နေရာဟု ထင်ထားတတ်ကြပါသည်။ သို့သော် အများအားဖြင့် ထိုနေရာများသည် ကျွန်ုပ်တို့ ရှာဖွေနေသော အရာများ လုံးဝ မရှိသောနေရာ ဖြစ်နေတတ်ကြပါသည်။
ဤစာအုပ်သည် မိမိစိတ်ကို ပိုမိုနားလည်ပြီး စစ်မှန်သော ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနှင့် ချစ်ခြင်းမေတ္တာများ ရရှိအောင် ကံမကောင်း အကြောင်းမလှသော အမျိုးသမီးဖြင့် ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ပေါ့ပေါ့ပါးပါးနှင့် နားလည်ရ လွယ်ကူအောင် ရေးသားထားးသောကြောင့် စာဖတ်သူများ အားလုံး ကြိုက်နှစ်သက်ကြမည်ဟု မျှော်လင့်မိပါသည်။
လေးစားမှုဖြင့်
သာသာပြန်သူ သက်တန့် (မေရီ)
ဆောင်းည၊ မိုးဖွဲဖွဲလေးရွာနေချိန်။
ကားလေးတစ်စီးသည် တောင်ခါးပတ်တစ်ခုတွင် အရှိန်ပြင်းပြင်းနှင့် မောင်းနှင်နေသည်။ ကားလေးသည် ရုတ်တရက် အရှိန်မြှင့်တင်လိုက်၊ ကွေ့လိုက်၊ တခြားကားများကို ကျော်တက်လိုက်နှင့် ကျွမ်းကျင်အဆင့်ရှိ ပြိုင်ကားမောင်းသူ မောင်းနေသည်ဟု ထင်ရသည်။
ယခုလို မိုးဖွဲဖွဲလေးညတွင် ဤပုံစံနှင့် ကားမောင်းနှင်နေခြင်းသည် ဖြစ်နိုင်ချေ (၂) မျိုးသာ ရှိသည်။ အလျင်လိုနေ၍ (သို့) သေကြောင်းကြံနေခြင်း ဖြစ်သည်။ လော့လင်းသည် မိမိ ယခုအဘယ်သို့ ဦးတည်ပြီး ကားမောင်းနေသည်ကို မိမိကိုယ်တိုင်ပင် သတိမထားမိပေ။
“တကယ်လို့ ရှေ့မှာကားတစ်စီး ရုတ်တရက် ပေါ်လာရင် ငါဘယ်လိုလုပ်ရမလဲ?” ဟု ကားမောင်းရင်း လော့လင်း တွေးလိုက်သည်။ “အင်း…ဒါဆိုလည်း ကောင်းတာပေါ့။ တခါတည်း သေလိုက်ရင် အေးတာပဲ။” ယခုလို အတွေးပေါ်လာတော့ လော့လင်း တစ်ယောက် ကိုယ့်ကိုယ်ကိုယ် လှန့်သွားသည်။
လော့လင်းသည် ဒီနှစ်ပိုင်းအတွင်း ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်သော အတွေးနှင့် အပြုအမူများ မကြာခဏ လုပ်နေမိသည်။ “အသက်ရှင်နေရတာ မောလိုက်တာ။” ဆိုသည်မှာ သူမ၏ ငယ်စဉ်မှ စ၍ ခုချိန်ထိ သုံးနေကျ စကား ဖြစ်ပါသည်။
ဒီနေ့ညနေခင်းမှာလည်း လော့လင်း သည် ခင်ပွန်းသည်နှင့် ဘာမဟုတ်သော အကြောင်းရင်းနှင့် စကားများရန်ဖြစ်ပြီး စိတ်ရှုပ်ရှုပ်နှင့် အိမ်မှ ကားမောင်း ထွက်လာလိုက်သည်။ သတိပြန်ဝင်လာသောအခါ ကားလေးသည် တောင်ကုန်းသို့တက်နေပြီဖြစ်သည်။
ရုတ်တရက် ကားလေးသည် အသံနှစ်ချက်လောက်မြည်ပြီး ရပ်သွားသည်။
အင်ဂျင်စက်ကို ဘယ်လိုမှနိုးမရတော့ သေချာစွာ စစ်ဆေးကြည့်လိုက်ချိန်တွင် ဓာတ်ဆီကုန်နေပြီ။
“သေပါပြီ” ဟု လော့လင်း တစ်ယောက်ညည်းတွားလိုက်သည်။ ထို့နောက် သူမ၏ အင်္ကျီထဲတွင် ဟိုဟိုဒီဒီ နိုက်ပြီး ဖုန်းလိုက်ရှာနေမိသည်။ သေချာရှာသော်လည်း မတွေ့။ နောက်ဆုံးကားမီးဖွင့်ပြီး ရှာသော်လည်း ဖုန်းအရိပ်အယောင်မျှပင် မတွေ့ရ။
“ဟာ သွားပြီ။ ငါဖုန်းတောင် မယူလာခဲ့ပါလား။”
ကားပြတင်းကို ကျော်ပြီး အပြင်ဖက်ကို ကြည့်လိုက်တော့ အမှောင်တိ။
မိုးရွာသော ဆောင်းည၊ လူသူမရှိသော တောင်ကုန်းတစ်ခု၌၊ ဖုန်းမပါ၊ ကားဓာတ်ဆီကုန်ခန်းပြီး တစ်ယောက်တည်း ဖြစ်နေသော မိန်းကလေးတယောက်…။
“ဘာလို့ ငါ့ကျမှ ဒီလိုကိစ္စတွေနဲ့ ကြုံနေရသလဲ? ငါဘာလို့ ဒီလောက်တောင် ကံဆိုးနေရသလဲ?” ဟု လော့လင်း သည် ညည်းတွားပြီး စိတ်မကောင်းဖြစ်နေမိသည်။ ထိုအချိန်တွင် လမ်းမနှင့် သိပ်မဝေးသော အိမ်ငယ်လေးတခုမှ အလင်းမှိန်မှိန်လေး ဖျာထွက်လာနေသည်ကို မြင်လိုက်သည်။
လော့လင်း စိတ်နည်းနည်း သက်သာသွားပြီး “မျှော်လင့်ချက်တော့ ရှိသေးတာပဲ။” ဟုဆိုကာ သတိရှိစွာနှင့် အိမ်ငယ်လေးဆီသို့ ချဉ်းကပ်သွားသည်။ ဘဲလ်တီးရန် ရှာသော်လည်း မတွေ့၍ အားတင်းပြီး တံခါးခေါက်မည် အပြု …
“၀င်လာလိုက်” အဘိုးအို တစ်ယောက်၏ အသံ။
“ဟင်.. တံခါးလော့ မချထားဘူးလား။” ဟုတွေးပြီး လော့လင်း သံသယစိတ်ဝင်သွားသည်။
“စိတ်ချရရဲ့လားမသိဘူး… တံခါးဖွင့်ပြီး အထဲကို အရင်ကြည့်လိုက်အုံးမယ်။” ဟု တွေးပြီး တံခါးကို ဖွဖွလေး တွန်းလိုက်ချိန်တွင် တံခါးသည် ‘ကျွိခနဲ’ မြည်ကာပွင့်သွားလေသည်။ အိမ်ထဲတွင် မီးမွှေးထား မီးဖိုကြောင့် နွေးထွေးနေသည်။
အိမ်ထဲသို့ မျက်လုံးဝေ့ပြီး ကြည့်လိုက်ချိန်တွင် ၀တ်ရုံဖြူဝတ်ထားသော အဘိုးအိုတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်သည်။
“၀င်လာလေ ကလေး...”
ထိုစကားသံ ကြားလိုက်သည်နှင့် လော့လင်း တစ်ယောက် အိပ်မွေ့ချခံရသူကဲ့သို့၊ အိမ်ငယ်လေးထဲသို့ ၀င်ရောက်သွားသည်။
“‘ထိုင်” ဟု ဆိုကာ အဘိုးအိုသည် မီးဖိုဘေးရှိ ကုလားထိုင်ကို ညွှန်ပြလိုက်သည်။
သို့သော် လော့လင်းသည် မတ်တပ်ရပ်နေလျက်သာ၊ အဘိုးအိုကို သတိရှိစွာ ကြည့်နေပြီး တစ်ခုခု ဖြစ်ပေါ်လာပါက အချိန်မရွေး ချက်ချင်း ထွက်ပြေးနိုင်အောင် အသင့်ပြင်ထားလိုက်သည်။ အဘိုးအိုသည် မီးဖိုဘေးမှာ ထိုင်လျက် “စားပွဲပေါ်မှာ သမီးအတွက် ပြင်ဆင်ထားတဲ့ ရေနွေးကြမ်း ရှိတယ်။” ဟု လော့လင်း ကို ပြောလိုက်သည်။ လော့လင်း ပါးစပ်မှ “ကျေးဇူးတင်ပါတယ်” ဟု ပြောနေသော်လည်း ရပ်နေရာမှ ခြေတစ်လှမ်းမျှ မလှုပ်။
အဘိုးအိုသည် လော့လင်း၏ အပြုအမူကို ဂရုမပြုဘဲ ပြုံးပြီး မေးလိုက်သည်။
“သမီးက ဘယ်သူလဲ?”
“ဟို.. ကျွန်မကား ဆီကုန်သွားလို့၊ ဖုန်းလည်းပါမလာဘူး၊ အဘိုးဆီကနေ ဖုန်းခဏဌားသုံးချင်လို့ပါ။”
“ဖုန်းက ဌားပေးလို့ရပါတယ်။ ဒါပေမယ့် သမီးက အဘိုးရဲ့ မေးခွန်းကို ပြန်မဖြေရသေးဘူးနော်။” အဘိုးအိုသည် ခေါင်းခါလျက်… “သမီးက ဘယ်သူလဲ?”
“ကျွန်မနာမည် လော့လင်းပါ။”
“လော့လင်းက သမီးရဲ့နာမည် တစ်ခုပဲလေ။ ကိုယ်စားပြုတစ်ခုပါ။” အဘိုးအိုသည် ပြုံးပြီး ဆက်လက်၍ “အဘိုးမေးတာ သမီးက ဘယ်သူလဲ”
“ကျွန်မ…..” လော့လင်း အခက်တွေ့နေပြီ။
“ဒီအဘိုးအိုက ဘာကို သိချင်တာပါလိမ့်။” ဟုတွေးကာ နောက်တစ်မျိုး ပြန်ဖြေလိုက်သည်။
“ကျွန်မက ဂဏန်းတွက်စက် ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ ကျွန်မက သူတို့ရဲ့ ဆော့ဝဲလ် ကုန်ပစ္စည်းကို တာဝန်ယူရတဲ့ အရောင်းမန်နေဂျာပါ။”
“အင်း… ဒါကလည်း သမီး ဘယ်သူလဲဆိုတာကို မဖော်ပြနိုင်ဘူး။” အဘိုးအိုသည် ခေါင်းထပ်ခါလိုက်သည်။ “အလုပ်က သမီးဆိုရင် တကယ်လို့ သမီး အလုပ်ပြောင်းရင်၊ သမီးလည်း ပြောင်းလဲသွားမှာပေါ့။”
ထူးဆန်းသော နေရာတစ်ခုတွင် ထူးဆန်းသော လူတစ်ယောက်နှင့် ထူးဆန်းသော စကားဝိုင်းတစ်ခု ဖွဲ့နေမိသည်။
လော့လင်းသည် အခန်းထဲမှ ထူးဆန်းသော အနေအထား တစ်မျိုးကို ခံစားလိုက်ရသည်။ အဘိုးအိုဆီမှ ထွက်ပေါ်လာသော တည်ငြိမ်အေးချမ်းမှု။ ဤကဲ့သို့သော ထူးဆန်းပြီး တည်ငြိမ်သော ခံစားချက်သည် လူကို စိတ်အေးချမ်း စေပါသည်။
လော့လင်း တစ်ယောက် မတ်တပ်ရပ်ရာမှ ခုံပေါ်သို့ အလိုလို ထိုင်လိုက်မိသည်။
“ငါဘယ်သူလဲ???” ဆိုသော မေးခွန်းကို သူမစိတ်ထဲတွင် ပဲ့တင်သံကဲ့သို့ ထပ်ခါထပ်ခါ ကြားနေရသည်။
ထိုခဏတာ အတွင်းမှာပင် သူမအတိတ်က ဖြစ်ပျက်ခဲ့သော အကြောင်းအမျိုးမျိုးကို ပြန်လည်သတိရမိကာ မျက်ရည်ကျလာသည်။
“ကျွန်မက ကံမကောင်းတဲ့သူ တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အမေနဲ့အဖေ ကွာရှင်းလိုက်ကြတယ်။ အဖေ့ကို နှစ်ခါ သုံးခါလောက်ပဲ မြင်ဖူးတယ်။ အသက် (၁၀) နှစ် လောက်ကတည်းက အဘိုးအဘွားနဲ့ပဲ နေရတယ်။ ပထွေးကလည်း ကျွန်မအပေါ် အေးစက်ပြီး လုံးဝမကောင်းဘူး။ အိမ်နဲ့ဝေးနိုင်ဖို့အတွက် ကျွန်မ စောစော အိမ်ထောင်ပြုလိုက်တယ်။ ဒါပေမယ့် ကိုယ်ဝန်မရနိုင်ဘူး။ ယောက္ခမရဲ့အထင်သေးတာ ခံရပြီး ယောက်မရဲ့ လှောင်ပြောင်တာကို ခံရတယ်။ ကျွန်မယောက်ျားကလည်း ကျွန်မကို နည်းနည်းမှ မစာနာဘူး။ အလုပ်ထဲမှာလည်း အကျင့် မကောင်းတဲ့လူတွေနဲ့ပဲ တွေ့နေတယ်။ သူငယ်ချင်းကောင်းလည်း သိပ်မရှိဘူး…”
လော့လင်းဟာ ၀မ်းနည်းကာ ကိုယ့်ကိုယ်ကိုယ် သနားသော စိတ်တွင် နစ်မျောပြီး သူမတစ်သက်တာ၌ ကြုံတွေ့ခဲ့ရတဲ့ ကံဆိုးမှုများ၊ မမျှတမှုများကို ရင်ဖွင့်နေမိသည်။ တစ်ခါမျှ မကြုံဖူးသော သူစိမ်းတစ်ယောက်ရှေ့တွင် စိတ်ထဲမျိုသိပ်ထားသော ဖိစီးမှုများအားလုံးကို ထိမ်ချန်ခြင်းမရှိဘဲ အကုန် ဖွင့်ဟလိုက်မိ၍ လော့လင်း ကိုယ့်ကိုယ်ကိုယ် အံ့သြမိသည်။ အဘိုးအို၏မျက်ဝန်းမှ သူမကို စာနာစိတ် ထွက်ပေါ်လာသည်။
“ဒါက သမီးရဲ့ ခံယူချက်တစ်ခုပါ။” ဟု အဘိုးသည် ညင်သာစွာပြောရင်း… “သမီး ကိုယ့်ကိုယ်ကို ကြည့်တဲ့ ရှုထောင့်တစ်ခုက သမီးကို ကံမကောင်းတဲ့သူ၊ ကံဆိုးမိုးမှောင်ကျတဲ့သူ၊ မတရားမှုနဲ့ တစ်ခြားသူတွေရဲ့ လုပ်ရပ်ကို ခံရတဲ့ တရားခံ စသဖြင့် မြင်စေတယ်။”
“သမီးရဲ့ပုံပြင်ဟာ လူတွေကို သနားစာနာစေတယ်။ ဒါပေမယ့် ဒါကလည်း သမီးရဲ့ကိုယ် အစစ်အမှန် မဟုတ်သေးဘူး။”
အဘိုးအို၏ စကားသည် လော့လင်းကို စဉ်းစားစရာ ဖြစ်သွားစေသည်။
“အဘိုး ဒီလိုပြောနေတယ်ဆိုရင် ဒီမေးခွန်းကို နောက်ရှုထောင့်တစ်ခုကနေ ကြည့်ရမယ်။ ဘယ်လိုရှုထောင့်ကနေ ကြည့်ရမှာပါလိမ့်။” လော့လင်းရုတ်တရက် သတိရသွားသည်။
“ကျွန်မဟာ ဉာဏ်ကောင်းတယ်။ ပညာတတ်တစ်ယောက် ဖြစ်တယ်။ ရုပ်လည်းလှတယ်။ ကြိုက်တဲ့သူလည်း များတယ်။ ကျွန်မက ထိုင်ဝမ် တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့သူ၊ အခုမှ အသက် (၃၀) ၀န်းကျင်ပဲရှိသေးပေမဲ့ လစာကတော့ သိန်းချီရနေပြီ၊ ကျွန်မ အမျိုးသားကလည်း….” အမျိုးသားအကြောင်း ပြောမိသောအချိန်တွင် ၀မ်းနည်းပြီး ဆက်မပြောနိုင်ဘဲ ရပ်သွားသည်။
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ သမီးက အရမ်းတော်တယ်ဆိုတာ အဘိုးသိပါတယ်။” အဘိုးအိုသည် နားလည်စွာဖြင့် ခေါင်းညိတ်နေသည်။
“ဒါပေမယ့် ဒါကလည်း သမီးရဲ့နောက်ခံယူချက်တစ်ခုပဲလေ။ တကယ့် သမီးကိုယ်အစစ်မှ မဟုတ်တာ။”
လော့လင်းသည် ခေါင်းငုံ့ပြီး ပြန်တွေးနေမိသည်။ “အဘိုးက ဘယ်လို အဖြေမျိုးကို လိုချင်နေတာလဲ?” လော့လင်း၏ အမြဲ အနိုင်ယူလိုသောစိတ်သည် ယခုချိန်တွင် စိန်ခေါ်ခံနေရသည်။
“အဘိုးက သာမာန်ရိုးရိုး လောကီနဲ့သက်ဆိုင်တဲ့ အဖြေကို ရှာနေတာ မဟုတ်ဘူးဆိုရင် သိပ္ပံနဲ့ လောကုတ္တရာနည်း သုံးပြီး ဖြေကြည့်လိုက်မယ်” ဟု တွေးမိပြီး “ကျွန်မတို့ဟာ ကိုယ်၊ စိတ်၊ ၀ိညာဉ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်”
ဖြေပြီးတာနဲ့ သူမဟာ အားရစွာ အဘိုးအိုကို ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် “ဒီတစ်ခါတော့ ဖြေတာ မှန်သွားပြီပေါ့။” ဟုဆိုသော ၀မ်းသာမှုနှင့်…
“ဒါလည်း အကုန်မမှန်သေးဘူး။” အဘိုးအိုသည် ပြုံးပြီး ပြန်ဖြေလိုက်သည်။
“သမီးက သမီးရဲ့ခန္ဓာကိုယ်လား?”
“အင်းပေါ့။ ဘာလို့ မဟုတ်ရမှာလဲ?” လော့လင်းသည် ကျောင်းတုန်းက တန်ပြန်မေးခွန်း ပြန်မေးနည်းကို သုံးပြီး အဘိုးကို ပြန်မေးလိုက်သည်။
“သမီးရဲ့ ခန္ဓာကိုယ်က ငယ်တုန်းကနေ ခုချိန်ထိ ပြောင်းလဲမနေဘူးလား?”
“အင်းလေ။ ဒါက ပြောစရာ မလိုပါဘူး။ ငါငယ်ငယ်တုန်းက ၀တုတ်လေး။ အလယ်တန်းကစပြီး ပိန်သွားတာ အသက် (၃၀) နောက်ပိုင်းကျမှ အဆီအခေါက်တွေ ပြန်ထွက်လာတယ်။ အင်း လူ့ဘ၀က မတည်မြဲပါလား။ ပြီးတော့ လူတွေရဲ့ ဆဲလ်တွေဟာ (၇)နှစ် တစ်ခေါက်လောက် ပြောင်းလဲနေတတ်တယ်ဆိုတာကို ဆေးစာစောင်မှာ ဖတ်ဖူးတယ်။ ဒီလိုကျတော့လည်း ငါ့မှာ ခန္ဓာကိုယ် တစ်ခု ‘ရှိ’ နေတယ်ဆိုပေမယ့် ဒါက ငါ့ခန္ဓာကိုယ်ပဲ ဖြစ် တယ်လို့ ပြောလို့မရပါလား…” လော့လင်း တစ်ယောက်တည်း အတွေးနယ်ချဲ့ နေမိသည်။
“ပြီးတော့ သမီးပြောတဲ့ ‘စိတ်’ ဆိုတာကရော?” အဘိုး၏ မေးခွန်းသည် လော့လင်းကို အတွေးမှ လန့်နိုးလာစေသည်။
“ဒါက ကျွန်မတို့ရဲ့ ဦးနှောက်လေ။ ကျွန်မတို့ရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ စိတ်ခံစားမှု… အဲ့ဒါတွေ အပါအ၀င်ပေါ့။” လော့လင်းသည် မသေချာ မရေရာနှင့် ပြန်ပြောလိုက်သည်။
“အင်း.. ဒါကို ရှုထောင့် နောက်တစ်ခုကနေ ပြန်ကြည့်ရအောင်။ သမီးက သမီးရဲ့ အတွေးအခေါ်ကို မြင်နိုင်လား? သမီးရဲ့ စိတ်လှုပ်ရှားမှု၊ စိတ်နေသဘောထား.. စတာတွေကို ခံစားမိရဲ့လား?” အဘိုးသည် နက်နဲသော မေးခွန်းကို ထပ်မေးလိုက်သည်။
“ဒါက ဘာကို ဆိုလိုချင်တာလဲ?” လော့လင်း မရှင်းဘဲ ပြန်မေးလိုက်သည်။
“အင်း သမီးရဲ့အဖြေ မှန်လား မှားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လို့ရတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အဘိုး ပြောမယ်။ အခု သမီးရဲ့ မျက်စိကို မှိတ်လိုက်ပါ။” အဘိုး၏စကားသည် နူးညံ့ပြီး စွမ်းအားပြင်း၍ လော့လင်းသည် ခိုင်းသည့်အတိုင်း လိုက်လုပ်နေမိသည်။
ထို့နောက် အဘိုးအိုသည် “ဘာမှမစဉ်းစားဘဲ သမီးရဲ့ ဦးနှောက်ကို မိနစ် အနည်းငယ် ရပ်တန့်ခိုင်းလိုက်” ဟုပြောပြီးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အချိန်အရမ်းကြာသွားသည့်အလား… အဘိုးအိုမှ “ကောင်းပြီ။ မျက်လုံးကို ပြန်ဖွင့်လိုက်တော့” ဟု ဆိုမှသာ လော့လင်းသည် မျက်မှောင်ကြုံ့ပြီး မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ “ဘယ်လိုလဲ” အဘိုးသည် သိရက်နှင့် မေးလိုက်သည်။
“ဦးနှောက်ကို ဘာမှမစဉ်းစားဖို့ ရပ်လို့မှ မရတာ” ဟု လော့လင်း စောဒက တက်လိုက်သည်။
“ဟုတ်ပါတယ်” အဘိုးသည် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုသမီးက ဘာတွေ စဉ်းစားနေတာလဲ?”
လော့လင်း မျက်နှာနီသွားသည်။ လော့လင်း စဉ်းစားနေသည်မှာ အဘိုးအိုသည် ဘာသာရေးဂိုဏ်းတစ်ခုခု သို့မဟုတ် ထူးဆန်းသောလူတစ်ယောက် ဖြစ်နေပြီး သူမကို ထူးဆန်းသော အလုပ်များ ခိုင်းနေပြီး သူမလည်း အူကြောင်ကြောင်နှင့် လိုက်လုပ်နေသည် ကို တွေးနေခြင်း ဖြစ်သောကြောင့် ပြောပြရန် ခက်နေသည်။
“သမီး… ကိုယ့်အတွေးကို မြင်လိုက်လား?” အဘိုးသည် နားလည်စွာနှင့် မေးခွန်း နောက်တစ်ခု ပြောင်းလိုက်သည်။
“ဟုတ်.. မြင်လိုက်ပါတယ်။” လော့လင်း ၀န်ခံလိုက်သည်။
“ဒါဆို သမီးရဲ့ ခံစားချက်က ဘယ်လိုလဲ?”
“နည်းနည်း ထူးဆန်းတယ်။ ပြီးတော့ မလုံခြုံဘူး။” လော့လင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ သမီးက သမီးရဲ့ ခံစားချက်ကို ခံစားလို့ရတယ်။” အဘိုးအိုသည် ခေါင်းညိတ်လိုက်ပြီး အဓိပ္ပာယ်ပါပါနှင့် လော့လင်းကို ကြည့်လိုက်သည်။
“အင်း.. ကျွန်မက ကျွန်မရဲ့ အတွေးအခေါ်ကို ခံစားလို့ရတယ်။ ကျွန်မရဲ့ စိတ်ခံစားမှုကိုလည်း ခံစားလို့ရတယ်။ ဒါကြောင့် သူတို့တွေဟာ ကျွန်မရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ။” လော့လင်းသည် ပြောနေရင်း မိမိ ပြောတာ မှန်သည်ဟု တွေးနေသည်။
“ဒါဆို သမီးဆိုလိုတာက ‘ပင်မကိုယ်’ နဲ့ ‘ပြင်ပကိုယ်’ ဆိုပြီး ရှိတယ် ဆိုပါတော့။” အဘိုးအိုသည် ကတ်သီးကတ်သတ် မေးလိုက်သည်။
မိမိသည် ရှေ့နောက် စကားမညီဘဲ Logic အတွေးအခေါ် ပိုင်းတွင် အမှား ပြုလုပ်မိသွားသည်ကို လော့လင်း သတိပြုလိုက်မိသည်။ အကယ်၍ ပင်မကိုယ် ဖြစ်သော ‘ငါ’ သည် ပြင်ပကိုယ်၏ အတွေးအခေါ်၊ စိတ်ခံစားမှု စသည်တို့ကို ခံစားမိသည်ဟု ဆိုပါက သူတို့နှစ်ခုသည် တစ်သားတည်းကျနေသည်ဟု ဆိုလို၍ မရနိုင်ပါ။ နေရခက်လာသဖြင့် လော့လင်းသည် စကားလမ်းကြောင်းလွဲလိုက်ပြီး “တကယ်တော့.. ကျွန်မက ဖုန်းခဏလောက် ဌားသုံးချင်တာပါ။”
အဘိုးအိုသည် လော့လင်း၏ စကားကို မမှုဘဲ ဆက်၍ “ဒါကြောင့် ‘ငါဘယ်သူလဲ’ ဆိုတဲ့ ဒီမေးခွန်းက ပြန်ဖြေဖို့ ခက်ခဲတဲ့ မေးခွန်းတစ်ခုပဲ။ ခုချိန်ထိ ရရှိတဲ့ အဖြေတွေဟာ မသေချာ မရေရာတဲ့ အဖြေတွေပါ။”
လော့လင်းသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး “ဟို… ဒါဆို ၀ိညာဉ်ကော? ကျွန်မတို့တွေဟာ ၀ိညာဉ်တွေပေါ့။” သူမသည် ထီပေါက်သွားသကဲ့သို့ ဒီတစ်ခေါက်တွင် မှန်ပြီဟု တွက်လိုက်သည်။
သို့သော် အဘိုးအိုသည် သူမကို တချက်သာ ပြုံးပြလိုက်ပြီး …“၀ိညာဉ်ဆိုတာ ပိုပြီး နီးစပ်တဲ့ အဖြေတစ်ခုပါ။ ဒါပေမယ့် ဒီအသုံးအနှုန်းကို ဘာသာရေး တော်တော်များများမှာ အသုံးပြုနေတယ်။ ရောင်စုံမျိုးစုံ ဆိုးခံထားရပါပြီ။ အဘိုးတို့တွေရဲ့ ကိုယ်အစစ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးလို့ မရတော့ဘူး။”
“သမီး…” အဘိုးဆက်၍ပြောနေသည်။ “အဘိုးတို့တွေဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ အရာကို စကားလုံးနဲ့ ဖော်ပြနေတာပါ။”
“ဒါဆို အဖြေမှန်ကဘာလဲ?”
“နောက်ပိုင်းကျရင် သမီးကို တဖြည်းဖြည်း ရှင်းပြသွားမှာပါ။” ပြောရင်း.. အဘိုးသည် လက်ညှိုး ‘မ’လိုက်ပြီး “ဒီလက်ညှိုးကို မြင်လား?” ဟုမေးလိုက်သည်။
“မမြင်ဘဲ နေမလား..” ဟု လော့လင်းသည် စိတ်ထဲ ရေရွတ်ရင်း ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ လဟာ အဘိုးတို့ရဲ့ ကိုယ်အစစ်ဖြစ်ပြီး သူဟာ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ အရာတစ်ခု ဆိုပါစို့။ ဒါဆို အဘိုးတို့ လကို ဖော်ပြဖို့ သုံးနေတဲ့ စကားလုံးတွေဟာ အခု လကို ညွှန်းနေတဲ့ ဒီလက်ညှိုးလိုပါပဲ။ တကယ့်လ မဟုတ်ဘူး။”
လော့လင်းသည် ပြန်ပြောရန် စကားလုံး ရှာမရ။
“ဥပမာပြောရရင် ရေခဲမုန့် တစ်ခါမှ မစားဖူးတဲ့လူတစ်ယောက်ကို ရေခဲမုန့်အကြောင်း ဘယ်လောက်ပဲ ရှင်းပြနေ သူက နားလည်နိုင်မှာ မဟုတ်ဘူး။ မှန်လား?” ဟု အဘိုးအိုသည် စိတ်ရှည်စွာ ရှင်းပြနေသည်။ “တကယ်လို့ သူသာ ရေခဲမုန့်ကို တစ်ခါလောက် မြည်းလိုက်ပြီဆိုရင် စကားလုံးအားလုံးဟာ အပိုတွေ ဖြစ်သွားပါလိမ့်မယ်။”
လော့လင်း ပင်ပန်းနေပါပြီ။ အဘိုးအိုသည် သူမကို အဘယ်ကြောင့် ခက်ခဲနက်နဲပြီး ပျင်းရိဖွယ်ကောင်းသော အကြောင်းများ ပြောပြနေလဲ ဆိုသည်ကို နားမလည်ပါ။ သူမသည် အိမ်ထဲရှိပစ္စည်းများကို အကဲခတ်ကြည့်လိုက်သည်။ ဟင်… အဘိုးအို၏ အိမ်ထဲတွင် ဖုန်း အရိပ်အယောင်တစ်ခုမျှပင် မတွေ့ရပါ။
“အဘိုးက သမီးကို ဒါတွေပြောပြနေတယ်ဆိုတာ ကိစ္စတစ်ချို့ရဲ့ အမှန်တရားကို သမီးသိနိုင်အောင် ကူညီချင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအားလုံးရဲ့ ဆင်းရဲဒုက္ခတွေဟာ သူတို့ကိုယ်သူတို့ သေချာမသိတဲ့ အကြောင်းရင်းကြောင့် ဖြစ်နေရတာ။ ဒါကြောင့် လူတွေဟာ သူတို့ကို ကိုယ်စားမပြုနိုင်တဲ့အရာတွေနောက်ကို မိုက်မဲစွာ လိုက်နေကြတယ်။”
“သမီးကိုယ်တိုင်ကလည်း အကောင်းဆုံး သာဓက တစ်ခုပဲ မဟုတ်လား။” ဟု အဘိုးအိုသည် တခြားသူ၏ စိတ်ကို ဖတ်နိုင်သောသူအလား လော့လင်း၏ စိတ်ဆင်းရဲ ပင်ပန်းမှုကို သိနေသည်။
ပြောရင်း.. အဘိုးအိုသည် အံဆွဲတစ်ခုထဲမှ ရှေးဟောင်းဖုန်းတစ်လုံးကို ထုတ်လိုက်ပြီး… “သုံးပါ။” ဟု ပြောလိုက်သည်။
ရန်ဖြစ်ပြီးနောက်ရက်များသည် စစ်အေးကာလကဲ့သို့ပင် လော့လင်းသည် (၂) ရက် (၃) ရက် ဆက်တိုက် သူမ၏ အမျိုးသား ကျင့်မင် ကို ဂရုမစိုက်၊ သူ့ကို မရှိသကဲ့သို့ပင် ဆက်ဆံလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင် ခါတိုင်းနှင့် မတူဘဲ နောက်တစ်ရက်မှာပင် လော့လင်း တစ်ယောက် လန်းဆန်းနေသည်။
လော့လင်၏ ခါတိုင်းနှင့် မတူသော အပြုအမူကြောင့် သူမ တစ်ခုခု မှားနေသည်ဟု ကျင့်မင် ထင်လိုက်သည်။ လော့လင်းသည် ဤရက်ပိုင်း စိတ်နှင့် လူ မကပ်သကဲ့သို့၊ တစ်ခါတစ်လေတွင် တစ်ခုခုကို စဉ်းစားနေသကဲ့သို့ပင်။ နှစ်ယောက်အကြား နဂိုကပင် ပြောစရာစကား သိပ်မရှိသောသူများဖြစ်နေ၍ ယခုတွင် အခြေအနေ ပိုဆိုးသွားသည်။
လော့လင်းနှင့် ကျင့်မင်တို့၏ ချစ်ဇာတ်လမ်းသည် အများအားကျစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါသည်။ နှစ်ယောက်သား တက္ကသိုလ်၌ တွေ့ဆုံခဲ့သည်။ လော့လင်းသည် စာတော်ပြီး ချောမောလှပသည်။ ကျင့်မင်သည်လည်း အရပ်မြင့်သော ခန့်ချောတစ်ယောက်ဖြစ်သည်။
ဘွဲ့ရပြီးနောက်ပိုင်း နှစ်ယောက်လုံးသည် အမေရိကန်နိုင်ငံမှ ပညာတော်သင်ဆုရရှိခဲ့သဖြင့် မင်္ဂလာဆောင်ပြီး အတူတကွ ပညာတော်သင်သွားခဲ့သည်။ လော့လင်းသည် MBA ကို ရွေးချယ်ခဲ့ပြီး ကျင့်မင်သည် လျှပ်စစ်ဆိုင်ရာ မဟာဘွဲ့ကို သင်ယူခဲ့သည်။
အမေရိကန်မှ ပြန်လာပြီးနောက် လော့လင်းသည် ကုမ္ပဏီတစ်ခုသို့ အလုပ်ဝင်ခဲ့ပြီး ကျင့်မင်သည် တက္ကသိုလ်တွင် ပါမောက္ခ ၀င်လုပ်ခဲ့သည်။ နှစ်ယောက်လုံး၏ အချစ်ရေးသည် သမီးရည်းစားဘ၀မှ လက်ထပ် မင်္ဂလာဆောင်ပြီးသည်အထိ ပျော်ရွှင် ဖွယ်ကောင်းနေခဲ့သည်။ သို့သော်… ပြဿနာတစ်ခု ရှိလာသည်။
လော့လင်းသည် မင်္ဂလာဆောင်ပြီး ကြာသော်လည်း ကိုယ်ဝန်မရနိုင်ခဲ့ပါ။ အချိန်ကြာလာသောအခါတွင် ကျင့်မင်၏ မိသားစုမှ လက်မခံနိုင်ဖြစ်လာသည်။ လက်ထပ်ပြီး ဆယ်နှစ်ကျော်ကြာပြီးနောက် နှစ်ယောက်သား၏ အချစ်သည်လည်း အေးစက်လာသည်။
အစတွင် နှစ်ယောက်သား ပြောစရာ စကားများ ရှိကြသည်။ နောက်ပိုင်းတွင် တစ်ယောက်ပြောသော်လည်း တစ်ယောက် ပြန်ပြောလေ့မရှိ။ နောက်ဆုံးတွင် နှစ်ယောက်လုံး ပြောစရာ စကားမရှိတော့ပေ။
လော့လင်းသည် အကောင်းဖက် တွေးလေ့မရှိ။ ကိစ္စတော်တော်များများကို အဆိုးမြင်လေ့ရှိသည်။ ကျင့်မင်သည် မိမိအကြောင်းနှင့် ပတ်သက်၍ တိုင်ပင်မည်ဟု ပြုတိုင်း လော့လင်း၏ ညည်းတွားမှုများနှင့်သာ ကြုံရတတ်သည်။
လော့လင်း၏ အလုပ်နှင့် ပတ်သက်ပြီး မေးပြန်ရင်လည်း ကုမ္ပဏီကိစ္စသော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် အကြောင်းသော်လည်းကောင်း လော့လင်း ပြောလိုက်လျှင် တစ်ခုမျှ ကောင်းတာမရှိ။
အချိန်ကြာလာသောအခါတွင် ကျင့်မင်သည် လော့လင်းနှင့် စကားမပြောချင်တော့ပေ။ နှစ်ယောက်သား၏ အချစ်ရေးသည်လည်း အေးစက်လာသည်။
ထိုနေ့ရန်ဖြစ်ရသောရက်တွင် ကျင့်မင် အချိန်ပိုဆင်းပြီး နောက်ကျမှ အိမ်ပြန်လာသည်။ နှစ်ယောက်လုံး ပင်ပန်းနေကြသည်။ အိမ်ရောက်သော်လည်း အိမ်သည် တိတ်ဆိတ်ပြီး အေးစက်နေသည်။ အကယ်၍ အိမ်တွင် ကလေး (သို့) အိမ်မွေးတိရိစ္ဆာန်လေးများရှိပါက အနည်းငယ် နွေးထွေးပါလိမ့်မည်။
ကျင့်မင် ဗိုက်ဆာဆာနှင့် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ဘာမှမရှိသော ရေခဲသေတ္တာကို တွေ့လိုက်ရချိန်တွင် ဒေါသထွက်သွားသည်။ ထိုမှစ၍ နှစ်ယောက်သား စကားများ ရန်ဖြစ်လာသည်။ နောက်ဆုံး ကျင့်မင်၏ စကားတစ်ခွန်းဖြစ်သော “ကလေးမမွေးနိုင်ရင်လည်း ထမင်းချက်နိုင်ရမှာပေါ့!!!” စကားသည် လော့လင်း၏ အနာပေါ် တုတ်ကျသကဲ့သို့ ဖြစ်သွားပြီး သူမ အိမ်မှ ထွက်သွားခဲ့သည်။
ထိုညနောက်ပိုင်းတွင် လော့လင်း သည် ခါတိုင်းနှင့် မတူဘဲ တစ်ခုခုကို လေးလေးနက်နက် တွေးနေသကဲ့သို့ပင်။
သူမသည် အရင်တွင် တစ်ခါမျှ မစဉ်းစားဖူးသော မေးခွန်းကို စတင်စဉ်းစားနေသည်။ “ကျွန်မတို့က ဘယ်သူတွေလဲ?” ကျောင်း၊ သုတေသန စသည်တို့တွင်လည်း မသင်ခဲ့ရဖူးပါ။ ငယ်ငယ်မှ ကြီးလာသည့်ခုချိန်ထိ ဤအကြောင်းပြောသော လူများကိုလည်း မမြင်ဖူးပါ။
ထိုည အဘိုးအိုအိမ်မှ ထွက်လာချိန်တွင် အဘိုးသည် လော့လင်းအား စဉ်းစားရန် အိမ်စာတစ်ခုပေးလိုက်သည်။
“လူတွေက ဘာအတွက် ကြိုးစားနေကြတာလဲ? ဘယ်အရာက ကမ္ဘာပေါ်ရှိ လူတွေအားလုံး လိုချင်နေကြတာလဲ?”
“မန်နေဂျာလီ ခင်ဗျားရဲ့ အရောင်းဘက်ကနေကြည့်ရင် ကျွန်တော်တို့ရဲ့ ဒီကုန်ပစ္စည်းကို အဆင့်မြှင့်တင် ပေးပြီးတဲ့နောက်ပိုင်း ရောင်းနိုင်ချေရှိလား?” အရောင်းဌာန၏ ဒါရိုက်တာသည် လော့လင်း၏ အတွေးကို ဖျက်လိုက်သည်။
“အင်း… ကျွန်မရဲ့အမြင်အရဆိုရင်…” လော့လင်းသည် အစည်းအဝေး၏ အခြေအနေကို အကဲခတ်ပြီး အကောင်းဆုံး ပြန်လည် ချေပလိုက်သည်။
အခြားလူများပြောနေချိန်တွင် လော့လင်းသည် “လူတွေက ဘာကို လိုချင်နေကြတာလဲ?” ဆိုသော မေးခွန်းကို ပြန်တွေးနေမိသည်။
လော့လင်း၏ အကြည့်သည် သူမ၏သူဌေး အရောင်းဒါရိုက်တာ ၀မ်လီ့ ဆီသို့ ရောက်သွားသည်။ သူဌေးဝမ်လီ့ သည် အသက်လေးဆယ်ဝန်းကျင်သာ ရှိနေသေးသော်လည်း ကုမ္ပဏီကြီးတစ်ခု ပိုင်ဆိုင်နေပါပြီ။ သူဌေးသည် ပိုက်ဆံတော်တော် ချမ်းသာနေမည် ဟု လော့လင်းတွေးလိုက်သည်။ သို့သော်လည်း ကြိုးစားလိုစိတ်၊ အောင်မြင်လိုစိတ်သည် အလွန်ပျင်းပျနေတုန်း ဖြစ်သည်။ ပိုမိုကြီးမားသော အာဏာကို လိုချင်၍ ဖြစ်ရမည်။
ထို့နောက် ဒါရိုက်တာ လီဒါ ကို ကြည့်လိုက်သည်။ လီဒါ သည် လွန်ခဲ့သော (၂) နှစ်တွင် အသည်းရောဂါကြောင့် ရုံးမလာနိုင်ခဲ့ပါ။ ထိုအချိန်မှစ၍ ဆေးလိပ်၊ အရက်၊ မိန်းမ ကိစ္စများကို ဖြတ်ခဲ့သည်။ ကျန်းမာရေးကို ရွှေကဲ့သို့ တန်ဖိုးထားနေသည်။
“ဟုတ်သားပဲ… လူတွေလိုအပ်နေတဲ့ထဲမှာ ကျန်းမာရေးလဲ ပါတာပဲ။” ဟု လော့လင်း တွေးလိုက်သည်။
ထို့အပြင် လူတိုင်းသည် အချစ်နှင့် ပျော်ရွှင်မှုများကိုလည်း ရှာဖွေနေကြပါသည်။
လော့လင်းသည် အချိန်တိုအတွင်း အဘိုးအိုပေးထားသော အိမ်စာကို ပြီးစီးသွားသဖြင့် ၀မ်းသာနေသည်။
“ဟုတ်တာပေါ့.. လူတိုင်းဟာ စည်းစိမ်ချမ်းသာမှု၊ အာဏာ၊ ကျန်းမာမှု၊ အချစ်နဲ့ ပျော်ရွှင်မှု၊ စတာတွေကိုပဲ ရှာဖွေနေကြတာ မဟုတ်လား?” လော့လင်းသည် ၀မ်းသာပြီး ပြုံးလိုက်သည်။
“မန်နေဂျာလီ… ဒီလောက်ပျော်နေတာကို ထောက်ရင် မနေ့ညက အမျိုးသားနဲ့ တော်တော်ပျော်ခဲ့တဲ့ပုံပဲနော်။” အခြားဌာနတစ်ခုမှ အရောင်းမန်နေဂျာဟွမ်သည် လော့လင်းကို ပြုံးစိစိနှင့် မေးလိုက်သည်။
“ဟင်… အစည်းအဝေးတောင် ပြီးသွားပြီလား? ကျွန်မ ကိစ္စရှိသေးလို့ သွားလိုက်အုံးမယ်နော်။” ဟု ဆိုကာ မိန်းမပွေရှုပ်သော မန်နေဂျာဟွမ်နှင့် စကားမပြောလို၍ လှည့်ထွက်လာလိုက်သည်။
ရုံးခန်းထဲရောက်မှ မန်နေဂျာဟွမ်အကြောင်းကို စဉ်းစားမိသည်။ “သူ့လိုလူကကော ဘာလိုချင်တာလဲ? မိန်းမတွေလား? အချစ်လည်း လိုချင်မှာပဲ။” မန်နေဂျာဟွမ်သည် အလုပ်ချိန် အပြင်ထွက်ရသော အချိန်များတွင်ပင် ၀န်ထမ်းများကို ဟိုတယ်အောက်၌ စောင့်ခိုင်းပြီး ကောင်မလေးများနှင့် အခန်းထဲတွင် သွားပျော်တတ်သော လူမျိုးဖြစ်သည်။ “ဒါဆို လိင်ဆက်ဆံတာလည်း ပျော်ရွှင်မှုထဲမှာ ပါနေလား?”
ပါလိမ့်မည်ဟု လော့လင်းတွေးလိုက်သည်။ မန်နေဂျာဟွမ် ကဲ့သို့သောလူစားမျိုးသည် မည်ကဲ့သို့သော ပျော်ရွှင်မှုကို ရှာဖွေတတ်သနည်း? လိင်ဆက်ဆံသောအချိန်တွင် ရရှိသော မိနစ်ပိုင်း ပျော်ရွှင်မှုများလား? ငယ်ငယ်တုန်းတွင် Disney ကစားကွင်း၌ ခဏတာလေး ၀င်ကစားနိုင်ဖို့ နေ့တ၀က်လောက် စောင့်ဆိုင်းခဲ့ရသကဲ့သို့ပဲလား? ဒီလို ယောက်ျားများအတွက် ဒီထက် ပိုမိုနက်နဲသော အကြောင်း ရှိလျှင်ရှိနိုင်ပါသည်။
မည်ကဲ့သို့ပင်ဖြစ်စေ… ပျော်ရွှင်မှုသည် လူတိုင်း ရှာဖွေနေသော အရာဖြစ်ပါသည်။ သို့သော် တကယ့် ပျော်ရွှင်သောသူသည် ဘာကြောင့် နည်းပါးနေရသနည်း။ လော့လင်း စဉ်းစား၍ မရပါ။ နောက်တစ်ခေါက် အဘိုးနှင့် တွေ့လျှင် မေးကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက်ပိုင်း လော့လင်းသည် သူမ ရှာဖွေတွေ့ရှိထားသော အဖြေများကို ယူပြီး အဘိုးအိုဆီသို့ နောက်တစ်ခေါက် ရောက်ရှိလာသည်။
တံခါးခေါက်လိုက်သည့်အချိန်တွင် အရင်အခေါက်ကဲ့သို့ပင် “၀င်လာလိုက်..” ဆိုသော အသံထွက်လာပြီး တံခါးပွင့်သွားသည်။
လော့လင်း အခန်းထဲဝင်သွားလိုက်သည်။ ကနေ့တွင် အဘိုးအို၏ အိမ်အနေအထားကို သေချာအကဲခတ် ကြည့်လိုက်သည်။
အဘိုးအို၏ နေအိမ်သည် အလွန်ရိုးရှင်းလှပေသည်။ ရှေးဟောင်း ပရိဘောဂအနည်းငယ်နှင့် နိုင်ငံခြားစတိုင် နံရံကပ်မီးဖို ကလွဲ၍ အခြား ထွေထွေထူးထူး မရှိပါ။ “ဒီတစ်ပတ်အတွင်း ဘယ်လိုလဲ?” ဟု လော့လင်း ထိုင်လိုက်သည်နှင့် အဘိုးအိုမေးလိုက်သည်။
“ကောင်းပါတယ်..” ဟုသာ လော့လင်းသည် သတိရှိစွာနှင့် ပြန်ဖြေလိုက်သည်။
ထို့နောက် နှစ်ယောက်သား ပြန်လည် တိတ်ဆိတ်သွားသည်။ မီးဖိုထဲမှ ထင်းလောင်မြိက်နေသော အသံမှ လွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ လော့လင်းဘယ်လိုစပြီး ပြောရမှန်းမသိ… “ဟိုတစ်ခေါက်က အဘိုး ကျွန်မကို မေးလိုက်တဲ့မေးခွန်း….”
“သြော်.. အဖြေရလာပြီပေါ့?”
“ဟုတ်..ကျွန်မအထင်တော့ လူတိုင်းက စည်းစိမ်ချမ်းသာမှု၊ အာဏာ၊ ကျန်းမာရေး၊ အချစ်နဲ့ ပျော်ရွှင်မှုတွေကို လိုချင်ကြတယ်။” ပြောနေရင်း လော့လင်းသည် အဘိုး၏ မျက်နှာကို အကဲခတ်လိုက်သည်။
“အင်း…” အဘိုးခေါင်းညိတ်လိုက်သည်။ “ဒါဆို သမီးရော? ဒါတွေကို လိုချင်တာပဲလား?”
“အင်းပေါ့… ကျွန်မလည်း ပိုက်ဆံပိုလိုချင်တာပဲ။” ပိုက်ဆံမရှိလျှင် လော့လင်းအတွက် လုံခြုံမှု မရှိသလို ခံစားရသည်။
“စည်းစိမ်ချမ်းသာပြီးတဲ့နောက်ပိုင်းကော?” အဘိုးမေးလိုက်သည်။
“ပိုပျော်မှာပေါ့။ အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး။” ဒီတစ်သက် ဖြုန်းလို့မကုန်သော ပိုက်ဆံသာ ရှိရင် မည်ကဲ့သို့ ဖြစ်မည်ကို လော့လင်း တွေးတောင် မတွေးတတ်တော့ပေ။ မိမိကြိုက်သောဆိုင်ရှိ ကြိုက်တာကို ၀ယ်ယူနိုင်သည်။ ပစ္စည်းဈေးနှုန်းကြည့်ရန်မလိုတော့သည့်ဘ၀သည် အရမ်းကောင်းလိမ့်မည်။
“အာဏာကော?” အဘိုးသည် လော့လင်း၏ အလည်လွန်နေသော စိတ်ကူးကို ဖျက်လိုက်သည်။
“အင်း… ကျွန်မကတော့ အာဏာကို အဲ့လောက် မလိုချင်သေးဘူး။ တခြား အခြေခံလိုအပ်ချက်တွေတောင် မပြည့်မီသေးတဲ့အတွက်။”
“တကယ်လို့ သမီးမှာ အာဏာရှိရင် ဘယ်လိုခံစားရမှာလဲ?”
“ကျွန်မအရမ်းပျော်မှာပေါ့။” မိမိဝင်လာချိန်တွင် ၀န်ထမ်းအားလုံး မိမိကို လေးစားသောပုံကို မြင်ယောင်မိပြီး လော့လင်း ပျော်နေသည်။
“ကျန်းမာရေးကောင်းရင်ကော ဘယ်လိုနေမှာလဲ?”
လော့လင်းသည် နှာစေးချောင်းဆိုးကလွဲ၍ အပြင်းအထန် မဖျားဖူးပါ။ ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်ညစ်စရာ ထွေထွေထူးထူး မကြုံခဲ့ဖူးပါ။ သို့သော် ရောဂါမှ ပြန်လည် ကျန်းမာလာသူများ၏ ပျော်ရွှင်မှုကို သူမ မှန်းကြည့်၍ ရသည်။
“ကျန်းမာရင် ပျော်တယ်။ အရမ်းကောင်းတာပေါ့။”
“ကောင်းပြီ။” အဘိုး၏ မေးခွန်းများသည် ပြီးဆုံးသွားသည်။
“ဒါကြောင့် တိုတိုပြောရရင် လူတွေအားလုံးလိုအပ်နေတာကို စကားလုံး သုံးလုံးနဲ့ ဖော်ပြလို့ရတယ်။”
“သုံးလုံးတည်း?!” လော့လင်းစိတ်နည်းနည်းပျက်သွားသည်။ သူမသည် မိမိစဉ်းစားထားသည်ထက် ပိုများမည်ဟု တွေးထားသည်။ အခုသည် ပိုနည်းနေသည်။ အဘိုးသည် မြေဖြူတစ်ချောင်းယူပြီး ဘိလပ်မြေကြမ်းခင်းပေါ်တွင် စာရေးလိုက်သည်…
ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှု
လော့လင်းနားမလည်နိုင်စွာနှင့် အဘိုးအို ရှင်းပြမည်ကို စောင့်ဆိုင်းနေသည်။
“ခုနက သမီးပြောသွားတဲ့ လူတွေလိုချင်တဲ့အရာတွေ ဥပမာ-အာဏာ၊ စည်းစိမ်ဥစ္စာ၊ ကျန်းမာရေး စတာတွေဟာ နောက်ဆုံး ၀မ်းမြောက်မှုနဲ့ ရင်ထဲက ငြိမ်းချမ်းမှုတွေ အတွက်ပဲ မဟုတ်လား?” အဘိုးသည် လော့လင်း၏ အမြင်ကို မေးမြန်းလိုက်သည်။
“အင်း… ဒီလိုပြောလို့တော့ ရပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုနဲ့ ၀မ်းမြောက်မှုဟာ ဘယ်လိုကွာခြားတာလဲ?” လော့လင်း နားမလည်နိုင်။
“ပျော်ရွှင်မှုဆိုတာ ပြင်ပကအရာတွေကြောင့် ဖြစ်လာတာ။ သူ့ရဲ့လိုအပ်ချက်ကတော့ အဘိုးတို့ကို ပျော်စေတဲ့ အရာတစ်ခုခုရှိရမယ်။ ဒါကြောင့် ပျော်ရွှင်မှုဟာ အပြင်ကနေ အတွင်းကို လာတာ။” အဘိုးအိုသည် သူ့၏ မုတ်ဆိတ်မွှေး ကို သပ်လိုက်ပြီး..
“ဒါကြောင့် ပျော်ရွှင်မှုကို ခံစားရပြီဆိုရင် ပြဿနာတစ်ခုလည်း ရောက်ရှိလာတယ်။” အဘိုးအိုသည် လော့လင်းကို ပြုံးပြီး ကြည့်လိုက်သည်။
လော့လင်းသည် ထူးဆန်းသော စကားကို ကြားလိုက်ရပြီး နားမလည်နိုင် ဖြစ်သွားသည်။
“ပြဿနာကတော့… ပျော်ရွှင်မှုဆိုတာ ပြင်ပကအရာပေါ် မူတည်နေတဲ့အတွက် ကိုယ့်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးတဲ့ ပစ္စည်း ဒါမှမဟုတ် အနေအထားက မရှိတော့ဘူးဆိုရင် သမီးရဲ့ ပျော်ရွှင်မှုလည်း ပျောက်ဆုံးသွားတာပဲ။ ဒါပေမယ့် ၀မ်းမြောက်မှုက မတူဘူးနော်။ သူက အတွင်းကနေ အပြင်ကို ဖြာထွက်တာ။ သမီးရဲ့ နက်ရှိုင်းတဲ့ အတွင်းစိတ်ကနေ ဖြစ်ပေါ်လာတာ။ ဒါကြောင့် သမီးက ၀မ်းမြောက်မှုကို ရရှိသွားပြီဆိုရင် ပြင်ပက ဘယ်အရာမှ သူ့ကိုပျက်အောင် လုပ်လို့ ရမှာ မဟုတ်တော့ဘူး။”
လော့လင်းသည် ဘာမျှ ပြန်မပြောနိုင်။ သူမ၏ ဘ၀တွင် တကယ့် ပျော်ရွှင်မှုကိုပင် သိပ်မခံစားခဲ့ရဖူးပါ။ ၀မ်းမြောက်မှုဆိုလျှင် ဝေးပေ့။
“အဘိုး ပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာလည်း သမီးရည်းစား အချစ်ကို ပြောတာ မဟုတ်ဘူးနော်။ တကယ့် အချစ်စစ်ကို ပြောတာ။ အကြောင်းပြချက်မရှိ၊ တုံ့ပြန်မှု မလိုတဲ့ အချစ်မျိုး” အဘိုးအိုသည် ဆက်လက် ရှင်းပြနေသည်။
“ဟို… မိဘက သားသမီးပေါ်ထားတဲ့ အချစ်မျိုးပေါ့?” လော့လင်းသည် ဤကဲ့သို့သာ မေးနေရသော်လည်း သူမကိုယ်တိုင်သည် မိဘမေတ္တာကို ကောင်းစွာ မရရှိခဲ့ဖူးပါ။ လော့လင်း၏ မိဘနှစ်ပါးသည် ကိုယ့်ကိုယ်ကိုယ်သာ အလေးပေးနေပြီး လော့လင်းအတွက် အချိန်မပေးနိုင်ခဲ့ပါ။ လော့လင်းသည် ငယ်စဉ်ကပင် တခြားကလေး (သို့) ရုပ်ရှင်ထဲရှိ ကံကောင်းသော ကလေးများကိုသာ အားကျနေခဲ့ရသည်။
“ဟုတ်ပါတယ်။ တချို့မိဘတွေဟာ ချစ်ခြင်းမေတ္တာ အစစ်အမှန်ကို ကလေးတွေအပေါ် ပေးနိုင်ကြတယ်။ ဒါပေမယ့် မိဘအများစုဟာ အချစ်လို့ နာမည်တပ်ထားပြီး ကလေးတွေကို ကိုယ့်အတွက် အသက်ရှင်စေကြတယ်။ ကလေးတွေရဲ့အကြိုက်၊ ရွေးချယ်မှုတွေကို အလေးမထားဘူး။” အဘိုးအိုသည် လေးလေးနက်နက် ပြောလိုက်သည်။
လော့လင်း ခေါင်းကို ငိုက်စိုက်လိုက်သည်။ မျက်လုံးများ နီလာသည်။ သူမ၏ မိဘများသည် သူမကို မရှိသကဲ့သို့ ဆက်ဆံသည်။ အဘိုးအဘွားဆီတွင် အပ်ထားပြီး ဘာမေးမြန်းခြင်းမျှ မပြုလုပ်ခဲ့ပါ။
“ကလေး… မိဘတွေဆိုတာလည်း လူသားတွေပဲလေ။ သူတို့မှာလည်း သူတို့ရဲ့ ပြဿနာကိုယ်စီနဲ့ပါ။” အဘိုးသည် လော့လင်းကို နှစ်သိမ့်လိုက်သည်။
“ဒါပေမယ့် သမီး ယုံကြည်ရမှာက သမီးရဲ့မိဘတွေဟာလည်း သူတို့ရဲ့ ကဏ္ဍမှာ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ် ဆိုတာပဲ။ သူတို့က အကောင်းဆုံး မိဘတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် သမီးကို သူတို့ရဲ့ အကောင်းဆုံးကို ပေးခဲ့တာပါ။ သမီးနားလည်လား?”
လော့လင်းသည် ခေါင်းညိတ်လိုက်သည်။ အဘိုး၏ စကားသည် သူမကို စိတ်သက်သာရာရစေသည်။ သို့သော် လော့လင်း၏ အတွင်းစိတ်ရှိ ၀မ်းနည်းမှုသည် မပျောက်ကင်းနိုင်ပါ။ မျက်ရည်နှင့် ပြည့်နေသော မျက်ဝန်းနှင့် လော့လင်းသည် အဘိုးအိုကို ကြည့်လိုက်သည်။
“သမီးဘာမေးမှာလဲဆိုတာကို သိပါတယ်။” အဘိုးအိုသည် ခါတိုင်းကဲ့သို့ပင် ကြိုသိနှင့်နေသည်။
“သမီးက အဘိုးကို ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု နဲ့ ငြိမ်းချမ်းမှုကို ဘယ်လိုရနိုင်မှာလဲဆိုတာ မေးမလို့ မဟုတ်လား?”
“ဟုတ်ပါတယ်။ ပြီးတော့… လူတိုင်းက ဒီအရာတွေကို လိုက်ရှာနေကြပေမယ့် ဘာလို့ မရကြတာလဲ? အပြုံးတစ်ခုဆီရဲ့ နောက်ကွယ်မှာ နာကြည်းမှုတွေ ဘယ်လောက်တောင် ရှိနေမှာလဲ? ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ?” လော့လင်းသည် စိတ်လှုပ်ရှားလာပြီး ကမ္ဘာလောကရှိ လူတွေအားလုံးအတွက် အော်ဟစ်နေသည့်အလား ညည်းတွားလိုက်သည်။
“ဘာကြောင့်လဲဆိုတော့…” အဘိုးသည် လော့လင်း စိတ်ငြိမ်သွားသည် အထိစောင့်ပြီး.. “လူတွေက စစ်မှန်တဲ့မိမိကို ဆုံးရှုံးသွားလို့ပါ။” ဟု ပြုံးပြီး ပြန်ဖြေလိုက်သည်။
ထို့ကြောင့် အဘိုးအိုသည် လော့လင်းကို စတွေ့သည်နှင့် “သင်ဘယ်သူလဲ?” ဟု မေးလိုက်ခြင်းဖြစ်သည်။ သူလိုချင်သော အဖြေကို မည်သူမျှ ဖြေနိုင်မည် မဟုတ်ကြောင်းကိုလည်း သိနှင့် နေ၍ ဖြစ်သည်။
လော့လင်းသည် ရုံးခန်းပြတင်းမှ ကားလမ်းပေါ်ရှိ ကားများကို ငေးကြည့်ရင်း အဘိုးအို အကြောင်းကို စဉ်းစားနေလေသည်။
ကနေ့သည် TGIF – Thank God Is Friday (ကနေ့ သောကြာနေ့ဖြစ်တာ ဘုရားမတာပဲ) ဖြစ်သည်။ ရုံးဆင်းချိန် ဖြစ်နေ၍ ကားများ ပိုကျပ်လာသည်။ ငါးရက်လုံး ရုန်းကန်လှုပ်ရှားပြီးနောက်ပိုင်း အနားယူနိုင်သော ပိတ်ရက် ရောက်ရှိလာ၍ လူအများ ပျော်ရွှင်နေကြသည်။
ပိတ်ရက်တွင် မိသားစုများနှင့် တွေ့ဆုံပွဲ၊ သမီးရည်းစားချိန်းတွေ့ခြင်း၊ ရုပ်ရှင်ကြည့်၊ အရက်ဘားသွား.. အစရှိသဖြင့် လူတိုင်း ကိုယ်စီ အစဉ်အစီ ရှိကြလိမ့်မည်။ ပျော်ရွှင်စွာ အနားယူပြီးနောက် နောက်လာမည့် တနလာင်္နေ့အတွက် ထပ်မံ ပြင်ဆင်ကြရတော့မည်။
အားလုံးသည် ရုံးတက်ရက်တွင် ရုံးအလုပ်နှင့် ရှုပ်နေပြီး ပိတ်ရက်တွင် ကိုယ်ရေးကိုယ်တာအတွက် ထပ်မံ လုပ်ဆောင်ကြရသည်။
“လူတိုင်းလိုလို နေ့တိုင်း အလုပ်ရှုပ် နေကြတယ်။ ကြိုးစား.. ကြိုးစား… လူတိုင်းဟာ တစ်ခုခုအတွက် အမြဲကြိုးစား နေကြတယ်။ ဒါပေမယ့် အားလုံးရဲ့ ဘ၀ဟာ ဘာလို့ ပိုကောင်းမလာတာလဲ?” ဟု လော့လင်းတွေးနေမိသည်။
“ဟေ့… လော့လင်း မပြန်သေးဘူးလား?” ကုန်ပစ္စည်း နောက်တစ်မျိုး၏ အရောင်းမန်နေဂျာ ချန်ယွီမေသည် လော့လင်း၏ ပုခုံးကို ပုတ်ပြီး မေးလိုက်သည်။ ၀န်ထမ်းရာနှင့်ချီပြီး ရှိသော ဤကုမ္ပဏီကြီးတွင် ချန်ယွီမေသည် လော့လင်းအတွက် တစ်ဦးတည်းသော အကောင်းဆုံး သူငယ်ချင်း တစ်ယောက်ဖြစ်သည်။ ယွီမေသည် အသက်သုံးဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သော်လည်း မင်္ဂလာမဆောင်ရသေးပါ။
“အင်း… အခုပဲ ပြန်တော့မလို့..” ဟု လော့လင်း ပြန်ဖြေလိုက်သည်။
“OK ပါ။ ငါအရင် လစ်နှင့်ပြီနော်။ တာ့တာ.. Have a nice weekend! (ပိတ်ရက်မှာ ပျော်ရွှင်ပါစေ)” ယွီမေသည် လှပစွာ ပြင်ဆင်ပြီး ရုံးခန်းမှ တက်ကြွစွာ ထွက်သွားလိုက်သည်။
“အိမ်ထောင်မရှိတဲ့ ဘ၀က ကောင်းလိုက်တာ..” ဟု လော့လင်း တွေးလိုက်သည်။
လော့လင်းတွင် လက်မထပ်ခင် မိသားစုတစ်ခုသာ ရှိခဲ့သည်။ လက်ထပ်ပြီးနောက်ပိုင်း မိသားစုသုံးခု ရှိလာသည်။ သူ့မိသားစု၊ ငါ့မိသားစု နှင့် ငါတို့မိသားစုဖြစ်သည်။
လော့လင်း ငယ်စဉ်တွင် နေခဲ့သော ‘ငါ့မိသားစု’ သည် ရေခဲတိုက်အလား အေးစက်လွန်းလှသည်။ ထိုမှ လွတ်မြောက်ရန်အတွက် မင်္ဂလာဆောင်လိုက်ပြီး ကျင့်မင်နှင့်အတူ ငါတို့မိသားစုကို တည်ဆောက်လိုက်သော်လည်း နွေးထွေးသော မိသားစုတစ်ခု ဖြစ်မလာခဲ့ပါ။ သို့သော် ကျင့်မင်၏ မိသားစုနှင့် ယှဉ်လိုက်လျှင် ငါတို့မိသားစု သည် ကောင်းသေးသည်ဟု ဆိုရမည်။
လော့လင်းတစ်ယောက် ရုံးဆင်းပြီးသော်လည်း မပြန်ဘဲ အချိန်ဆွဲနေသည်မှာ အကြောင်းပြချက် တစ်ခုရှိသည်။ ကနေ့သည် ကျင့်မင် အိမ်သို့လိုက်ပြီး ယောက္ခမနှင့် ထမင်းစားရမည့်နေ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
ကျင့်မင်၏ အမေသည် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့ပြီး ကလေးနှစ်ယောက်ကို သူတစ်ယောက်တည်း ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သော အာဂမိခင် တစ်ဦးဖြစ်သည်။ ကျင့်မင်၏ ညီမ သည် ရုပ်ရည် ချောမောလှပ ပါသည်။ သို့သော် အိမ်ထောင်မကျဘဲ အပျိုကြီး လုပ်နေ၍ ကျင့်မင်တို့ မိသားစု၏ မျှော်လင့်ချက်သည် ကျင့်မင်ပေါ်တွင်သာ ပုံအပ်ထားသည်။ သို့သော်လော့လင်းသည် ကျင့်မင်နှင့် မင်္ဂလာဆောင်ပြီး နှစ်ကြာသွားသော်လည်း ကိုယ်ဝန်မရနိုင်သောကြောင့် ယောက္ခမသည် လော့လင်းကို မကြည်တော့ပေ။ ထို့ကြောင့် အပတ်စဉ် သောကြာနေ့တိုင်း သတ်မှတ်ထားသော တွေ့ဆုံပွဲကို လော့လင်း မသွားချင်။ တတ်နိုင်သလောက် ရှောင်နေလိုက်သည်။
ရှောင်လို့မရသည့်အဆုံးတွင် အချိန်ဆွဲပြီး နောက်ကျမှ သွားသည်။ ထမင်းစားပြီးသည်နှင့် ပင်ပန်းနေပြီဟု အကြောင်းပြကာ အမြဲလိုလို စောစောပြန်လာတတ်သည်။ ဒီလို ပြဇာတ်မျိုးကို အပတ်တိုင်း ကနေရသည်။ လော့လင်းလည်း ဟန်ဆောင်နေရတာ ပင်ပန်းနေပြီ။ ယောက္ခမလည်း လော့လင်းအကျင့်ကို နှောကျေနေပြီ။ ကျင့်မင်၏ ကားပေါ်ရောက်သော်လည်း လော့လင်းသည် အဘိုးအိုပေးလိုက်သော အိမ်စာကိုသာ စဉ်းစားနေလေသည်။
“သမီး သေချာစဉ်းစားကြည့်ပါ။ အဘိုးတို့တွေဟာ ဘယ်သူတွေလဲ? ပြီးတော့ ဘယ်လိုအရာတွေက စစ်မှန်တဲ့မိမိကို မမြင်နိုင်အောင် ကာဆီးထားတာလဲ? သမီးမှတ်ထားရမှာက သေခြင်းတရား ရောက်ရှိလာတဲ့အချိန်မှာ အဘိုးတို့တွေကို ကိုယ်စားမပြုနိုင်တဲ့ အရာမှန်သမျှဟာ ပျောက်ပျက်သွားမှာပါ။ ဒါပေမယ့် စစ်မှန်တဲ့မိမိဟာ အချိန်အခါ၊ အခြေအနေ၊ အလုပ်အကိုင် ဘာတွေဘယ်လို ပြောင်းနေနေ ပြောင်းလဲသွားမှာ မဟုတ်ဘူး။”
“ဒီနေ့ ရုံးမှာ ဘယ်လိုလဲ? ကုန်ပစ္စည်းအသစ် ဘယ်အချိန်ထွက်မှာလဲ?” ဟု ကျင့်မင်သည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး လော့လင်းကို မေးလိုက်သည်။
“အင်း.. နောက်တစ်ပတ်ထဲ ထွက်မယ်ထင်တယ်။” ဟု လော့လင်းသည် စိတ်မပါတပါနှင့် ပြန်ဖြေလိုက်ပြီး စကားဖြတ်လိုက်သည်။
ကားပြတင်းမှ ဖျက်ခနဲ ဖျက်ခနဲ ပေါ်လာသော လမ်းဘေးမီးတိုင်များကို ကြည့်ပြီး လော့လင်း၏ စိတ်သည်လည်း သေးငယ်ပြီး နွေးထွေးသော အဘိုးအို၏ အိမ်သို့ ပြန်လည် ရောက်ရှိသွားသည်။
အဘိုးအိုသည် လော့လင်းနှင့် နောက်ဆုံး ခွဲခွာနီးအချိန်တွင် သူမကို စကားတချို့ ပါးလိုက်သည်။
“လူတိုင်းရဲ့ နှလုံးသားမှာ ငယ်ငယ်ကနေ ကြီးပြင်းလာတဲ့အချိန် တလျှောက်လုံးမှာ အသိ တစ်ခုရှိနေတယ်။ အဲဒီ အသိဟာ ကိုယ်မှတ်မိတတ်တဲ့ ငယ်ရွယ်စဉ်က စပြီး ကိုယ်ကျောင်းတက်နေတဲ့အချိန်၊ လေ့လာသင်ယူနေချိန်၊ မင်္ဂလာဆောင်ချိန်၊ အလုပ်လုပ်နေတဲ့အချိန်၊ စတဲ့ အချိန်တိုင်းမှာလည်း ကိုယ်နဲ့မကွာ အမြဲရှိနေတယ်။ လူတွေရဲ့ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ ပညာနဲ့ အတွေ့အကြုံ စတာတွေ ဘယ်လိုပဲ ပြောင်းနေနေ ကိုယ့်ရဲ့နှလုံးသားထဲမှာ ရှိတဲ့ အဲ့ဒီ အသိဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ အဲ့ဒါဟာ စစ်မှန်တဲ့မိမိပဲ။ စစ်မှန်တဲ့မိမိဟာ ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာ မဟုတ်သလို သေဆုံးခြင်းနဲ့ ပျောက်ကွယ်သွားမှာလည်း မဟုတ်ဘူး။ သူဟာ အချိန်အခါ၊ ပတ်ဝန်းကျင်တွေ ဘယ်လိုပဲ ပြောင်းနေနေ တည်ရှိနေမှာပဲ။”
အဘိုး၏ စကားကို လော့လင်း အပြည့်အ၀ နားမလည်သော်လည်း သူမ၏ အတွင်းစိတ်မှ ထူးဆန်းသော ခံစားချက် တစ်ခုခု ခံစားနေရသည်။
“စစ်မှန်တဲ့မိမိဟာ မပြောင်းလဲဘဲ တည်ရှိနေတယ်လို့ လက်ခံတယ်ထားအုံး... ဘာကြောင့် လူတွေဟာ စစ်မှန်တဲ့မိမိဆီက လာတဲ့ ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှုတွေကို ခံစားလို့ မရတာလဲ?”
လော့လင်းသည် အတွေးကမ္ဘာထဲ၌ နစ်မျောသွားပြီး ယောက္ခမအိမ်ရှေ့သို့ ရောက်နေသည်ကိုပင် သတိမပြုမိပေ။ ကျင့်မင် ကားရပ်ပြီး အတွေးလွန်နေသော လော့လင်းကို ခေါ်လိုက်မှ လော့လင်း အသိဝင်လာပြီး ကားပေါ်မှ ဖြည်းညှင်းစွာဆင်းကာ အသက်တ၀ကြီး ရူလိုက်သည်။
“ဟင်း… သရုပ်ဆောင်ရတော့မယ့် အချိန်ရောက်ပြန်ပြီ..” ဤအတွေးသည် လျှပ်စီးလက်သကဲ့သို့ ဖျက်ခနဲ လော့လင်းကို တစ်ခုခု သတိရသွားစေသည်။
“ဟုတ်သားပဲ… လူတိုင်းဟာ နေ့တိုင်း သရုပ်ဆောင်နေကြရတာ. ၀န်ထမ်းကောင်း၊ သူငယ်ချင်းကောင်း၊ နိုင်ငံသားကောင်း၊ သားသမီးကောင်း၊ ချွေးမကောင်း၊ သမက်ကောင်း၊ မိဘကောင်း၊ နောက်ဆုံး လူကောင်းတွေ အဖြစ် သရုပ်ဆောင်နေကြရတယ်။ လူ့ဘ၀မှာ လူတိုင်းဟာ အချိန်နဲ့ နေရာပေါ်မူတည်ပြီး မတူညီတဲ့ မျက်နှာဖုံးတွေ စွပ်ထားကြတယ်။ ဒါက မိမိကိုယ်အစစ်ကို မမြင်နိုင်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလား?”
လော့လင်းသည် မိမိရှာဖွေ တွေ့ရှိသွားသော အချက်တစ်ချက်ကြောင့် စိတ်လှုပ်ရှားနေသည်။ တံခါးဖွင့်ပြီး ကြိုဆိုလိုက်သော ယောက်မ၏ အသံလေးပင် နားဝင်ချိုနေသည်ဟု ခံစားလိုက်ရသည်။
“သရုပ်ဆောင်ရမယ့်အတူတူ အကယ်ဒမီ ရအောင် အကောင်းဆုံး သရုပ်ဆောင် လိုက်တာပေါ့..” ဟု လော့လင်းသည် မိမိကိုယ်ကို အားပေးလိုက်ပြီး ပြုံးပျော်ရွှင်နေသောရုပ်နှင့် ယောက္ခမအိမ်ထဲသို့ ခြေလှမ်းကြွလိုက်သည်။
ယနေ့လည်း လော့လင်းသည် အဘိုးအိုထံသို့ ကားမောင်းပြီး သွားနေသည်။ သွားဖန်များလာ၍ အဘိုးအိမ်သို့ သွားရသော လမ်းကို သူမ ရင်းနှီးနေပါပြီ။ အဘိုးနှင့် တွေ့ခါနီးတိုင်း လော့လင်းသည် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေတတ်သည်။
ကားမောင်းရင်း လော့လင်းသည် မနေ့ညကကိစ္စကို ပြန်လည်နောက်ကြောင်းပြန်နေသည်။ မနေ့ည ယောက္ခမအိမ်သို့ ၀င်မည့်အချိန်တွင် လော့လင်းသည် အကောင်းဆုံး သရုပ်ဆောင်မည်ဟု ဆုံးဖြတ်ချက်ချပြီး အိမ်ထဲရောက်သည်နှင့် ယောက်မကို ပြုံးပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲဝင်ပြီး ယောက္ခမကို ကူညီချက်ပြုတ်ပေးသည်။ ခါတိုင်းကဲ့သို့ အေးစက်ပြီး ဖော်ရွေမှုမရှိသော လော့လင်းနှင့် တခြားဆီ ဖြစ်နေသည်။ ထမင်းစားချိန်တွင် ယောက္ခမ၏ ဟင်းလက်ရာသည် အလွန်ကောင်းသည်ဟု ခံစားမိသဖြင့် ချီးကျူးစကားပင် ဆိုလိုက်သေးသည်။ ယောက္ခမ၏ မျက်ဝန်းမှ ခါတိုင်းကဲ့သို့ အေးစက်သော အကြည့်အစား နွေးထွေးသော အပြုံးကို မြင်လိုက်ရသည်။ နောက်ဆုံးပြန်ခါနီးအချိန်တွင် ယောက္ခမမှ လော့လင်းအား “သမီး အလုပ်ချည်းပဲ လုပ်မနေနဲ့.. ကျန်းမာရေးလည်း ဂရုစိုက်အုံး…” ဟု မှာကြားလိုက်သည်။
ယောက္ခမထံမှ ပထမဆုံးအကြိမ် နွေးထွေးသော ဂရုစိုက်မှုကို ရရှိခဲ့သည်။ ယောက္ခမအိမ်တွင် ခဏလောက်ပင် မနေလိုသော လော့လင်းသည် မနေ့ညတွင် ယောက္ခမအိမ်မှ နှုတ်ဆက်ထွက်ခွာလာရသည်ကိုပင် ၀မ်းနည်းသလို ခံစားမိသည်။
“မေတ္တာရောင်ပြန်ဟပ်တယ် ဆိုတာ အဲ့လိုလားမသိဘူး။ ငါ့အချိုးကို ငါပြင်လိုက်တာနဲ့ သူ့ဖက်လည်း လိုက်ပြောင်းလဲသွားရောလား???”
“၀င်လာလိုက်…”
တံခါးပင်မခေါက်ရသေး.. အဘိုးအို၏ အသံသည် အရင်ထွက်လာသည်။ အိမ်ထဲဝင်သွားချိန်တွင် အဘိုး၏ နွေးထွေးသော အပြုံးကို တွေ့လိုက်ရသည်။
ဤအိမ်လေးသို့ ရောက်တိုင်း လော့လင်းသည် တကိုယ်လုံး ပေါ့ပါး လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။ ဤနေရာလေးသည် သူမ၏အိမ် မဟုတ်သော်လည်း အိမ်၏နွေးထွေးမှုရှိနေသည်။
လော့လင်းသည် ထိုင်ခုံတွင် ၀င်ထိုင်ရင်း.. “ကျွန်မတစ်ခု တွေ့ရှိထားတယ်။ ကျွန်မတို့တွေဟာ ဘ၀မှာ မတူညီတဲ့နေရာမှာ မတူညီတဲ့သူအဖြစ် သရုပ်ဆောင်နေရတဲ့အတွက် စစ်မှန်တဲ့မိမိကို ဖုံးကွယ်သွားစေခဲ့တာ။ ပြီးတော့ ကျွန်မတို့ ကိုယ်ရောက်နေတဲ့နေရာမှာ ဘယ်လိုသရုပ်ဆောင်တယ် ဆိုတဲ့ပေါ်မူတည်ပြီး တခြားလူတွေနဲ့ ဆက်ဆံရေးဟာလည်း ပြောင်းလဲသွားနိုင်တယ်။”
လော့လင်းသည် သူမ ရှာဖွေတွေ့ရှိထားချက်များကို အဘိုးအိုအား အားရ၀မ်းသာစွာ ပြန်လည်ပြောပြနေသည်။
“အရမ်းကောင်းတယ်.. အရမ်းကောင်းတယ်…” အဘိုးအိုသည် လော့လင်းကို ချီးကျူးလိုက်သည်။ “ဒါပေမယ့် ကျန်နေတဲ့ မေးခွန်းတွေကို သမီး မဖြေရှင်းနိုင်သေးဘူးနော်..”
“အင်း.. ဟုတ်တယ်။ ကျွန်မတို့ အဲ့လောက်ကြိုးစားနေပေမယ့်လည်း ကိုယ်လိုချင်တဲ့ စိတ်ချမ်းသာမှုကို ဘာကြောင့် မရနိုင်ကြတာလဲ? စစ်မှန်တဲ့မိမိနဲ့ ‘ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှု’ တွေဟာ ဘယ်လို ဆက်နွယ်နေတာလဲ? ကျွန်မတို့ဟာ စစ်မှန်တဲ့မိမိနဲ့ ဘယ်လိုဖြစ်ပြီး ဝေးကွာသွားတာလဲ? မျက်နှာဖုံး စွပ်ထားလိုက်တာနဲ့ ကိုယ့်နဂိုရုပ်ကို ဖုံးကွယ်နိုင်ရောလား?” စသဖြင့် လော့လင်းသည် မေးခွန်းများကို တရစပ် မေးနေသည်။
အဘိုးအိုသည် လော့လင်း၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် မြေဖြူကို ယူ၍ ဘိလပ်မြေ ကြမ်းခင်းပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။
“ဒီစက်ဝိုင်းက ပြီးပြည့်စုံတဲ့ လူ့ဘ၀ကို ကိုယ်စားပြုနေတာလား?” လော့လင်း တွေးလိုက်သည်။ “ဒါမှမဟုတ် ဒါကအိတ်တစ်ခု ဖြစ်နေပြီး လူတွေဟာ အိတ်ထဲထည့်ခံထားရတာလား?” စဉ်းစားနေချိန်တွင်ပင် အဘိုးအိုသည် ပိုကြီးသော စက်ဝိုင်းနောက်တစ်ခုကို ဆွဲလိုက်သည်။ ထို့နောက်တစ်ခုပြီးတစ်ခုဆက်ဆွဲနေသည်။ နောက်ဆုံးတွင် စက်ဝိုင်းအထပ်ထပ် ဖြစ်သွားသည်။ လော့လင်း စဉ်းစားရန် ဉာဏ်မမီတော့ပေ။
စက်ဝိုင်းများ ဆွဲပြီးချိန်တွင် အဘိုးသည် အလယ်ဗဟိုရှိ စက်ဝိုင်းတွင်းတွင် ‘စစ်မှန်သောမိမိ = ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှု’ ဟု ချရေးလိုက်သည်။
ထို့နောက် အဘိုးသည် “တကယ်လို့ ဒီပုံလေးဟာ ဒို့လူတွေကို ကိုယ်စားပြုတယ်ဆိုပါတော့.. ဒါဆို စစ်မှန်တဲ့မိမိဟာ ခုလိုပဲ အထပ်ထပ်ထုပ်ပိုးခံထားရတယ်။ ဆက်သွယ်နိုင်ဖို့ အရမ်းခက်ခဲနေပြီ။” ပြောရင်း အဘိုး သည် အခြား စက်ဝိုင်းကြီးများကို ထောက်ပြီး.. “ ဒီစက်ဝိုင်းကြီးတွေက ဘာကို ကိုယ်စားပြုနေတယ်လို့ ထင်လဲ?”
“အပြင်ဆုံးက အ၀ိုင်းဟာ သရုပ်ဆောင် ရတဲ့ အပိုင်းဖြစ်မှာ သေချာတယ်။ မျက်နှာဖုံးနဲ့ လူတွေပေါ့။” လော့လင်းသည် မိမိတွေ့ရှိထားချက်ကို ပြောလိုက်သည်။
“မှန်တယ်..” အဘိုးအိုသည် ပြောရင်း အပြင်ဆုံး စက်ဝိုင်းပေါ်တွင် ‘Role (အခန်းကဏ္ဍ) နှင့် Self-Identity (ကိုယ့်ကိုယ်ကို ခံယူထားမှု)’ ဆိုသော စကားလုံးများကို ချရေးလိုက်သည်။
“တခြားစက်ဝိုင်းတွေကတော့… ကျွန်မအထင်ပြောရရင် စိတ်ပိုင်းဆိုင်ရာတွေဖြစ်မယ်။ ဥပမာ - အတွေးအခေါ်၊ စိတ်သဘောထား၊ အပြုအမူ၊ ကိုယ်ကျင့်စရိုက်နဲ့ တခြား အတားအဆီးတွေပေါ့။” ပြောရင်း လော့လင်းသည် သူမ ဖတ်ခဲ့ဖူးသော ဆောင်းပါးတစ်ပုဒ်ကို သတိရသွားသည်။ ‘အတွေးအခေါ်သည် စိတ်နေသဘောထားကို ပြောင်းလဲစေသည်။ စိတ်နေသဘောထားသည် အပြုအမူကို ပြောင်းလဲစေသည်။ အပြုအမူသည် ကံတရားကို ပြောင်းလဲသွားစေသည်။’ ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
“အင်း…” အဘိုးသည် လော့လင်း၏ စကားကို စဉ်းစားနေသည်။
ထို့နောက်.. “သမီးပြောလိုက်တဲ့ အကြောင်းတွေကို အတိုချုံး ဖော်ပြရမယ်ဆိုရင်..” ပြောရင်း အဘိုးသည် ‘Thought, Emotion, Body (အတွေးအခေါ်၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်)’ ဟူသော စကားလုံး သုံးလုံးကို ချရေးလိုက်သည်။
ရေးပြီးသည်နှင့် အဘိုးအိုသည် လက်ပေါ်ပေနေသော မြေဖြူမှုန့်လေးများကို ခါချရင်း ဒွိဟ ဖြစ်နေသော လော့လင်းကို ကြည့်လိုက်သည်။ ထို့နောက်.. “လူတွေဟာ စစ်မှန်တဲ့မိမိနဲ့ အဆက်အသွယ် ပြတ်သွားပြီးတဲ့နောက်ပိုင်း ‘ကိုယ့်ကိုယ်ကို တည်ရှိမှု’ ဆိုတာကို ဖော်ပြနိုင်ဖို့ အပြင်ပန်းအရာတွေဖြစ်တဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ အတွေးအခေါ်၊ အခန်းကဏ္ဍ၊ ရာထူး၊ ဂုဏ်ပကာဓန၊ စည်းစိမ်ဥစ္စာ စတဲ့အရာတွေအတွက် ကြိုးစားရင်း ‘ego’ လို့ခေါ်တဲ့ ‘အတ္တ’ဟာ မွေးဖွေးလာတယ်။
အဘိုးအိုဆွဲပြထားသော စက်ဝိုင်းပုံကြီးသည် လော့လင်းအတွက် ဒီတစ်သက်တွင် နားလည်ရ အခက်ဆုံးပုံ ဖြစ်နေသည်။
ကိုယ်တိုင်စဉ်းစား၍ မရသည့်အဆုံး လော့လင်းသည် အဘိုးအိုကို မေးမြန်းလိုက်သည်။ “ဘာကြောင့် စစ်မှန်တဲ့မိမိဟာ ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှုတွေ ဖြစ်နေရတာလဲ?”
“သစ်သီးတွေမှည့်သွားရင် ဘာလို့ မြေကြီးပေါ် ကြွေကျသွားရတာလဲ?” အဘိုးအိုသည် ပြန်မေးလိုက်ပြီး သူကိုယ်တိုင်ပင် ပြန်ဖြေလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ ဒါက သဘာဝ သဘောတရားပဲလေ။ သမီး ရှိသမျှ ရှေးဟောင်းစာအုပ်၊ ပညာရှိတွေရဲ့ စကားတွေအားလုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာ တူညီတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ ‘လူတွေအားလုံးရဲ့ပင်ကိုယ်ဟာ ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှုတွေပါ’ ဆိုတာကိုပဲ ဖော်ပြနေတယ်ဆိုတာ တွေ့ရလိမ့်မယ်။
လော့လင်းသည် ဘာသာရေး အယူအဆ မရှိသူ တစ်ယောက် ဖြစ်သည်။ မည်သည့် တရားစာအုပ်၊ ကျမ်းစာအုပ်ကိုမျှ မထိဖူးပေ။ ရှေးဟောင်းစာအုပ်စာပေများကိုလည်း စိတ်ဝင်စားမှု အလျဉ်းမရှိ။ ကျောင်းတွင် သင်ယူခဲ့ရသော ပညာရှိ ကွန်ဖြူးရှပ်၏ စကားတချို့သာ သိသောကြောင့် အဘိုးပြောနေသော စကားမှန်မမှန်ကို ပြန်လည် ချေပနိုင်စွမ်းမရှိ။
“ဟန်ဆောင်တတ်တဲ့ ကိုယ့်ကိုယ်ကို ခံယူထားမှုတွေကို ပစ်ပယ်ပြီး ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်ခံစားမှု နဲ့ ခန္ဓာကိုယ်တွေရဲ့ အတားအဆီး ကန့်သတ်မှုတွေကို ကျော်လွှားနိုင်တဲ့ လူတွေဟာ စစ်မှန်တဲ့မိမိကို ဖော်ဆောင်နိုင်လိမ့်မယ်။”
အဘိုးအို၏ စကားကို ဆက်နားထောင်နေသော်လည်း စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှုများနှင့် အသက်ရှင်သန်နိုင်သောသူများကို လော့လင်းတခါမျှ မမြင်ဖူးပေ။ သမိုင်းတွင် တည်ရှိခဲ့သော စစ္စတာ ထရေးဆာ (Sister Therasa) နှင့် ဂန္ဓီ (Gandhi) ကဲ့သို့သောသူများသာလျှင် စစ်မှန်သောမိမိကို ပိုင်ဆိုင်ရန် အရည်အချင်း ပြည့်မှီခဲ့သူများ ဖြစ်ရမည်။ သို့သော် ထိုသူများသည် ယနေ့ခေတ်နှင့် အလွန်ဝေးကွာနေသော သူများဖြစ်နေသည်။
ဒွိဟများနှင့် ပြည့်နှက်နေသော လော့လင်းကို ကြည့်ပြီး အဘိုးအိုသည် ခေါင်းခါရင်း… “ကောင်းပါပြီ။ သမီးဖတ်သင့်တဲ့ စာအုပ်နာမည်တွေကို အဘိုးရေးပေးလိုက်မယ်။ ပြီးတော့ စစ်မှန်တဲ့မိမိနဲ့ အသက်ရှင်နေထိုင်နေတဲ့ လူတချို့ကိုလည်း မိတ်ဆက်ပေးမယ်။ သူတို့နဲ့ သွားတွေ့ပြီး အဘိုးရဲ့ စကားမှန်မမှန် အတည်ပြုကြည့်လို့ ရတာပေါ့။”
လော့လင်း ပြုံးသွားသည်။ ဤသင်ခန်းစာသည် ကောင်းသထက် ကောင်းလာပြီ။ အဘိုးအိုသည် သူမကို မိတ်ဆွေများနှင့် မိတ်ဆက်ပေးအုံးမည်။ အလွန်စိတ်ဝင်စားဖို့ ကောင်းလာသည်။ နွေးထွေးပြီး တည်ငြိမ်သော အဘိုးအိုကို ကြည့်ပြီး လော့လင်း တစ်ခု သတိရသွားသည်။ ယခု သူမ ရှေ့တွင် ထိုင်နေသော အဘိုးအိုသည်လည်း ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနှင့် ငြိမ်းချမ်းမှုများနှင့် ပြည့်နေသောသူပင် မဟုတ်ပါလား!?
“လူတိုင်းဟာ ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှုတွေကို ရှာဖွေနေကြတာ မဟုတ်လား?” အဘိုးအိုသည် နောက်တစ်ခေါက် ထပ်မေးလိုက်သည်။ လော့လင်း ခေါင်းညိတ်လိုက်ပါသည်။
“ဒါဆိုအဘိုးနောက်တစ်ခုမေးမယ်။ တကယ်လို့ သမီးဟာ ရေခဲမုန့် တစ်ခါမှ မစားဖူးရင် ရေခဲမုန့် စားချင်စိတ်ရှိပါ့မလား?”
အဘိုးအိုသည် ဘာကြောင့် ရေခဲမုန့်နှင့် ဥပမာပေးရတာ ကြိုက်နေသည်ကို လော့လင်းမသိပါ။ သို့သော် အဘိုးပြောတာ မှန်ပါသည်။ ရေခဲမုန့်အရသာကို မသိသောသူတစ်ယောက်သည် ရေခဲမုန့်စားချင်မည် မဟုတ်ပါ။
“ဒါကြောင့် ‘ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှု’ တွေဆိုတာ လူတိုင်း ပိုင်ဆိုင်ခဲ့ဖူးတယ်။ ဒါကြောင့်လည်း လူတွေဟာ ‘ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှု’ တွေကို အပြင်းအထန် ပြန်လည် ရှာဖွေနေကြတာ။ ပိုလွယ်တဲ့ ဥပမာပြရရင် ကလေးငယ်တိုင်းကို ကြည့်လိုက်ရင် သမီးနားလည်သွားမှာပါ။”
ကလေးငယ်ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လော့လင်း၏ ရင်ထဲအောင့်သွားသည်။ မင်္ဂလာဆောင်ပြီး ဆယ်နှစ်ကျော်သွားသော်လည်း ကလေးမရနိုင်သေးသော စိတ်ဒဏ်ရာသည် လော့လင်းအတွက် အလွန် နက်ရှိုင်းနေပြီ ဖြစ်ပါသည်။
အဘိုးပြောသော ဥပမာကို လော့လင်း နားလည်ပါသည်။ ကလေးငယ်ကို မြင်တွေ့လိုက်ရသော လူတိုင်းသည် ရင်ထဲမှ ၀မ်းမြောက်မှုနှင့် ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်တတ်ပါသည်။ ကလေးငယ်များသည် မငိုသောအချိန်နှင့် အီးပါ၊ သေးပေါက် မပြုသော အချိန်များတွင် အိန်ဂျယ်ကဲ့သို့ပင် ချစ်ဖို့ ကောင်းလှပါသည်။
“ကလေးတွေရဲ့ ငိုယိုတာတွေဟာ သူတို့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူတို့ရဲ့ ပင်ကိုယ်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ၀မ်းမြောက်မှုတွေကို မထိခိုက်ပါဘူး။ ငိုယိုပြီးနောက်ပိုင်း သူတို့ဟာ ခဏတာအတွင်းမှာပဲ သူတို့ရဲ့ ၀မ်းမြောက်ဖွယ်ကောင်းပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာငယ်လေးဆီကို ပြန်ရောက်သွားတယ်။ ဒါပေမယ့် လူကြီးတွေက ကလေးငိုယိုလာရင် လက်မခံနိုင်ဘဲ သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ အဲဒီကနေစပြီး ပြဿနာတွေ ဖြစ်လာစေတာပဲ..”
လော့လင်း အံ့အားမှင်သက်နေသော ရုပ်ကို ကြည့်၍ အဘိုးသည် .. “နောက်မှ သမီးကို ထပ်ရှင်းပြမယ်…” ဟုဆိုကာ ယနေ့ သင်ခန်းစာကို ရပ်လိုက်သည်။
လော့လင်းသည် အဘိုးအိုထံမှ ပြန်လာတိုင်း အိမ်စာပါလာသည်။ ယခုတစ်ခေါက်လည်း အတူတူပင်။
အဘိုးအိုသည် လော့လင်းကို ဤကမ္ဘာကြီး၏ ‘စစ်မှန်သောသရုပ်’ ကို ရှာဖွေရန် မှာကြားလိုက်သည်။ သို့သော် ‘စစ်မှန်သောသရုပ်’ သည် ဘာကိုဆိုလိုသည်ကို လော့လင်း နားမလည်ပါ။ အဘိုးနှင့် ပြောခဲ့သော စကားများကို လော့လင်း ပြန်လည် တွေးတော နေသည်။
“အရာဝတ္ထုတွေကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးအပိုင်းဟာ ဘာလဲ ဆိုတာ သမီးသိလား?” လော့လင်း ရုတ်တရက် ပြန်မဖြေနိုင်။ ကျောင်းပြီးသွားသည်လဲ ကြာနေပြီ။ သိပ္ပံနှင့် ပတ်သက်သော စာစောင်များကိုလည်း မဖတ်ဖြစ်ပါ။
“အင်း… သိပ္ပံပညာရှင်တွေ ရှာတွေ့ထားတာကတော့ အက်တမ် (Atom)၊ နယူထလွန် (Neutrons) နဲ့ ပါတီကယ် (Particles) တွေ မဟုတ်လား?” ဟု လော့လင်းသည် မသေချာ မရေရာနှင့် ပြန်ဖြေလိုက်သည်။ အဘိုးအိုသည် လော့လင်း၏ အဖြေကို သဘောကျသွားပြီး ရယ်လိုက်သည်။
“လူတွေအားလုံးထင်နေကြတာက လေဟာနယ်မှာ ဘာမှမရှိဘူး။ အရာဝတ္ထုတွေက အစိုင်အခဲလို့ သတ်မှတ်ထားကြတယ်။ တကယ်တမ်းကျတော့ အရာအားလုံးဟာ ဘာမှမရှိတဲ့ လေဟာနယ်တွေပါ။ ခေတ်သစ် သိပ္ပံပညာရှင်တွေ တွေ့ရှိထားချက်အရ အစိုင်အခဲလို့ ထင်ရတဲ့ အရာဝတ္ထုနဲ့ လူတွေရဲ့ ခန္ဓာကိုယ်တွေတောင် ရာနှုန်းပြည့်နီးပါး လေဟာနယ်တွေဖြစ်နေပါတယ်။ အက်တမ်နဲ့ နယူထလွန် ထဲမှာ ပါတဲ့ လေဟာနယ်မှာ ပါတီကယ်ဆိုတဲ့ အစိုင်အခဲက နည်းနည်းပဲ ပါဝင်ပြီး ကျန်တာတွေအားလုံးဟာ လေတွေပဲ။ ဒီ ပါတီကယ်ဆိုတဲ့ အစိုင်အခဲတွေဟာလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ အသံလှိုင်းရဲ့ တုန်ခါမှုအတိုင်းပါပဲ။ တနည်းအားဖြင့် ပြောရရင် ‘စွမ်းအင်’ ပေါ့။” “အဘိုးပြောသွားတာတွေကို သေချာနားလည်ချင်ရင် ‘ဘ၀ရဲ့အဖြေကို ရေသိတယ်’ ဆိုတဲ့ စာအုပ် ဖတ်ကြည့်လိုက်ပါ။” ဟု လော့လင်းကို စာအုပ်တစ်အုပ် ညွန်းလိုက်သည်။
ထိုစာအုပ်တွင် ဂျပန် ပညာရှင် တစ်ယောက်၏ လေ့လာတွေ့ရှိချက်ကို ဖော်ပြထားပါသည်။ ပညာရှင်သည် တူညီသော ဖွဲ့စည်းပုံရှိ ရေများကို အခန်းတစ်ခန်းချင်းတွင် သီးခြားစီခွဲထားလိုက်သည်။ ထို့နောက် သီချင်းဖွင့်ပြခြင်း၊ စာဖတ်ပြခြင်း၊ လျှပ်စစ်ဓာတ်အားပေးခြင်း၊ ရုပ်ပုံပြသပေးခြင်း၊ စသည်ဖြင့် မတူညီသော လုပ်ဆောင်မှုများကို ပြုလုပ်ပေးသည်။ ရက်အနည်းငယ်ကြာပြီးနောက်ပိုင်း ရေအားလုံးကို အအေးခန်းတွင် နှစ်နာရီဝန်းကျင် အအေးခံထားလိုက်သည်။ ထို့နောက် ခဲသွားသော ရေများ၏ ဖွဲ့စည်းပုံကို လေ့လာကြည့်သောအခါ ဆက်ဆံခံရသော အနေအထားပေါ်မူတည်၍ ရေအေးခဲသွားပုံသည်လည်း ထူးခြားစွာ ကွဲပြားနေသည်ကို တွေ့ရှိရသည်။
လော့လင်းသည် ဤအကြောင်းအရာကို ဖတ်ရပြီးနောက် အလွန်အံ့အား သွားလေသည်။ ယုံတ၀က် မယုံတ၀က်နှင့်.. “ဒီအတိုင်းဆိုရင် အရာရာတိုင်းမှာ ‘စွမ်းအင်’ တွေရှိနေတာပေါ့?” မြင်ရသော အရာဝတ္ထုများတွင် သာမက မမြင်နိုင်သော အသံ၊ အတွေးအခေါ်၊ စိတ်ခံစားမှု များတွင်လည်း ‘စွမ်းအင်’ များ ရှိနေသည်ကို လော့လင်း သိရပြီးနောက် ပို၍ စိတ်ဝင်စားလာသည်။
“ဒါပေမယ့် ဒီ ‘စွမ်းအင်’ တွေဟာ လူတွေနဲ့ ဘယ်လို ပတ်သက်နေတာလဲ?”
လေးလေးနက်နက်တွေးနေရင်း လော့လင်းသည် ကုမ္ပဏီတိုက်ကြီး၏ အထပ်တစ်ဆယ်ရှိ မိမိရုံးခန်း ပြတင်းမှအပြင်ကို လှမ်းကြည့်လိုက်သည်။ မြို့တော်တစ်ခုလုံးသည် တင်းမာသော ‘စွမ်းအင်’ များကို ထုတ်လွှင့်နေသကဲ့သို့ ခံစားလိုက်ရသလိုလို။
“ဟင်း … ဒါကြောင့် အမေရိကန်မှာ တနလာင်္နဲ့ သောကြာနေ့တွေမှာ ထုတ်တဲ့ကားတွေ မ၀ယ်နဲ့ ဆိုတဲ့စကားရှိနေတာကိုး။ အများအားဖြင့် တနလာင်္နဲ့ သောကြာနေ့တွေမှာ ၀န်တမ်းတွေရဲ့ အလုပ်လုပ်ချင်တဲ့ ‘စွမ်းအင်’ ဟာ တခြားရက်တွေထက် ပိုနည်းနေတတ်တယ်။ အဲ့ဒီ ‘စွမ်းအင်’ တွေဟာ သူတို့တပ်ဆင်ရတဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေပေါ် စီးဆင်းသွားပြီး ရလဒ်ကောင်း ထွက်မလာနိုင်တော့တာလား?”
သတင်းစာထဲတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကို လော့လင်း သတိရသွားသည်။
သိပ္ပံပညာရှင်များသည် တူညီသော စမ်းသပ်မှုများကို ထပ်ခါ ထပ်ခါ လုပ်ဆောင်ရသော်လည်း လာရောက်ကြည့်ရှုသည့် သူများပေါ် မူတည်၍ မတူညီသော ရလဒ်များကို ဖြစ်ပေါ်စေသည်ဟု ရေးသား ဖော်ပြထားသည်။
လော့လင်း သတိထားမိတာ ရှိသေးသည်။ တချို့လူသည် ပန်းပင်များ၊ တိရိစ္ဆာန်လေးများကို အလွန်ချစ်သည်။ ထူးလည်းထူးဆန်းပါသည်။ ထိုပန်းပင်နှင့် တိရိစ္ဆာန်များသည်လည်း လူတွေ၏ ဆက်ဆံမှုပေါ် မူတည်၍ မတူညီသော တုန့်ပြန်မှုများ ရှိလာကြသည်။
“ဒါဆိုရင် လူတွေဟာ ‘စွမ်းအင်ကြိမ်နှုန်း’ (Engergy Frequency) တစ်မျိုးမျိုးနဲ့ အရာရာကို ချိတ်ဆက်ထားတာပေါ့?” လော့လင်း မှတ်ချက်ချလိုက်သည်။ ရုတ်တရက် လော့လင်းသည် သူမ ကျောင်းတွင် သင်ခဲ့ရသော သင်ခန်းစာ တစ်ခုကို သတိရသွားသည်။ သမုဒ္ဒရာတွင် ကျွန်းတစ်ခုနှင့် တစ်ခုသည် အပေါ်ယံမှ ကြည့်လိုက်လျှင် အဆက်အစပ်မရှိဟု ထင်ရသည်။ သို့သော် သမုဒ္ဒရာ အောက်ခြေမှ ကြည့်လိုက်လျှင် ကျွန်းများအားလုံး ဆက်နွယ်နေသည်။ အလားတူပင် ကမ္ဘာလောကတွင် လူတစ်ဦးနှင့် တစ်ဦး၊ အရာဝတ္တုများ၊ ကိစ္စများသည် ချိတ်ဆက်မှု မရှိဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုအရာများအားလုံးကို ဆက်နွယ်ထားသော ‘စွမ်းအင်’ များ တည်ရှိနေပါသည်။
“အစည်းအဝေးစပြီဟေ့..” ယွီမေ၏ အော်သံကြောင့် လော့လင်း အတွေးမှ လန့်နိုးသွားသည်။
ရုံးရောက်ပြီး သိပ်မကြာသေး အစည်းအဝေး တက်ရတော့မည်။ အစည်းအဝေးခန်းမထဲသို့ ၀င်လိုက်သည်နှင့် တစ်ခုခုမှားနေသည်ဟု လော့လင်း ခံစားလိုက်ရသည်။ လော့လင်း၏ သူဌေး ဒါရိုက်တာဝမ်လီ့သည် ရုပ်သေကြီးနှင့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာချန်ဝန်လီ၏ ဘေးတွင် ထိုင်နေသည်။ သူဌေးစိတ်ညစ်နေသည်ကို လော့လင်းခံစားမိပါသည်။
အရောင်းဌာန၏ ဒါရိုက်တာ ချန်တာလည်း အခြားတဖက်တွင် ထိုင်နေပါသည်။ အရောင်းဌာနနှင့် မားကက်တင်းဌာနများသည် ကုမ္ပဏီတွင် အမြဲလိုလို မတည့်သော ဌာနများ ဖြစ်သည်။ အရောင်းဌာန၏ ဒါရိုက်တာသည် မားကက်တင်းဌာနမှ လူများသည် အလုပ်သေချာ မလုပ်နိုင်သောကြောင့် အရောင်းဌာနမှ ၀န်ထမ်းများ ပိုမိုပင်ပန်းရသည်။ မားကက်တင်းဌာနသည်လည်း အရောင်းဌာနမှ လူများသည် ပရိုမိုးရှင်းပွဲများမှ ရရှိလာသော ၀ယ်ယူသူများကို သေချာဂရုမစိုက်နိုင်ဟု မြင်ကြပါသည်။ ထို့အပြင် အရောင်းဌာနသည် မားကက်တင်းဌာနမှ ပြုလုပ်သော ပွဲများကိုလည်း မထောက်ခံပါ။ ပိုက်ဆံသက်သက်ဖြုန်းနေသည်ဟု ဆိုပါသည်။
“ဒါကလည်း ‘စွမ်းအင်’ ရဲ့လုပ်ဆောင်မှုထင်တယ်။” လော့လင်းသည် သူဌေးများ၏ မျက်နှာကိုကြည့်ပြီး.. “သူဌေးတွေက ခံစားချက်တွေကို မျက်နှာမှာ မဖော်ပြထားဘူးဆိုပေမယ့် ၀န်ထမ်းတွေကတော့ သူတို့လွှင့်ထုတ်နေတဲ့ ‘စွမ်းအင်’ ကနေတဆင့် တင်းမာမှုကို ခံစားလို့ရတယ်..” ဟု တွေးလိုက်သည်။
အစည်းအဝေး စပြီဆိုသည်နှင့် အရောင်းဌာန၏ ဒါရိုက်တာသည် စတင်ပေါက်ကွဲတော့သည်။ “မားကက်တင်းဌာနရဲ့ ကုန်ပစ္စည်းအသစ်အတွက် လုပ်ထားတဲ့ ကြော်ငြာကို ကျွန်တော် ကြည့်လိုက်တော့ ကိုယ့်ပစ္စည်းအကြောင်းချည်းပဲ ပြောထားတယ်။ ပြိုင်ဖက်ရဲ့ ပစ္စည်းနဲ့လည်း နှိုင်းယှဉ်မပြထားဘူး။ ဖောက်သည်တွေအကြောင်းလည်း မပါဘူး။”
လော့လင်း၏ သူဌေးမျက်နှာသည် သိပ်မကောင်းတော့ပေ။ လော့လင်းလည်း စိတ်ပူလာပြီး ရှင်းပြမည်ဟု ပြင်လိုက်သော်လည်း သူဌေးမည်ကဲ့သို့ ပြန်ပြောမည်ကို စောင့်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ချန်ဝမ်လီသည် တစ်ခြားလူများ စိတ်မရွှင်သော်လည်း သူသည် ရွှင်လန်းနေသည်။ အဘယ့်ကြောင့်ဆိုသော် နာမည်ကြီး စီးပွားရေး မဂ္ဂဇင်းတစ်ခုမှ သူ့ကို တစ်နှစ်တာရဲ့အအောင်မြင်ဆုံးလုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံလိုက်ရသောကြောင့် ဖြစ်သည်။ သူသည် တင်းမာမှုများလျော့သွားအောင်.. “ကြော်ငြာစာသားတွေမှာ ပြိုင်ဖက်အကြောင်းတွေ ထည့်လို့ဘယ်ရမှာလဲ။ သူတို့အတွက် ကြော်ငြာပေးသလို ဖြစ်နေမှာပေါ့။ ဒါဆိုဘယ်သူ့ဆီမှာ ကြော်ငြာဖိုး သွားတောင်းရမှာလဲ?” မန်နေးဂျင်းဒါရိုက်တာသည် မျက်နှာအမူအရာ အပြည့်နှင့် ပြောလိုက်၍ အားလုံး ပြုံးသွားသည်။
အရောင်းဌာန ဒါရိုက်တာလည်း ပြုံးပြီး … “ဒါပေမယ့် ဖောက်သည်တွေ အကြောင်းတော့ ထည့်သင့်တာပေါ့..”
မားကက်တင်းဒါရိုက်တာ ၀မ်လီ့သည် .. “ကျွန်တော်တို့ရဲ့ ကြော်ငြာစာသားတွေအားလုံးဟာ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး ရေးထားတာပါ။ ဖောက်သည်တွေကို ကြော်ငြာစာသားတွေမှာ ထည့်သွင်းဖော်ပြခြင်း မရှိပေမယ့် သူတို့ဟာ အမြဲတမ်း ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါ..” ဟု ပြန်လည် ချေပလိုက်သည်။
ထို့နောက်တင်းမာမှု လျော့သွားအောင်.. “ဘယ်လိုပုံစံနဲ့တူနေလဲဆိုတော့ ကိုယ့်မိန်းမကို ချစ်နေတယ် ဆိုပေမယ့် သူ့ကို ချစ်တယ်လို့ အမြဲပြောနေတာမှ မဟုတ်တာ.” ဆိုသော စကားကို ရယ်မောပြီး ပြောလိုက်သည်။
ထိုစကားကြောင့် လူတိုင်းမနေနိုင်တော့ပဲ အားပါးတရ ရယ်မောလိုက်သည်။ ယခုအချိန်တွင် အစည်းအဝေးခန်းရှိ အနေအထားသည် အစနှင့် လုံးဝမတူတော့ပေ။ ‘စွမ်းအင်’ တိုက်ပွဲကြီး တစ်ခုကို လော့လင်း ကြုံတွေ့လိုက်ရသည်။
“ကောင်းတဲ့ ‘စွမ်းအင်’ ရော ဆိုးတဲ့ ‘စွမ်းအင်’ ပါ သက်ရောက်မှုတွေက တော်တော်ကြီးမားတာပဲ။ အဲ့ဒီ ‘စွမ်းအင်’ တွေဟာ လူတွေရဲ့ စိတ်ခံစားမှု၊ အပြောအဆို၊ အပြုအမူနဲ့ အလုပ်တွေမှာတောင် သက်ရောက်ကုန်တယ်။ ‘စွမ်းအင်’ ဆိုတဲ့ အရာက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ..” ဟု လော့လင်းကောက်ချက်ချလိုက်သည်။
‘စွမ်းအင်’ အကြောင်း ပိုမိုနားလည်နိုင်ရန် လော့လင်းသည် တက္ကသိုလ်ပြီးသည့်နောက်ပိုင်း မရောက်ဖြစ်တော့သည့် ကျောင်းစာကြည့်တိုက်သို့ ထပ်မံရောက်ရှိလာသည်။ သူမသည် ရှေးဦးစွာ ‘စွမ်းအင်’နှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းလိုက်သည်။
စုဆောင်းထားသော အချက်အလက်များထဲမှ အမေရိကန်ရှိ မူလတန်းကျောင်းတစ်ခုတွင် သုတေသီများ စမ်းသပ်မှု တစ်ခု ပြုလုပ်ထားသည့်အကြောင်း ရေးသားထားသော စာတမ်းတစ်ခုကို လော့လင်း စိတ်ဝင်စားသွားသည်။
ထိုစမ်းသပ်ချက်တွင် စာအသင်အပြ ကောင်းမွန်သော ဆရာနှစ်ယောက်ကို မူလတန်းကျောင်းသို့ ဖိတ်ခေါ်လိုက်သည်။ တစ်ယောက်ကို ‘ညံ့’ အတန်းကို သင်စေသော်လည်း ‘တော်’ အတန်းဖြစ်သည်ဟု ပြောထားပြီး ကျောင်းသားများကို သေသေချာချာ သင်ပေးရမည်ဟု မှာကြားထားလိုက်သည်။ ကျန်ဆရာတစ်ယောက်ကိုမူ ‘တော်’ အတန်းကို သင်စေသော်လည်း ‘ညံ့’ အတန်းဟု ပြောပြီး ကျောင်းသားများကို ပြီးစလွယ်သာ သင်ပေးနိုင်သည်ဟု မှာကြားထားလိုက်သည်။
အတန်း (၂) တန်းရှိ ကလေးများ၏ စာမေးပွဲ ရလဒ် ထွက်ရှိလာသောအခါ ‘ညံ့’ အတန်းရှိ ကျောင်းသားများ၏ ရမှတ်သည် ‘တော်’ အတန်းရှိ ကလေးများ၏ ရမှတ်ထက် များနေသည်ကို အံ့သြဖွယ်ကောင်းစွာ တွေ့ရသည်။ ဤအချက်သည် ‘ဆက်ဆံသူ’ ၏ အပြုအမူကြောင့် ‘ဆက်ဆံခံရသူ’ သည် ပြောင်းလဲသွားနိုင်သည် ဆိုသည့်အချက်ကို သက်သေပြလိုက်သည်။
နောက်စာတမ်းတစ်ခုသည် ဂျပန်ကလေးငယ်တစ်ဦး ပြုလုပ်ထားသော စမ်းသပ်မှု အကြောင်းကို ရေးသားထားသည်။ ကလေးငယ်သည် ပန်းကန်သုံးလုံးတွင် ထမင်းများခွဲပြီး ထည့်ထားလိုက်သည်။ မနက် ကျောင်းသွားခါနီးတိုင်း - ပထမ ပန်းကန်ရှိ ထမင်းများကို “နင်တို့ကို ချစ်တယ်။ နင်တို့ကအရမ်းစားလို့ကောင်းတာပဲ။” ဒုတိယ ပန်းကန်ရှိ ထမင်းများကို ဘာမှ မပြော၊ ဂရုမစိုက်ပေ။ တတိယ ပန်းကန်ရှိ ထမင်းများကို “နင်တို့က အရမ်း ရုပ်ဆိုးတာပဲ။ နင်တို့ကို ဘယ်သူမှ မလိုချင်ဘူး။” ဟူ၍ ပြောလေ့ရှိသည်။
တစ်လနောက်ပိုင်းတွင် - ပထမ ပန်းကန်ရှိ ထမင်းများသည် အ၀ါရောင်ပြောင်းသွားပြီး မွေးကြိုင်သော အရက်နံ့ ထွက်လာသည်။ ဒုတိယ ပန်းကန်ရှိ ထမင်းများသည် မည်းပြီး နံဟောင်နေသည်။ မှိုများလည်း တက်နေသည်။ တတိယ ပန်းကန်ရှိ ထမင်းများသည် မည်းပြီး နံဟောင်နေသည်။ နေ့တိုင်း ဆဲဆိုခံနေရသော်လည်း အနည်းဆုံး ဂရုစိုက်ခံရမှု ရရှိနေသောကြောင့် ဒုတိယ ပန်းကန်ရှိ ထမင်းများလောက် အခြေအနေ ဆိုးရွား မသွားပေ။
“လူတွေရဲ့ စကားနဲ့ အယူအဆတွေဟာ ဒီလောက်တောင် စွမ်းအား ပြင်းထန်တာလား?” ဟု ရေရွတ်ရင်း လော့လင်းသည် မယုံကြည်နိုင် ဖြစ်နေသည်။ နောက်စာတမ်းတစ်ခုသည် ‘ဆွဲငင်အား နိယာမ’ အကြောင်းကို ရေးသားထားသည်။ အခန်းထဲရှိ တူရိယာ ခက်ရင်းများထဲမှ ခက်ရင်းတစ်ခုကို လှုပ်ခတ်လိုက်သောအခါတွင် ခက်ရင်းအများအပြားထဲမှ တူညီသော ကြိမ်နှုန်း (Frequency) ရှိသည့် ကျန်ခက်ရင်းများသည်လည်း လိုက်၍ လှုပ်ခတ်သွားသည် ဆိုသည့်အကြောင်းကို သုတေသန ပြုလုပ်ထားသည်။
“သြော်… ဒါကြောင့် ပျော်ပျော်နေတတ်တဲ့သူ၊ အကောင်းမြင်တတ်သူတွေက အမြဲပျော်နေရတတ်ပြီး အမြဲလိုလို စိတ်ညစ်နေတဲ့သူ၊ အရာရာကို အဆိုးမြင်နေတဲ့သူတွေကတော့ စိတ်ညစ်စရာ ကိစ္စများတွေနဲ့ပဲ ကြုံနေရတာကိုး…ဒါက ‘ဓာတ်တူမှ ပေါင်းနိုင်တယ်’ ဆိုတဲ့ နိယာမကို ဆိုလိုတာ ထင်တယ်။” ဟု လော့လင်း ကောက်ချက်ချလိုက်သည်။
အပြုံးပန်းနှင့်အတူ လော့လင်းသည် အဘိုးအို၏ အိမ်ငယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာသည်။
“ ‘စွမ်းအင်’ အကြောင်းတွေလေ့လာခဲ့တာ ဘယ်လိုလဲ?” ဟု အဘိုးအိုသည် ကုလားထိုင်တွင် ထိုင်နေလျက် မေးလိုက်သည်။
“အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။” လော့လင်းသည် စိတ်လှုပ်ရှားစွာဖြင့်.. “လူတိုင်းရဲ့ အတွေးမှာ ‘စွမ်းအင်’ တွေ ရှိကြတယ်။ ဒါပေမယ့် ကျွန်မတို့လူတွေဟာ မလိုအပ်ပဲ စိုးရိမ်ပူပန်ပြီး လျှောက်တွေးလေ့ရှိတယ်။ အဲဒါကြောင့်လည်း ကိုယ်စိုးရိမ်ပူပန်တဲ့အတိုင်း ဖြစ်လာတာ များတယ်။”
“ဟုတ်တာပေါ့” အဘိုး ထောက်ခံလိုက်သည်။ ထို့နောက် အရင်တပတ်တွင် ဆွဲခဲ့သော စက်ဝိုင်းပုံကြီးပေါ်သို့ အကြည့်ရောက်သွားသည်။ ထိုစက်ဝိုင်းပုံကြီးကို လော့လင်း အရင်တစ်ခေါက်ထက်ပို၍ နားလည်နေပါပြီ။ သို့သော် ‘စွမ်းအင်’ နှင့် ဤစက်ဝိုင်းပုံကြီးသည် မည်ကဲ့သို့ ဆက်နွယ်နေသည်ကို မသိသေးပေ။
“သမီး ဒီမှာကြည့်လိုက်..” ပြောရင်း အဘိုးအိုသည် စက်ဝိုင်းဗဟိုကို ထောက်ပြလိုက်သည်။
“ဒီနေရာဟာ လူတွေရဲ့ ‘စွမ်းအင်’ အရင်းအမြစ်ပဲ။” လော့လင်းသည် စက်ဝိုင်းပုံကြီးကို စိုက်ကြည့်ရင်း အလေးအနက်တွေးနေသည်။
ရုတ်တရက် အဖြေတစ်ခု ရရှိလာပြီး … “အိုး! ဒါဆို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ အတွေးအခေါ်နဲ့ အခန်းကဏ္ဍ၊ ကိုယ့်ကိုယ်ကို ခံယူထားမှု (Body, Emotion, Thought, Role and Self-Identity) တွေရဲ့ စွမ်းအင်တွေဟာ ကျွန်မတို့ရဲ့ ‘စွမ်းအင်’ အရင်းအမြစ်ကို ပိတ်ပင်ထားလိုက်တဲ့အတွက် ကျွန်မတို့ဟာ စစ်မှန်တဲ့မိမိ ဖြစ်တဲ့ ‘ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှုနဲ့ ငြိမ်းချမ်းမှု’ တွေနဲ့ ဝေးကွာခဲ့ရတာပေါ့နော်?” ပြောပြီးသည်နှင့် လော့လင်းသည် အဘိုးအိုကို ထောက်ခံချက် ရလိုသော အကြည့်နှင့် ကြည့်လိုက်သည်။ အဘိုးသည် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက်.. “သမီးပြောလိုက်တဲ့ တနလာင်္နေ့တုန်းက သမီးတို့ရုံးရဲ့ အစည်းအဝေးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကနေ လူတစ်ယောက်ရဲ့ ‘စွမ်းအင်’ ဟာ သူ့ဘေးပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေအပေါ် ဂယက်ရိုက်သွားနိုင်တယ် ဆိုတာကို တွေ့နိုင်တယ်။ အဲဒါဟာ အခုခေတ်ရဲ့ အကြီးမားဆုံး ပြဿနာဖြစ်တဲ့ ‘စွမ်းအင်တိုက်ပွဲ’ ကို ဖော်ပြနေတာ။” အဘိုးသည် စိတ်ရှည်စွာဖြင့် ရှင်းပြနေသည်။
“လူတွေဟာ ကိုယ့်ဘ၀ရဲ့ ‘စွမ်းအင်’ အရင်းအမြစ် ဖြစ်တဲ့ စစ်မှန်တဲ့မိမိနဲ့ ချိတ်ဆက်မှု မရတော့တဲ့ အခါမှာ အပြင်ဖက် အရာတွေဖြစ်တဲ့ ကိုယ်၊ စိတ်ခံစားမှု၊ အတွေးအခေါ်၊ မိမိကိုယ်ကို ခံယူထားမှု တွေကနေ ‘စွမ်းအင်’ တွေရရှိအောင် ကြိုးစားလာကြတယ်။ အဆိုးဆုံးကတော့ ‘စွမ်းအင်’ ရနိုင်ဖို့ ကိုယ့်ဇာတ်တူသားဖြစ်တဲ့ လူတွေနဲ့ တိုက်ခိုက်လာကြတယ်။”
“ကျွန်မရဲ့ရုံးက မားကက်တင်းဒါရိုက်တာနဲ့ အရောင်းဒါရိုက်တာ နှစ်ယောက်ရဲ့ အပြိုင်အဆိုင်လိုမျိုးလား? ဒါကလည်း ‘စွမ်းအင်တိုက်ပွဲ’ တစ်ခုပဲလား?” ဟု လော့လင်း မေးလိုက်သည်။
“အင်း... မှန်ပါတယ်။ ဒါပေမယ့် ‘စွမ်းအင်တိုက်ပွဲ’ သက်သက်မဟုတ်တော့ဘူး။ ‘ego’ လို့ခေါ်တဲ့ ‘အတ္တမာန’ အချင်းချင်းရဲ့ တိုက်ပွဲလည်းဖြစ်တယ်။” ဟု လော့လင်းအား ရှင်းပြလိုက်သည်။
“ဒီလိုမျိုး ‘ego’ တိုက်ပွဲတွေဟာ လင်မယားကြား၊ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းကြား၊ ဆွေမျိုးကြား စတဲ့နေရာတွေမှာ ရှိတာများပါတယ်။” ပြောရင်း အဘိုးအိုသည် ခဏရပ်လိုက်ပြီး နားလည်ရန် ပိုမိုလွယ်ကူသော စကားလုံးကို စဉ်းစားနေသည်။
ထို့နောက်… “အခုခေတ်ပတ်ဝန်းကျင်ဟာ စစ်မြေပြင်နဲ့တူတယ်။ လူတိုင်းဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ တခြားလူတွေရဲ့ ‘စွမ်းအင်’ တွေကို ရယူနိုင်ဖို့ ကြိုးပမ်းနေကြတယ်။ ဥပမာ - တခြားလူတွေကို ထိန်းချုပ်မယ်။ အာဏာသုံးပြီး အနိုင်ကျင့်မယ်။ တခြားလူတွေရဲ့ သတိပြုခံရမှု၊ ထောက်ခံမှု၊ ချစ်ခင်မှုတွေရအောင် လုပ်မယ်။ ဒါမှမဟုတ် မိမိဟာ မှန်တယ်၊ ကောင်းတယ်၊ တခြားလူထက်သာတယ်၊ စတာတွေကို သက်သေပြမယ်။ စသဖြင့်ပေါ့။”
“ဒါဆို လူတွေက ကိုယ့်ရဲ့ ‘စွမ်းအင်’ အရင်းအမြစ်နဲ့ ပြန်လည်ချိတ်ဆက်နိုင်တဲ့ လျှို့ဝှက်ချက်ကို သိရင် ဒီလိုနည်းလမ်းတွေကို သုံးပြီး ‘စွမ်းအင်’ ရအောင် လုပ်စရာ မလိုတော့ဘူးပေါ့?” လော့လင်းသည် မျှော်လင့်ချက် အပြည့်နှင့် မေးလိုက်သည်။
“ဟုတ်တယ်လေ.. အခုလူတွေဟာ ဘာနဲ့တူနေလဲဆိုတော့ ဂူထဲမှာနေတဲ့ လူရိုင်းတွေလိုပဲ။ ဂူထဲမှာ မီးရဖို့အတွက် အပြိုင်အဆိုင် တိုက်ခိုက်နေကြတယ်။ ဂူအပြင်ကို ထွက်သွားလိုက်ရင် အဆုံးမဲ့ အလင်းရောင်ဖြစ်တဲ့ နေမင်းကြီးရှိနေတယ်ဆိုတာကို မသိဘူး ဖြစ်နေတယ်။” ဟု အဘိုးပြန်ဖြေလိုက်သည်။
“ဒါဆို ဘယ်လိုနည်းနဲ့ ဒီအတားအဆီးတွေကို ဖြတ်ကျော်ပြီး ကိုယ့်ဘ၀ရဲ့ ‘စွမ်းအင်’ အရင်းအမြစ်နဲ့ ချိတ်ဆက်နိုင်မယ်ဆိုတာကို မြန်မြန်လေး ပြောပြပေးပါလား?”
စိတ်လောတတ်သော လော့လင်းသည် မစောင့်ဆိုင်းနိုင်တော့ပါ။ သူမသည် မြေဖြူကို ယူ၍ ကြမ်းခင်းပေါ်ရှိ စက်ဝိုင်းကြီးပေါ်တွင် အတားအဆီးများကို ဖြတ်ကျော်နိုင်မှုကို ကိုယ်စားပြုသော အက်ကြောင်းလေးများ ဆွဲထည့်လိုက်သည်။
လော့လင်း၏ အလျင်လိုနေသော ရုပ်ကိုကြည့်ပြီး အဘိုး ပြုံးလိုက်သည်။ “မလောပါနဲ့။ ဖြည်းဖြည်းပေါ့။ ဒီလျှို့ဝှက်ချက်တွေအားလုံး သမီးကို ပြောပြမှာပါ။ ဒါပေမယ့် ‘စွမ်းအင်’ နဲ့ ပတ်သက်ပြီး သမီး သိစရာ ရှိသေးတယ်။” ပြောရင်း အဘိုးသည် ရေနွေးကြမ်း တစ်ခွက်ငဲ့သောက်လိုက်သည်။ စိမ်ပြေနပြေနှင့် သောက်နေသော အဘိုးကို ကြည့်ပြီး လော့လင်း စိတ်မရှည်နိုင်တော့ပေ။
“သမီးကြုံဖူးမလားတော့ မသိဘူး။ တခါတလေမှာ တချို့လူတွေကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ်နဲ့ အရမ်းရင်းနှီးနေတယ်လို့ ခံစားရပေမယ့် အကြောင်းရင်းကို မပြောပြနိုင်ဘူး။ ဘာကြောင့် အဲ့လို ဖြစ်တယ်လို့ထင်လဲ?” အဘိုးအိုသည် အစမရှိ အဆုံးမရှိပဲ မေးခွန်းမေးလိုက်သည်။
“အင်း ဖြစ်ဖူးတယ်။” လော့လင်း ရိုးသားစွာပြန်ဖြေသည်။ “ဒါပေမယ့်….” သူမ ဆက်မပြောတော့ပေ။
“တချို့လူတွေကို တွေ့လိုက်ရချိန်မှာ အကြောင်းပြချက်မရှိပဲ အရမ်းမုန်းဖို့ ကောင်းနေတယ် မဟုတ်လား?” အဘိုးအိုသည် လော့လင်း၏ စကားကို ဆက်ပြောလိုက်သည်။
“ဟုတ်တယ်။ တချို့လူတွေဟာ ပထမတစ်ကြိမ်တွေ့ပြီးတာနဲ့ နောက်တစ်ကြိမ် ထပ်မတွေ့ချင်တော့ဘူး။”
“ဒါကလည်း ‘စွမ်းအင်’ ကြောင့် ဖြစ်ရတာ..” အဘိုးသည် ဆက်ပြောလိုက်သည်။ “လူတိုင်းမှာရှိတဲ့ စွမ်းအင်ရဲ့ ကြိမ်နှုန်း (Engergy’s Frequency) ဟာ မတူညီကြပါဘူး။ ဒါကြောင့်သမီးဟာ သမီးနဲ့ အလားတူ စွမ်းအင်ကြိမ်နှုန်း (Energy Frequency) တွေရှိတဲ့သူတွေနဲ့ ပိုမိုရင်းနှီးတယ်လို့ ခံစားရတာ။”
“ဒါဆိုရင် ဒါက ‘ဓာတ်တူမှပေါင်းနိုင်တယ်’ ဆိုတဲ့ သဘောတရားကို ပြောတာပေါ့နော်..” လော့လင်းသည် မိမိ စာကြည့်တိုက်မှ ဖတ်ဖူးသည်ကို သတိရသွားသည်။ ‘ဆွဲငင်အားနိယာမ’ အကြောင်းကို လော့လင်း ပိုမိုနားလည်သွားအောင် အဘိုးသည် ဥပမာများ ထပ်မံပေးလိုက်သည်။
“သမီး စိတ်ညစ်ရတဲ့အကြောင်းတွေ စဉ်းစားဖူးတယ် မဟုတ်လား? ဒါပေမယ့် ကိုယ်က တွေးလေလေ အခြေအနေက ပိုဆိုးသွားတယ်လို့ ခံစားရတယ် မဟုတ်လား?” ဟု လော့လင်းကို မေးလိုက်သည်။
“ဟုတ်… ကျွန်မ ကြုံဖူးပါတယ်” ဟု လော့လင်း ၀န်ခံလိုက်သည်။
“ဒါက ဘာကြောင့်လဲဆိုတော့ ကိုယ်က အတွေးတစ်ခုကို တွေးနေချိန်မှာ ဆွဲငင်အားနိယာမဟာ ကိုယ်တွေးနေတဲ့ အတွေးနဲ့ တူတဲ့ တခြားအတွေးတွေကို ယူဆောင်လာပေးလိုက်တာ။ ဒါကြောင့်ကိုယ်က မပျော်ရွှင်တဲ့ အရာတွေကို တွေးမိရင် တွေးလေလေ စိတ်ဆင်းရဲလေလေ ဖြစ်လာတာပါ။”
အဘိုး၏ စကားသည် လော့လင်းကို သူမ ဖတ်ဖူးသော စာအုပ်ထဲမှ ဇာတ်လမ်းတစ်ခုကို သတိရသွားစေသည်။ စိတ်ပညာရှင်တစ်ယောက်သည် သူ၏ ပရိသတ်များကို မေးခွန်းတစ်ခု မေးဖူးသည်။ ခွေးဆိုးနှင့် ခွေးကောင်း ရန်ဖြစ်လျှင် မည်သည့် ခွေးအနိုင်ရမည်နည်းဟု မေးမြန်းလိုက်သည်။ တချို့သည် ခွေးဆိုး၊ တချို့သည် ခွေးကောင်းဟု အမျိုးမျိုး ပြောကြပါသည်။ နောက်ဆုံး ပညာရှင်မှ ပြန်ပြောလိုက်သည့်စကားမှာ အစာပို ကျွေးထားသော ခွေးသာ နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အကောင်းနှင့် အဆိုးတွင် မိမိပိုတွေးထားသော အရာသာ ဖြစ်လာမည် ဖြစ်ပါသည်။
“ခဏလေး..” ရုတ်တရက် လော့လင်းသည် အရေးကြီးသော မေးခွန်းတစ်ခုကို သတိရသွားသည်။ “ဒါဆို ကိုယ့်ရဲ့ ‘စွမ်းအင်ကြိမ်နှုန်း’ (Energy Frequency) ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ?”
“ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတွေကို ကြည့်လိုက်ရင် သိနိုင်တယ်လေ။” အဘိုးသည် ပြုံးလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ သမီးရဲ့ အတွေးအခေါ်၊ စိတ်ခံစားမှုတွေမှာရှိတဲ့ စွမ်းအင်ကြိမ်နှုန်း တွေဟာ သူတို့နဲ့ အလားတူ စွမ်းအင်ကြိမ်နှုန်း ရှိတဲ့ လူ၊ အရာဝတ္ထု၊ ကိစ္စတွေကို ဆွဲငင်လိုက်တာ။ ဒီအချက်နဲ့ပတ်သက်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ဆွေးနွေးမယ့် ‘ကြံတိုင်းအောင်နိုင်သည့်လျှို့ဝှက်ချက်’ မှာ ထပ်ပြောကြတာပေါ့။”
“ကြံတိုင်းအောင်နိုင်သည့်လျှို့ဝှက်ချက်?” လော့လင်း မျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှားစွာနှင့် အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။ လော့လင်းကို ပြန်သင့်ပြီဟု အချက်ပြနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လော့လင်းသည် မေးခွန်းအပြည့်နှင့် ပြန်လည်ထွက်ခွာသွားလေသည်။
လော့လင်းသည် အဘိုးအိုအိမ်မှ ပြန်လာသည့် အခေါက်တိုင်း တက်ကြွနေသည်ဟု ခံစားတတ်ရသော်လည်း ဤတကြိမ်တွင် စိတ်အနည်းငယ်ပျက်နေသည်။ သူမသည် စက်ဝိုင်းပုံကြီးရှိ အတားအဆီးများမှ ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို အလွန် သိချင်နေပါပြီ။ သို့သော် သူမ ပြန်ရလာသောအရာသည် ပိုမိုများပြားသော အိမ်စာများသာ ဖြစ်နေသည်။ “ဟင်း.. အချိန်မကျသေးဘူး ထင်ပါတယ်။” ဟုသာ ဖြေသိမ့်လိုက်ရသည်။
ယခုတခေါက်အတွက် အိမ်စာများသည် ပထမဦးဆုံး သိစိတ်နှင့် မသိစိတ် (Concious and Unconcious Mind) အကြောင်းများ လေ့လာရမည်။ သိစိတ်နှင့် မသိစိတ်နှစ်ခု၏ အလုပ်လုပ်ဆောင်ပုံနှင့် ကွာခြားချက်များကို မှတ်ထားရမည် ဖြစ်ပါသည်။ ထို့နောက် အဘိုးအို ပေးလိုက်သော ကြော်ငြာလက်ကမ်းစာစောင်တွင် ပါဝင်သော ရုပ်ရှင်ဇာတ်ကား သွားကြည့်ရပါမည်။
“ရုပ်ရှင်ကြည့်ရမယ့် အိမ်စာပါလား။ ငါ့အကြိုက်ပဲပေါ့။” လော့လင်းသည် စာကြည့်တိုက်တွင် ထိုင်ရင်း ရေရွတ်လိုက်သည်။ ရုတ်တရက် သူမ၏ ရှေ့တွင် အရိပ်တစ်ခုပေါ်လာသည်။ လွန်ခဲ့သော (၁၀) နှစ်ကျော် တက္ကသိုလ်တက်နေတုန်းအချိန်တွင် ကျင့်မင်သည် သူမရှေ့ကို ဤပုံစံဖြင့် ပေါ်လာတတ်စမြဲပင်။ ယခုတွင် အလင်းကို မည်သူကွယ်နေသည်ကို သိရန် ခေါင်းမော့လိုက်သောအခါတွင် …မျက်မှန်းတန်းမိသော မျက်နှာတစ်ခု… “ဟင်.. နင်က…” လော့လင်း လန့်သွားသည်။
“ဟုတ်တယ်။ ငါပဲလေ။ မှတ်မိသေးလား?” ခန့်ညားသော ယောက်ျားကြီးတစ်ယောက် လော့လင်းကို ပြုံးပြလိုက်သည်။
“လီကျင့်ရှင်း… နင်.. နင်ကနိုင်ငံခြားမှာ မဟုတ်လား?” လော့လင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားသည်။
“ငါ့ကို ဒီတက္ကသိုလ်မှာ ပါမောက္ခ ပြန်လာလုပ်ပေးဖို့ ဖိတ်ခေါ်လိုက်လို့လေ။” လီကျင့်ရှင်းပြန်ပြောလိုက်ရင်း.. “နင်ကော နေကောင်းလား?” ဟု လော့လင်းကို ပြန်မေးလိုက်သည်။
“ငါကကောင်းပါတယ်။” လော့လင်းသည် တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။
“အိမ်ကလူတွေကော နေကောင်းလား?”
“ကောင်းပါတယ်။”
လီကျင့်ရှင်းသည် လော့လင်း၏ တက္ကသိုလ်တုန်းက မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေသည်ဟု ဆိုသော်လည်း ယခုလို ပြန်တွေ့ရချိန်တွင် သူမ အတွက် နေရခက်နေသည်။ “ဒါကသူ့ရဲ့ စွမ်းအင် (Energy) တွေနဲ့ဆိုင်နေမလား?” လော့လင်းသည် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။
“ဘယ်လိုဖြစ်ပြီး စာကြည့်တိုက်ထဲ ရောက်နေတာလဲ?” လီကျင့်ရှင်းသည် ပြုံးပြီး မေးလိုက်သည်။
“ငါ.. ဟိုဒင်းလေ… သိစိတ်နဲ့ မသိစိတ် အကြောင်းတွေ ရှာဖတ်နေတာ။” လော့လင်းသည် သတိကြီးစွာနှင့် ပြန်ဖြေလိုက်သည်။ သူမေးခွန်းထပ်မေးလာမည်ကို ကြောက်နေသည်။
“ဒါဆိုရင် နင် ကာလ်ဂျန်းရဲ့ စာအုပ်တွေ ဖတ်သင့်တယ်။ အဲ့မှာ သေသေချာချာ ရှင်းပြထားတယ်။” လီကျင့်ရှင်းသည် သူနှင့် ကာလ်ဂျန်းသည် အရမ်းရင်းနှီးနေသည့်အတိုင်း ပြောပြနေသည်။
လော့လင်း အံ့အားသင့်သွားသည်ကို ကြည့်ပြီး လီကျင့်ရှင်း ပြန်လည်ရှင်းပြလိုက်သည်။
“စိတ်ပညာတွေကို ငါစိတ်ဝင်စားပါတယ်။ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့တယ်ဆိုပေမယ့် စိတ်ပညာနဲ့ပတ်သက်တဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တာ များတယ်။ နိုင်ငံခြားမှာရှိနေတုန်းကလည်း ကာလ်ဂျန်းရဲ့ ဟောပြောပွဲတွေ လိုက်တက်ဖူးတယ်။”
လီကျင့်ရှင်းနှင့် ယှဉ်လိုက်လျှင် လော့လင်းသည် စိတ်ပညာနှင့် ပတ်သက်ပြီး ဘာမျှမသိ၍ သိမ်ငယ်သည်ဟု ခံစားမိသည်။ သူမ၏ Ego ဖြစ်သော အတ္တမာနသည် ခြိမ်းခြောက်ခံနေရသလို ခံစားလာရ၍ လော့လင်းသည် “သြော်..ဟုတ်လား? ဒါဆို ငါ ကာလ်ဂျန်း စာအုပ်တွေ သွားရှာလိုက်အုံးမယ်..” ဟုဆိုကာ လှည့်ထွက်ရန် ကြိုးစားနေသည်။
“ဖုန်းနံပါတ်လေး ပေးခဲ့ပါလား။ မတွေ့တာလည်း ကြာနေပြီဆိုတော့ အားတဲ့ရက် တစ်ရက်မှာ ကော်ဖီလေး ဘာလေးသောက်ပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပြောကြတာပေါ့။” ဟု လီကျင့်ရှင်း တောင်းဆိုလိုက်သည်။
“ကောင်းတာပေါ့..” လော့လင်းသည် ဟန်ဆောင်ပြီးသာ ပြောလိုက်ရသည်။ စိတ်ထဲတွင် “ဘယ်သူက နင်နဲ့ တွေ့ဖို့အချိန်ရှိမှာလဲ။ ငါ့မှာ အဘိုးပေးလိုက်တဲ့ အိမ်စာတွေလုပ်ဖို့ အများကြီး ကျန်နေသေးတယ်။” ဟု ရေရွတ်လိုက်သည်။
လီကျင့်ရှင်း အကြံပေးလိုက်သည့် အတိုင်း လိုက်ရှာကြည့်သည့်အခါ လူတစ်ဦးတစ်ယောက်၏ သိစိတ်နှင့် မသိစိတ် အကြောင်းများကို ရှာတွေ့သည့်အပြင် လူအုပ်စုလိုက်၏မသိစိတ်နှင့် ပတ်သက်သော အချက်အလက် များကိုလည်း ရရှိလာသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်တွင် နာမည်ကြီး စိတ်ပညာရှင်တစ်ယောက်သည် လူ၏ မသိစိတ်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုမသိစိတ်သည် လူတစ်ယောက်၏ အတွေးအခေါ်၊ စိတ်ခံစားမှု၊ အပြုအမူများကို ထိန်းချုပ်ထားပါသည်။ ထို့အပြင် အခြားလူများနှင့်ပေါင်းသင်းဆက်ဆံရေး၊ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သော ကိစ္စများကိုပါ ထိန်းချုပ်ထားပါသည်။
“မသိစိတ်ဟာ မသိမမြင်နိုင်ပေမယ့် လူတွေရဲ့ အတွင်းအပြင်က အရာတွေအားလုံးကို ထန်းချုပ်ထားပါလား။ လူတွေရဲ့ အသိစိတ်ကအစ ကိုယ့်ကိုယ်ကို နားလည်မှု၊ အတွေးအခေါ်၊ ခံစားမှု၊ အယူအဆ စတာတွေဟာ မသိစိတ်ကနေပဲ လာတယ်လို့ ဆိုထားပါလား။ လူတွေဟာ အကုန်သိနေပြီလို့ ထင်နေတဲ့ ကိုယ်သိထားတဲ့ ကိုယ့်အကြောင်းဟာ ၁% လောက်ပဲ ရှိသေးတယ်ဆိုပဲ။ ကျန်တဲ့ ၉၉% ဟာ ကိုယ့်ရဲ့ မသိစိတ်တွေက လွှမ်းခြုံ ထားတယ်။ မသိစိတ်ဟာ လူတွေရဲ့ အရာရာတိုင်းကို ထိန်းချုပ်ထားနိုင်လောက်အောင် အင်အားကြီးမားနေပါလား။” လော့လင်းသည် ဖတ်နေရင်း မိမိမသိသော မိမိ၏ မသိစိတ်ကို ကြောက်သလိုလို ခံစားလာရသည်။
“ဒါဆို သိစိတ်နဲ့ မသိစိတ်ဆိုတာ Iceberg (ပင်လယ်ထဲမျောနေသော ရေခဲတောင်ကြီး) သီအိုရီလိုပဲပေါ့။ လူတွေရဲ့ သိစိတ်ဆိုတာ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲ ဖြစ်နေပြီး သူက ရေခဲတောင်တစ်ခုလုံးရဲ့ ၁% (တချို့နေရာတွင် ၅% (သို့) ၁၀% ဟု ဆိုထားသည်) လောက်ပဲ ရှိနေတာပေါ့။ သြော်… လူတွေရဲ့ သိနိုင်ရည်နဲ့ ထိန်းချုပ်နိုင်စွမ်းရည်ဟာ ထင်ထားတာထက် တော်တော်နည်းနေပါလား။” ဟု ကောက်ချက်ချရင်း လော့လင်းသည် စိတ်မကောင်းသလိုလို ခံစားနေရသည်။
ထို့နောက် လော့လင်းသည် မိုင်နေဆိုးဒါး မြို့နယ်ရှိ အမွှာပူး ယောက်ျားလေး နှစ်ယောက်၏ အကြောင်းကို သုတေသန ပြုလုပ်ထားသည့် ဇာတ်လမ်းကိုလည်း ဖတ်လိုက်မိပါသည်။ မိသားစု၏ ငွေရေးကြေးရေး အခက်အခဲကြောင့် အမွှာနှစ်ယောက်သည် မွေးကတည်းက ခွဲခံလိုက်ရပြီး မတူညီသော ပတ်ဝန်းကျင် အသိုင်းအ၀န်းတွင် ကြီးပြင်းလာခဲ့ကြသည်။ နှစ်ယောက်စလုံးသည် တစ်ယောက်အကြောင်း တစ်ယောက် မသိပေ။ သူတို့ အသက်သုံးဆယ်ကျော်သွားချိန်တွင် သုတေသီများသည် သူတို့ကို သတိပြုမိပြီး သူတို့အကြောင်းနှင့် ပတ်သက်၍ သုတေသန ပြုလုပ်ကြပါသည်။ သူတို့၏ အသက်ရှင် နေထိုင်ပုံ၊ အမူအကျင့်၊ စသည်တို့ကို လေ့လာကြည့်သောအခါတွင် သူတို့နှစ်ယောက်၏ဘ၀သည် ထူးဆန်းအံ့သြဖွယ်ရာကောင်းစွာ တူညီနေသည်ကို တွေ့ရသည်။
နှစ်ယောက်စလုံးသည် တစ်နှစ်တည်းတွင် မင်္ဂလာဆောင်ခဲ့သည်။ နှစ်ယောက်လုံး၏ မိန်းမသည် အမွှာပူး ဖြစ်နေသည်။ နှစ်ယောက်လုံးသည် တူညီသော ခွေးမျိုးကို မွေးထားပြီး ပေးထားသော နာမည်များပင် တူနေသည်။ တစ်ယောက်နှင့် တစ်ယောက် လုံးဝမသိသော သူတို့နှစ်ယောက်၏ ဘ၀နေထိုင်မှု ပုံစံသည် ၇၀% နှင့် အထက် တူညီနေပါသည်။ “မသိစိတ်က လူတွေရဲ့ ဘ၀တစ်ခုလုံးကို ထိန်းကျောင်းထားပါလား။” ဟုလော့လင်း ထပ်မံရေရွတ်လိုက်သည်။
သိစိတ်နှင့် မသိစိတ် အကြောင်းများ ဖတ်ပြီးချိန်တွင် လော့လင်းသည် ပင်ပန်းသကဲ့သို့ ခံစားရသည်။ နာရီကြည့်လိုက်ချိန်တွင် ရုပ်ရှင်ချိန်နှင့် နီးနေပါပြီ။ ရုပ်ရှင်နာမည်သည် ထူးခြားနေသည်။ “ကျွန်ုပ်တို့သိသင့်သောအရာ” ဖြစ်နေသည်။ ထိုရုပ်ရှင်သည် သက်ရှိ သတ္တ၀ါတို့၏ ဖွဲ့စည်းပုံ အဖုံဖုံနှင့် စိတ်ဝိညာဉ်တို့ ချိတ်ဆက်ထားပုံ အကြောင်းကို ရိုက်ကူးထားသည်ဟု ကြော်ငြာလက်ကမ်းစာစောင်တွင် အကျဉ်းချုံး ဖော်ပြထားသည်။
“ရုပ်ရှင်နာမည်ကလည်း မြင်လိုက်တာနဲ့ ပျင်းဖို့ကောင်းနေပြီ။”ဟု ရေရွတ်ရင်း ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်သွားမည်ကိုပင် စိုးရိမ်နေမိသည်။
ကြော်ငြာလက်ကမ်းစာစောင်ပါ လိပ်စာအတိုင်းလာလိုက်ရာ အခန်းငယ် တစ်ခုသို့ ရောက်ရှိလာသည်။ ဤအခန်းသည် ထိုင်ဝမ်မှ အမျိုးသမီးတစ်ယောက် လာရောက်ဖွင့်လှစ်ထားသော ရုံးခန်းဖြစ်သည်။ သူငယ်ချင်းတချို့မှ လွှဲ၍ အပြင်သူများကို ၀င်ခွင့်ပြုလေ့မရှိပါ။ ကြော်ငြာလက်ကမ်း စာစောင်များ ပါရှိသူများသာ ဤနေရာသို့ ၀င်လာနိုင်ပါသည်။
ရုံးခန်းထဲသို့ ၀င်လိုက်သည်နှင့် အခန်း၏ အပြင်အဆင်များသည် လော့လင်းကို ဆွဲဆောင်လိုက်သည်။ အခန်းတွင် ဖျန်းထားသော မွှေးရနံ့ သက်သက်လေး၊ အခန်း၏ အပြင်အဆင်၊ သုံးထားသော ပရိဘောဂ စသည်တို့သည် အခန်းလေးသို့ ၀င်လာသော လူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေပါသည်။
လော့လင်း ရောက်ရှိချိန်တွင် ရုပ်ရှင် မစတင်သေးပါ။ ထို့ကြောင့် လော့လင်းသည် အခန်းထဲရှိ စာအုပ်စင်ကို လိုက်ကြည့်နေမိသည်။ စာအုပ်အများစုသည် ထိုင်ဝမ်မှလာသော စာအုပ်များ ဖြစ်ပါသည်။ ကြည့်နေရင်း ကတုံးပုံနှင့် မျက်နှာဖုံး စာအုပ်ကို လော့လင်း သတိထားလိုက်မိသည်။ စာရေးဆရာကို ကြည့်လိုက်သော အခါတွင် အဘိုး အကြံပြုထားသော စာအုပ်၏ စာရေးဆရာ ကန်ဝီလ်ဘာ ဖြစ်နေသည်။ စာအုပ်အမည်သည် ‘အရာအားလုံး၏ သမိုင်းအကျဉ်းချုပ်’ ဖြစ်သည်။ လော့လင်းသည် စာအုပ်ကို ယူ၍ ဟိုလှန် ဒီလှန် ကြည့်လိုက်သည်။ အထဲရှိ စကားလုံးများသည် ဖတ်သာဖတ်တတ်သည် ဆိုလိုချင်သော အဓိပ္ပာယ်ကို အပြည့်အ၀ နားမလည်နိုင်။
“ဟင်း… အဘိုး အကြံပေးလိုက်တဲ့စာအုပ်တွေဟာ ဒီလိုပဲ နားလည်ရခက်တဲ့ စာအုပ်တွေ ဖြစ်နေမလား မသိဘူး။” လော့လင်းသည် တစ်ယောက်တည်း ညည်းတွားနေသည်။ ပိုင်ရှင်အမျိုးသမီးကို မြင်လိုက်ချိန်တွင် လော့လင်းသည် အားတင်းပြီး… “ဟိုလေ… ဒီစာရေးဆရာ ကန်ဝီလ်ဘာ ရေးထားတဲ့ ‘ရိုးရှင်းသော သက်ရှိများ၏ ပင်ကိုယ် - မိမိ၏ပင်ကိုယ်ကို မြတ်နိုးပါ (The Simple Feeling of Being - embracing the true nature’ ဆိုတဲ့ စာအုပ်ကို သိလား မသိဘူး?” ဟု မေးလိုက်သည်။
“အင်း.. သိတာပေါ့။” အမျိုးသမီးသည် ပြုံးပြီး ပြန်ဖြေလိုက်သည်။ “အဲ့စာအုပ်ကို ဒီကနေ သုံးလမ်းအကျော်မှာ ရှိတဲ့ ‘စမ်လင်း’ စာအုပ်ဆိုင်မှာ ၀ယ်လို့ရတယ်။” ဟု ဖော်ရွေစွာ ပြန်လည် ဖြေကြားလိုက်သည်။
ခဏအကြာတွင် ရုံးခန်းထဲသို့ လူတဖွဲဖွဲ ရောက်ရှိလာကြသည်။ လော့လင်းသည်လည်း ခုံမြန်မြန်ရှာပြီး နေရာယူလိုက်သည်။ ရုပ်ရှင် မပြသခင်တွင် ရုံးပိုင်ရုင်အမျိုးသမီးသည် ရုပ်ရှင်ဇာတ်လမ်း၏ နောက်ကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
“ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ် အမေရိကန်မှာ စတင်မိတ်ဆက်လိုက်ချိန်မှာပဲ အကျော်ကြားဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကျော်ကြားရတဲ့ အကြောင်းရင်းက ကြည့်သူများလို့ မဟုတ်ဘူး။ လူတစ်ယောက်တည်းကပဲ ထပ်ခါထပ်ခါ ပြန်ကြည့်နေလို့ပါ။ ရှေ့နေတစ်ယောက်ဆို ဒီဇာတ်ကားကို (၁၀) ခေါက်လောက် ကြည့်ခဲ့ဖူးတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့လင်းသည်… “သွားပြီ။ ရှေ့နေတောင် (၁၀) ခေါက်ကြည့်တာတောင် နားမလည်ဘူးဆိုရင် ငါတော့မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်။” သို့သော် အခန်းထဲရောက်နေပြီ ဖြစ်၍ ဇာတ်လမ်းကို နားမလည်သော်လည်း မင်းသားရုပ်ကိုသာ ကြည့်ပြီး ပြန်လိုက်မည်ဟု ဆုံးဖြတ်ပြီး ဆက်နေလိုက်သည်။
ရုံးပိုင်ရှင်အမျိုးသမီးမှ ရုပ်ရှင်၏ နောက်ကြောင်းကို ပြောပြအပြီး ရုပ်ရှင် စတင်ပြသပါတော့သည်။ ရုပ်ရှင်၏ ပထမအပိုင်းကို လော့လင်း စိတ်ဝင်စားစွာ ကြည့်နေသည်။ ပထမပိုင်းအပြီးတွင် ပြသသွားသည်များကို ပြန်လည်ရှင်းပြရန် ပိုင်ရှင်အမျိုးသမီး ထပ်မံထွက်ပေါ်လာသည်။
“ပထမပိုင်းမှာ အဓိက ပြသချင်တဲ့ အချက်ကတော့ လူတို့ရဲ့ ဦးနှောက်ဟာ စက္ကန့်တိုင်းမှာ ကုဋေပေါင်းလေးထောင် ခန့်ရှိတဲ့ အချက်အလက်များကို ရှင်းလင်းနေရပါတယ်။ ဒါပေမယ့် လူတွေရဲ့ သိစိတ်ဟာ နှစ်ထောင် ၀န်းကျင်ခန့်သာ ရှိတဲ့ အချက်အလက်တွေကိုပဲ လက်ခံသိရှိနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကိစ္စတစ်ခု/ အရာတစ်ခု ပေါ်မှာ မြင်တဲ့ အမြင်တွေဟာ ကိုယ်ဘယ်လိုရွေးချယ်ပြီး ကြည့်မယ်ဆိုတဲ့အပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားကြတာ။” ပြောရင်း ခဏလောက်နားလိုက်သည်။ တစ်ခန်းလုံးလည်း ကိုယ်စီအတွေးတွင် နစ်မျောသွားကြသည်။ တအောင့်ကြာမှ… “ကျွန်မတို့ရဲ့ ဦးနှောက်ဟာ ရွေးချယ်မှုကို အလိုအလျောက် ဘယ်လိုရွေးချယ်သွားတယ် ဆိုတာကလည်း ကိုယ့်ငယ်စဉ်ဘ၀မှာ သွန်သင်ခံခဲ့ရတဲ့ အယူအဆ၊ ယုံကြည်မှု၊ ဘာသာရေး၊ အတွေ့အကြုံ စတဲ့ အချက်တွေမှာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာတွေ၊ ဖြစ်ပျက်နေတဲ့ အရာတွေ အားလုံးဟာ ကိုယ်မြင်ချင်တဲ့ အရာတွေပဲ ဖြစ်နေပြီး ကျန်တဲ့ဟာတွေကို ဦးနှောက်က အလိုအလျောက် ဖျက်ပစ်လိုက်တယ်။”
“လူတွေရဲ့ ခံယူချက်နဲ့ အမြင်တွေဟာ ဒီလိုနဲ့ ဖြစ်ပေါ်လာတာလား?”ဟု လော့လင်းတွေးလိုက်သည်။
ရုပ်ရှင်ပထမအပိုင်းထဲတွင် အဘိုးအိုမှ လော့လင်းကို လေ့လာရန် ပြောခဲ့ဖူးသော ‘အရာအားလုံး၏ပင်ကိုယ်’ နှင့် ‘ဆက်ဆံသူသည် ဆက်ဆံခံရသူကို မည်သို့ လွှမ်းမိုးထားသည်’ ဆိုသော အကြောင်းများလည်း ပါဝင်နေပါသည်။ အဘိုးအိုထံမှ ကြိုတင်လေ့လာခဲ့ရသောကြောင့် ထိုအကြောင်းအရာများကို လော့လင်း လွယ်လွယ်နှင့် နားလည်သွားသည်။
ပိုင်ရှင်အမျိုးသမီး၏ နောက်ဆုံးနိဂုံးချုပ်စကားဖြစ်သော “အရာအားလုံးဟာ စွမ်းအင်တွေကြောင့် ဖြစ်ပေါ်လာရပြီး… ဆက်ဆံသူဟာ ဆက်ဆံခံရသူကို လွှမ်းမိုးနိုင်တဲ့ အတွက်ကြောင့် လူတွေဟာ ကိုယ့်ကမ္ဘာငယ်လေးကို ကိုယ်တိုင် ဖန်တီးလိုက်တာပါ။” ဆိုသော စကားကို လော့လင်း သိပ်လက်မခံနိုင်။
“ကိုယ့်ကမ္ဘာငယ်လေးကို ကိုယ်ဖန်တီးလိုက်တယ်? ဒါဆိုအားလုံးရဲ့ဘ၀ဟာ ကောင်းနေရမှာပေါ့။ ဘာကြောင့် ဒီလောကကြီးက အဲ့လောက်စိတ်ပျက်ဖို့ ကောင်းနေရတာလဲ?” လော့လင်းသည် တွေးသာတွေးနေသည်။ မေးခွန်းပြန်မမေးရဲပေ။
ရုပ်ရှင်၏ ဒုတိယပိုင်း စတင်လာပါသည်။ ရုပ်ရှင်ထဲတွင် ပြသသော ခန္ဓာဇီဝနှင့် ဦးနှောက်၏ ဆက်နွယ်မှုများကို ကြည့်နေရင်း လော့လင်း အိပ်ပျော်သွားပါသည်။ ပြသသွားသော ဒုတိယပိုင်းရုပ်ရှင်ကို ပြန်လည်ရှင်းပြရန် ထွက်လာသော ပိုင်ရှင်အမျိုးသမီး၏ အသံကြားမှသာ လော့လင်း ပြန်လည်နိုးကြားလာသည်။
“တကယ်လို့ သင်ဟာ တူညီတဲ့ အလုပ်တစ်ခုကိုပဲ ထပ်ခါထပ်ခါ လုပ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဆဲလ်တွေဟာ အဲ့ဒီအလုပ်ကို ကျင့်သားရသွားပြီး အဲ့အလုပ်အတွက် လုပ်ငန်းစဉ်တွေကို အလိုအလျောက် လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။” “ဥပမာ သင်ဟာ နေ့တိုင်းဒေါသထွက်နေမယ်။ စိတ်အားငယ်နေမယ်။ စိတ်ပျက်ဝမ်းနည်းနေမယ်။ စတာတွေပဲ နေ့တိုင်းထပ်ခါထပ်ခါ ဖြစ်နေမယ်ဆိုရင် အဲ့ဒါတွေဟာ သင့်ဘ၀ရဲ့ နေ့စဉ်ခံစားချက်ဖြစ်စဉ်တွေ ဖြစ်သွားမှာပါ။”
“ဒါဆို ငါ့မှာ ဒေါသထွက်တတ်တဲ့ ဆဲလ်တွေက တော်တော်ကြီးနေလောက်ပြီ ထင်တယ်။” ဟု လော့လင်း တွေးလိုက်သည်။
“အဆိုးဆုံးကတော့…” ပိုင်ရှင် အမျိုးသမီးသည် အသံကို မြှင့်လိုက်ပြီး.. “သင့်ဦးနှောက်ကနေ ခံစားချက်တစ်ခုခုကို ထုတ်လွှင့်လိုက်တဲ့အချိန်မှာ သင့်ရဲ့ Cranial အာရုံကြောဟာ အဲ့ဒီ အချက်အလက်တွေကို သင့်ခန္ဓာကိုယ်ဆဲလ်တွေဆီကို ပို့လွှတ်လိုက်ပြီး Peptides လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေကို ဖွဲ့စည်းလိုက်တယ်။ သွေးလည်ပတ် စီးဆင်းမှုနဲ့အတူ အဲဒီ Peptides တွေဟာ သင့်ရဲ့ခန္ဓာကိုယ်အနှံ့အပြား မှာရှိတဲ့ အာရုံကြောတွေဆီကို ရောက်ရှိသွားကြတယ်။ အချိန်ကြာလာတဲ့အခါမှာ သင့်ရဲ့ အာရုံကြောတွေဟာ Peptides တချို့တွေကို အရသာတွေ့သွားတယ်။ သင်ဟာ အမြဲဒေါသထွက်နေတဲ့သူဆိုရင် ဒေါသမထွက်ရတာ ကြာသွားရင် သင့်ရဲ့ အာရုံကြောတွေက သင့်ကို ဒေါသထွက်ဖို့ လှုံ့ဆော်လာကြတယ်။”
ဒီစကားကို ကြားလိုက်တော့ လော့လင်းသည် တော်တော်လန့်သွားပြီး … “ဒါက မူးယစ်ဆေးစွဲတာနဲ့ အတူတူပဲပေါ့!?” ဟု ကောက်ချ ချက်လိုက်သည်။
အလွန်ပင်ပန်းနေပြီဖြစ်၍ လော့လင်း ဆက်ပြီး မကြည့်နိုင်တော့ပါ။ ရုပ်ရှင် တတိယပိုင်း စတင်ပြသနေချိန်တွင် သူမ ထွက်လာလိုက်သည်။
အိမ်ပြန်ရောက်ချိန်တွင် ကျင့်မင် ပြန်မရောက်သေးပါ။ တက္ကသိုလ်တွင် ပါတီပွဲတစ်ခုရှိ၍ အပြန်နောက်ကျမည်ဟု ပြောထားဖူးသည်ကို ပြန်လည် အမှတ်ရလာသည်။ လော့လင်းဗိုက်ဆာလာသဖြင့် မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်စားသောက်လိုက်သည်။
အဘိုးအိုနှင့် တွေ့ပြီးနောက်ပိုင်း မိမိ၏ ဒေါသသည် တော်တော်လျော့သွားသည်ဟု လော့လင်း သတိထားမိသည်။
သို့သော် သူမနှင့် ကျင့်မင်သည် ဝေးသထက်ဝေးသွားသကဲ့သို့ ခံစားနေရသည်။ အရင်တွင် အိမ်ပြန်ရောက်လျှင် ကုမ္ပဏီအကြောင်း ညည်းတွားပြလို့ရသည်။ သို့သော် အခုနောက်ပိုင်း လော့လင်းသည် အဘိုး၏ စကားများကိုသာ တွေးတောနေချိန်များပါသည်။ ကျင့်မင်သည်လည်း အခုနောက်ပိုင်းတွင် အရမ်းနှုတ်ဆိတ်နေသည်။ နှစ်ယောက်သား၏ အချစ်ရေးသည် အေးသထက် အေးစက်လာသည်။
လော့လင်းသည် အဘိုးအိုနှင့် ပတ်သက်သော ကိစ္စကို ယခုအချိန်ထိ ကျင့်မင်ကို မပြောပြရသေးပေ။ သူမ ကိုယ်တိုင်ပင် ဇဝေဇ၀ါဖြစ်နေသောကြောင့် မပြောပြချင်သေးပါ။ အားလုံးရှင်းသွားသောအခါတွင် ကျင့်မင်ကို ပြောပြမည်ဟု တွေးထားပါသည်။
တွေးရင်းတွေးရင်း လော့လင်းသည် ဆိုဖာပေါ်တွင် အိပ်ပျော်သွားပြီး အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားသည်။
တံခါးဖွင့်သံကြားလိုက်မှ လော့လင်း လန့်နိုးသွားသည်။ နာရီကြည့်လိုက်ချိန်တွင် ည ၁၂ နာရီ ကျော်နေပါပြီ။ တံခါးဖက်သို့ လှည့်ကြည့်လိုက်ချိန်တွင် အရက်မူးနေသော ကျင့်မင်ကို တွေ့လိုက်သည်။ ခါတိုင်းတွင် ကျင့်မင် မူးပြီး ပြန်လာပါက လော့လင်းသည် အမြဲ ပူညံ ပူညံ လုပ်တတ်သော်လည်း ယနေ့တွင်မူ မျက်နှာနီနေသော ကျင့်မင်သည် ချစ်ဖို့ကောင်းနေသည်ဟု မြင်နေမိသည်။
လော့လင်းမအိပ်သေးသည်ကို တွေ့လိုက်ရချိန်တွင် ကျင့်မင် အံ့အားသင့်သွားပါသည်။ ထို့နောက်… “ဟို..ကာရာအိုကေသွားလိုက်လို့ အပြန်နောက်ကျသွားတယ်။” ဟု အပြစ်လုပ်ထားသော ကလေးသည် အဆူခံရမည်စိုးသော လေသံနှင့် ပြောလိုက်သည်။
ကျင့်မင်သည် လော့လင်း စိတ်ဆိုးနေမည်ဟု ထင်ထားသော်လည်း သူမသည် စိတ်မဆိုးသည့်အပြင် သူ့ကိုအိပ်ခန်းသို့ တွဲပြီး ပို့ပေးလိုက်သည်။ လော့လင်းသည် အရင်နှင့် မတူတော့ဘဲ အမူအကျင့်များ ပြောင်းလဲနေသည်ကို ကျင့်မင် အံ့အားသွားလေသည်။
လော့လင်းသည် ပင်ပန်းနွမ်းနယ်စွာနှင့် အဘိုးအိုအိမ်သို့ ရောက်ရှိလာသည်။ မနေ့ညတွင် သေချာအိပ်မပျော်ခဲ့သည့်အပြင် ဒီနေ့လည်း ရုံးတွင် တစ်နေကုန် အစည်းအဝေး ထိုင်ခဲ့ရသည်။ အစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့သည့်အကြောင်းမှာ လာမည့်တစ်ပတ်အတွင်း ပစ္စည်းသစ်မိတ်ဆက်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်မည့် အကြောင်းများဖြစ်သည်။
သူဌေးများသည်လည်း စီစဉ်ထားသည်များကို ထောင့်စေ့အောင် လိုက်လံမေးမြန်းကြသည်။ အရောင်းဌာနနှင့် မားကက်တင်းဌာနနှစ်ခု၏ ဒါရိုက်တာ နှစ်ယောက်သည်လည်း သူ့ထက်ငါ မျက်နှာပန်းသာချင်၍ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။
“ပင်ပန်းလိုက်တာ...” ဟု လော့လင်း ညည်းတွားလိုက်သည်။ “ဘာလို့ ရာထူးကြီးလေ သူတို့ရဲ့ ego (အတ္တ) တွေကလည်း ပိုကြီးလာနေလဲ မသိဘူး?!” လော့လင်းသည် တစ်ကိုယ်တော် ရေရွတ်ရင်း အဘိုး ငှဲ့ပေးလိုက်သော ရေနွေးကို သောက်ကာ ခဏလောက် အနားယူလိုက်မှ ပြန်လည်လန်းဆန်းလာသည်။ ထို့နောက် အဘိုးအား သူမ လေ့လာထားသော အကြောင်းအရာများကို စတင် အစီရင်ခံလေတော့သည်။
“မသိစိတ်က အဲ့လောက်တောင် စွမ်းအား ကြီးမားတာလား?” ဟု လော့လင်းသည် အစမရှိ အဆုံးမရှိဘဲ စတင်မေးလိုက်သည်။ အဘိုးအိုသည်လည်း သူမ ဆိုလိုချင်သော အဓိပ္ပာယ်ကို နားလည်လေသည်။ ထို့ကြောင့် အဘိုးအိုသည် မြေဖြူကို ယူ၍ နံရံပေါ်၌ ပုံတစ်ပုံကို ရေးဆွဲနေသည်။ အရင်ဆုံး မြင်းတစ်ကောင်ကို ဆွဲလိုက်သည်။ ထို့နောက် မြင်းလှည်း၊ ပြီးလျှင် မြင်းလှည်းမောင်းသူကို ဆက်ဆွဲနေသည်။ နောက်ဆုံးတွင် ခရီးသည်တစ်ယောက် ထပ်ဆွဲလိုက်သည်။
အဘိုးအို ဆွဲနေသောပုံသည် ဘာကိုဖော်ပြသည်ကို လော့လင်း နားမလည်နိုင်သော်လည်း ပုံလေးသည် စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။
“ဒီပုံက လူ့ဘ၀ကို ကိုယ်စားပြုတယ် ဆိုပါစို့..” အဘိုးသည် စတင်ရှင်းပြနေပြီ။ “မြင်းလှည်းရဲ့တည်ဆောက်ပုံနဲ့ အရည်အသွေးဟာ လူတွေရဲ့ကံကို ကိုယ်စားပြုနေတယ်။ တချို့လူတွေဟာ ကံကောင်းတယ်။ ခြောက်ဘီးပါတဲ့ မြင်းလှည်းလိုမျိုးပေါ့။ မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာမယ်။ ဒါမှမဟုတ် ဉာဏ်ကောင်းမယ်။ ဒါမှမဟုတ် ချောမောလှပနေမယ်။ အဲ..တချို့ကျတော့လည်း နှစ်ဘီးပဲပါတဲ့ မြင်းလှည်းလိုဖြစ်နေတယ်။ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာမယ်။ ဒါမှမဟုတ် ဉာဏ်မကောင်းကြဘူး။ ဒါမှမဟုတ် ရုပ်ဆိုးကြမယ်. စသဖြင့်ပေါ့။ ပြီးတော့ မြင်းလှည်းတိုင်း သွားရမယ့် ဒီလမ်းခရီးဟာ လောကဓံတွေပေါ့။ တခါတလေမှာ ကောင်းပြီး ကျယ်တဲ့လမ်းတွေ တွေ့မယ်။ တခါတလေမှာ ကျဉ်းပြီး ကြမ်းတမ်းတဲ့လမ်းတွေ တွေ့မယ်။ ကံကောင်းရင် လောကဓံကို မမှုဘူး ဆိုတဲ့ ရှေးစကားအတိုင်းပဲ မြင်းလှည်းကောင်းနေရင် လမ်းနည်းနည်း ကြမ်းရင်လည်း ဘာမှ မဖြစ်ဘူးလေ။ ဒါပေမယ့် နှစ်ဘီးပဲ ရှိတဲ့ မြင်းလှည်းဆိုရင် ချိုင့်လေးတစ်ခုနဲ့ တွေ့ရင်တောင် တုန်ခါသွားတတ်တယ်လေ။”
အဘိုးအိုပြောနေသည်များကို နားထောင်ရင်း ရှေးဟောင်းသိုင်းကားရှိ ဇာတ်လမ်းများကို ပြေးမြင်ယောင်မိ၍ လော့လင်း ပြုံးလိုက်သည်။
“ဒီမြင်းကို အားကိုးမှ ဒီမြင်းလှည်းက ရှေ့ဆက်သွားလို့ရမှာ..” အဘိုးအိုသည် ဆက်လက်ပြောနေသည်။
“ဒါဆို သမီးက ဒီမြင်းကို ‘နင့်မှာ ရှေ့ကိုဘယ်လိုသွားဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိလား?’ လို့ မေးလိုက်ရင် ဒီမြင်းကလည်း ‘သိပ်ရှိတာပေါ့။ အခုလည်း ဒီမြင်းလှည်းတစ်ခုလုံး ရှေ့ဆက်သွားနိုင်ဖို့ ငါကြိုးစားနေတာပဲလေ။ ငါသာမရှိရင် ဒီမြင်းလှည်းက လှုပ်တောင် လှုပ်နိုင်မှာ မဟုတ်ဘူး..’ ဆိုပြီး ပြန်ပြောလာလိမ့်မယ်။ အဲ့ချိန်ကျရင် သမီးကဒီမြင်းကို ထပ်မေးရမှာက ‘ဒါဆိုနင်ခုနက ဘာလို့ ညာဘက်ကို ကွေ့လိုက်သလဲ?’ မြင်းကလည်း ‘အင်း..ငါ့ညာဘက်မျက်နှာက တင်းနေသလို ခံစားရလို့ ညာဘက်ကို ကွေ့လိုက်တာလေ..” လို့ ပြန်ဖြေလိမ့်မယ်။” အဘိုးအိုသည် ခဏရပ်ပြီး လော့လင်းကို ကြည့်လိုက်သည်။
ဉာဏ်ကောင်းသော လော့လင်းသည် မြင်း၏ အခန်းကဏ္ဍကို ချက်ချင်းနားလည်သွားသည်။ ဒီပုံပြင်ထဲရှိ မြင်းသည် လူတို့၏ အသိစိတ်ကို ကိုယ်စားပြုနေသည်။ လူတို့သည် ကိုယ့်ဘ၀ကို ကိုယ်ပိုင်သည်။ ထိန်းချုပ်နိုင်သည်။ လွတ်လပ်စွာ ရွေးချယ်နိုင်သည်ဟု မှတ်ယူထားတတ်ကြသည်။ သို့သော် တကယ်တမ်းတွင် လူတို့သည် သတ်မှတ်ပြီးသား ဖြစ်နေသောပုံစံ တစ်ခုအောက်တွင် အသက်ရှင်နေသော စက်ရုပ်များကဲ့သို့ ဖြစ်နေသည်။ အချိန်တော်တော်များများတွင် အခြားသော စွမ်းအားကြီးသည့် ထိန်းချုပ်မှုအောက်များတွင် ရောက်မှန်းမသိ ရောက်နေတတ်သည်။ ဤမြင်းကဲ့သို့ပင် မိမိ၏ ညာဘက်ပါးသည် မြင်းလှည်းဆရာမှ ညာဘက်ကြိုးကို ဆွဲလိုက်သောကြောင့် တင်းသွားသည်ကို မသိနိုင်ဘူး ဖြစ်နေသည်။
“ဒါဆို ဒီမြင်းလှည်းဆရာက ကျွန်မတို့ရဲ့ မသိစိတ်ပေါ့နော်?” လော့လင်းမေးလိုက်သည်။
အဘိုးအိုသည် ခေါင်းညိတ်လိုက်ရင်း… “အင်း.. မသိစိတ်ဆိုတာ လူ့ဘ၀ရဲ့ အလိုအလျောက် ထိန်းချုပ်မှုစနစ် နဲ့တူနေပါတယ်။” “ဒါပေမယ့် တကယ်အမိန့်ပေးတဲ့သူက နောက်မှာထိုင်နေတဲ့ ခရီးသည် ဖြစ်ရမှာပေါ့နော်? ခရီးသည်က အရှေ့ဘက် သွားမယ်ဆိုရင် မြင်းလှည်းဆရာက အနောက်ဘက်မောင်းရဲမှာ မဟုတ်ဘူးလေ..” ဟု လော့လင်းထပ်မံ မေးမြန်းလိုက်သည်။ အဘိုးအိုသည်လည်း မှန်ကန်ကြောင်း ခေါင်းညိတ် ထောက်ခံပေးလိုက်သည်။
သို့သော်.. ဤခရီးသည် သည် အဘယ်သူနည်း??? လော့လင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေသည်။ ထို့နောက် နံရံပေါ်ရှိ မြင်းလှည်းပုံကို ကြည့်လိုက် ကြမ်းပြင်ပေါ်တွင်ဆွဲထားသော စက်ဝိုင်းပုံကြီးကို ပြန်ကြည့်လိုက် လုပ်နေသည်။
“ဟ… ဟုတ်သားပဲ! ဒီခရီးသည်က စစ်မှန်တဲ့မိမိ ဖြစ်နေတယ်လေ!” ဟု အဖြေရှာတွေ့သွားသော ကလေးတစ်ယောက်အလား ၀မ်းသာအားရ အော်လိုက်သည်။ အဘိုးသည် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ခဏလေးအတွင်းမှာပင် လော့လင်း၏ မျက်နှာ ပြန်လည် ညှိုးငယ်သွားလေသည်။ ပုံများကို ကြည့်ရင်း အလေးအနက်တွေးနေပြန်သည်။ ထို့နောက်… “ဒါပေမယ့် လူတွေဟာ စစ်မှန်တဲ့မိမိနဲ့ ဘယ်လို ဆက်သွယ်ရမှာလဲ?” လော့လင်းသည် အဘိုးအိုကို မေးလိုက်သည်။ “ဒီမေးခွန်းက အရင်က ကျွန်မမေးခဲ့ဖူးတဲ့ စစ်မှန်တဲ့မိမိကို ရှာတွေ့ဖို့ အတွက် အတားအဆီးတွေကို ဘယ်လိုဖြတ်ကျော်ရမှာလဲ ဆိုတဲ့ မေးခွန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။”
“ဟုတ်ပါတယ်။” အဘိုးသည် ပြန်ပြောလိုက်သည်။ “စစ်မှန်တဲ့မိမိကို ရှာဖွေဖို့ဆိုရင် ပထမဆုံး မသိစိတ် ရာခိုင်နှုန်းတွေကို အတတ်နိုင်ဆုံး လျော့ချပြီး သိစိတ်ကို တိုးရမယ်။ ဒီလိုမှ စစ်မှန်တဲ့မိမိနဲ့ ပိုပြီး နီးကပ်လာမှာ..” ပြောရင်းအဘိုးသည် စက်ဝိုင်းပုံကြီးတွင် စာတချို့ ထပ်ရေးဖြည့်လိုက်သည်။
“ဒါကြောင့် သမီးက ၅% လောက်ရှိတဲ့ ဒီအသိစိတ် တွေကို တိုးချဲ့ပေးရမယ်။” ဟုပြောရင်း စက်ဝိုင်ပုံကြီးပေါ်တွင် ထောက်ပြလိုက်သည်။
“အရင်ဆုံး ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရေးထားပြီးသားဖြစ်တဲ့ အလိုအလျောက် ပရိုဂရမ် (auto-programming) တွေဟာ ဘာတွေလဲဆိုတာ ရှာဖွေရမယ်။ သူတို့ကို အသိစိတ် အပိုင်းထဲ ယူဆောင်လာပြီး ကိုယ့်ဘ၀အတွက် အသုံးမလိုတော့တဲ့ တချို့ ဘ၀နေထိုင်မှုပုံစံတွေကို အသိစိတ်ကနေတဆင့် ပယ်ဖျက်လိုက်လို့ရတယ်။”
“ဘုရား..ဘုရား… ဒါတွေက ဖြစ်နိုင်ချေရှိတဲ့စကားတွေ ဟုတ်ပါတယ်နော်?” လော့လင်း ကိုယ့်နားကိုယ်ပင် မယုံနိုင် ဖြစ်နေသည်။
“ကိုယ်မလိုချင်တာ ပယ်ဖျက်ပြီး ကိုယ်လိုချင်တာ သွင်းလို့ရရင် ဘာလို့ အစကတည်းက လူ့ဘ၀ပုံစံတွေကို သေသေချာချာ ဒီဇိုင်းမဆွဲခဲ့တာလဲ? ကျွန်မ ငယ်ငယ်ကတည်းက ခံစားခဲ့ရတဲ့ ဒုက္ခတွေကကော ဘာတွေလဲ? ဒီအရာတွေအားလုံးကို ဘယ်သူက ထိန်းချုပ်ထားတာလဲ?” ပြောရင်း လော့လင်းသည် စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူ့စိတ်ကို သူပြန်ထိန်းလိုက်ပြီး… “ဒီ အလိုအလျောက်ပရိုဂရမ် (auto-programming) နဲ့ လူ့ဘ၀နေထိုင်မှု ပုံစံတွေကို ဘယ်သူတွေက ကျွန်မတို့အတွက် ရေးပေးခဲ့တာလဲ?” ဟု သူမ ဘ၀ကို ဒုက္ခပေးခဲ့သော တရားခံကို ရှာဖွေနေသည့်အလား မေးလိုက်သည်။
“ဒါက ပြောရရင် အရှည်ကြီးပဲ..” အဘိုးအိုသည် ခဏလောက် တွေးလိုက်ပြီး … “ကိုယ်မွေးကတည်းက ပါတဲ့ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်တွေ ဥပမာ - ရှက်တတ်တဲ့သူ၊ ဖော်ရွေတဲ့သူ၊ စသဖြင့်ပေါ့။ ပြီးတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ မိသားစု၊ ကျောင်း၊ သူငယ်ချင်းတွေ စတဲ့အရာတွေအားလုံးဟာ ကိုယ့်ရဲ့ အတွေးအခေါ်၊ လောကကြီးကို မြင်တဲ့အမြင်၊ ထင်တဲ့အယူအဆ၊ အမူအကျင့်တွေကို လွှမ်းမိုးထားတာ…”
လော့လင်း၏ နားမလည်နိုင်သော မျက်နှာကိုကြည့်ပြီး အဘိုးအိုသည်… “သမီးကို ဥပမာ တစ်ခု ပြောပြမယ်။ ဖခင်တစ်ယောက်ဟာ သူ့မိန်းမနဲ့ ကလေးသုံးယောက်ကို ထားခဲ့ပြီး ထွက်သွားလိုက်တယ်။ သားကြီး ကြီးလာတော့ အရမ်းကောင်းပြီး တာဝန်ယူစိတ်ရှိတဲ့ ဖခင်ကောင်း တစ်ယောက်ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မသိစိတ်မှာ ‘ငါက ငါ့အဖေလိုမျိုး အိမ်ကို နာကျင်အောင် လုပ်တဲ့သူ မဖြစ်စေရဘူး..’ လို့ ခံယူထားတယ်။ သားလတ်က အိမ်ထောင်မကျပဲ လူပျိုကြီးအဖြစ်နဲ့ နေသွားတယ်။ သူ့မသိစိတ်မှာ ‘အိမ်ထောင်ရေးကို ငါမယုံကြည်ဘူး။ ငါလဲငါ့အဖေလို ဖြစ်သွားနိုင်တယ်။’ လို့ ခံယူထားတယ်လေ။ သားငယ်လေးက အဖေ့ခြေရာလိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်။ သူ့မသိစိတ်က ‘ငါဟာ ဖအေတူသားဆိုတော့ အဖေ့လို လိုက်လုပ်ရမယ်’လို့ ခံယူထားလိုက်လို့ပါ။”
အဘိုးအိုသည် လော့လင်းကို ကြည့်လိုက်သည်။ သူမသည် အခုထိ ပြည့်ပြည့်၀၀ နားမလည်နိုင်သေးပါ။
ထို့ကြောင့် အဘိုးအိုသည် မြေဖြူကို ယူပြီး နံရံပေါ်တွင် ပုံသေနည်းတစ်ခု ချရေးလိုက်သည်။ လူ့ဘ၀နေထိုင်မှုပုံစံ = ပင်ကိုယ်စရိုက် × ဘေးပတ်ဝန်းကျင် × သင်ယူလေ့လာမှုများ × ကြုံတွေ့ရသောကိစ္စများ × ရှေးဘ၀ကုသိုလ်ကံ (သင်ယုံကြည်ပါက)
“သမီး ဒီပုံသေနည်းကို သေချာကြည့်လိုက်။ အပေါင်းလက္ခာဏာမဟုတ်ဘူး။ အမြှောက် လက္ခာဏာတွေနော်။ ဒါကြောင့် ပတ်ဝန်းကျင်တွေကြောင့် ပြောင်းလဲမှုတွေက တော်တော်ကြီးမားလာပြီး ကိုယ့်ရဲ့ လူ့ဘ၀ နေထိုင်မှုပုံစံကလည်း ရှုပ်ထွေးသွားတာ။” ဟု အဘိုးသည် ထပ်လောင်း ပြောလိုက်သည်။
လော့လင်းသည် နားမလည်တလည် ဖြစ်နေသော်လည်း ထိရောက်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။ “ဒါဆို ကျွန်မတို့ရဲ့ မသိစိတ်မှာ ဘယ်လိုမျိုး ဘ၀နေထိုင်မှုပုံစံတွေက သူ့အလိုအလျောက် လုပ်ဆောင် လည်ပတ်နေတာလဲ? ရှာတွေ့သွားပြီဆိုရင် ကိုယ်မလိုချင်တဲ့ ဘ၀နေထိုင်မှုပုံစံတွေကို ဘယ်လို ဖယ်ထုတ်ရမှာလဲ?”
“အရမ်းကောင်းတဲ့ မေးခွန်းပါ..” အဘိုးသည် အားရစွာ ပြောလိုက်သည်။ “မသိစိတ်ထဲက အရာတွေဟာ နည်းလမ်းမျိုးစုံနဲ့ လူတွေရဲ့ သိစိတ်နဲ့ ဆက်သွယ်နေကြတယ်။ သမီးခံစားလို့ ရမရဆိုတာကိုပဲ ကြည့်ရမှာ။ ခံစားလို့ရပြန်ရင်လည်း သူ့ကို နားလည် နိုင်မနိုင်ဆိုတာရောပေါ့။” အဘိုးအိုသည် ခဏလောက်ရပ်ပြီး ပြုံးလိုက်သည်။ “ဒါက သမီးရဲ့ ဒီတစ်ပတ် အိမ်စာပဲ..”
ထိုစကားကြားလိုက်ရသောအချိန်တွင် လော့လင်းသည် စိတ်ဓာတ်ကျသွားပြီး စကားပြန်မဟပ်နိုင်တော့ပေ။
“အဲ့လောက်လည်း စိတ်မလောပါနဲ့။ နောက်ကျရင် သမီးကို မသိစိတ်မှာ ရှိနေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမှာလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။” အဘိုးအိုသည် ပြောရင်း.. “ဒါနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်စာကော?”
“ရုပ်ရှင်က ကြည့်ပြီးသွားပါပြီ။ ဒါပေမယ့်သိပ်နားမလည်ဘူး။ စာအုပ်ကတော့ ၀ယ်ထားပြီးတော့ မဖတ်ရသေးပါဘူး။” ဟု လော့လင်းသည် အမှန်အတိုင်း ပြောပြလိုက်သည်။
“ကိစ္စမရှိပါဘူး။ အခု လေ့လာခိုင်းနေတဲ့ အချက်အလက်တွေကို နောက်ပိုင်းကျရင် အသုံးလိုလာမှာပါ။ အဲ့ချိန်ကျမှ ရုပ်ရှင်ကို နောက်တစ်ခေါက်လောက် ထပ်သွားကြည့်ပေါ့။ တစ်ခေါက်တည်း ကြည့်လိုက်တာနဲ့ သမီးနားလည်သွားမယ် ဆိုတာကိုလည်း အဘိုး မမျှော်လင့် ထားပါဘူး။” ဟု အဘိုးသည် ပြောရင်း မျက်စိမှိတ်လိုက်သည်။ စကားသံ ထပ်မကြားရတော့သဖြင့် လော့လင်းသည် သွားရန် အချိန်တန်နေပြီ ဆိုသည်ကို သိသွားသည်။
“အင်း.. ဟုတ်ပါတယ်လေ။ ဒီလောက်ရှုပ်ထွေးတဲ့လူ့ဘ၀ကို ခဏအတွင်းမှာပဲ အကုန်နားလည်သွားနိုင်တာမှ မဟုတ်တာ။ ဖြည်းဖြည်းပေါ့။ ယုံကြည်ချက်ရှိရင် တစ်နေ့ ငါ့စိတ်ကိုငါနားလည်သွားမှာပါ။” ဟု လော့လင်းသည် မိမိကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်ပေးလိုက်ပြီး အဘိုးအို၏အိမ်မှ ထွက်လာလိုက်သည်။
“မသိစိတ်က လူတွေကို ဘယ်လိုနည်းနဲ့ ဆက်သွယ်နေကြတာလဲ?” ဤမေးခွန်းသည် လော့လင်း၏ ခေါင်းတွင် ပဲ့တင်ထပ်နေသည်။
ယနေ့ကုန်ပစ္စည်းမိတ်ဆက်ပွဲတွင် လော့လင်းသည် အဘိုးအိုမှ သင်ယူထားသော သင်ခန်းစာများကို လက်တွေ့ အသုံးချလိုက်သည်။ ခါတိုင်းဆိုလျှင် ပွဲမတိုင်ခင် ရှေ့တစ်ရက်ကပင် လော့လင်းသည် စိတ်လှုပ်ရှားပြီး မအိပ်နိုင်ပေ။ ပွဲရက်တွင်လည်း ရင်တွေခုန်ပြီး ဇောချွေးများ ပြန်နေတတ်ပါသည်။ ပွဲပြီးဆုံးသွားသော်လည်း အလွန်ပင်ပန်းနွမ်းနယ်သကဲ့သို့ ခံစားနေရပြန်သည်။
သို့သော် ယခုတစ်ခေါက်တွင် အဘိုးအို ပြောထားသောစကားဖြစ်သော “ငါဟာ ငါရဲ့အလုပ်မဟုတ်ဘူး။ ငါဟာ ငါရဲ့ရလဒ်မဟုတ်ဘူး။ ငါဟာ ငါရဲ့အောင်မြင်မှု မဟုတ်သလို ကျရှုံးမှုလည်း မဟုတ်ဘူး။ ဒီအပြင်က အရာတွေဟာ အတွင်းမှာ ရှိနေတဲ့ ‘ငါ’ အစစ်အမှန်ကို ဘယ်လိုမှ ထိခိုက်နိုင်မှာ မဟုတ်ဘူး။ ငါ့ ego (အတ္တ) ရဲ့ အတုအယောင်ခံယူထားချက် တွေကို သတိထားရမယ်!” ကိုစိတ်နှလုံးသွင်းထားပြီး မိမိကိုယ်မိမိ အတန်တန် သတိပေးနေခဲ့သောကြောင့် ရလဒ်သည်လည်း ခါတိုင်းနှင့် မတူဘဲ တမူထူးခြားသွားပါသည်။
လော့လင်းသည် စစ်မှန်သောမိမိကို မခံစားမိသေးသော်လည်း မိမိ ego (အတ္တ) ၏ အတုအယောင် ခံယူထားချက်များကို ဖယ်ထုတ်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှု တော်တော် သက်သာသွားပါသည်။
ပစ္စည်းမိတ်ဆက်ပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားပါသည်။ လာရောက်သော ဧည့်သည်များလည်း ပြီးခဲ့သည့် နှစ်ထက် ပိုမိုများပြားနေပါသည်။ သတင်းစာ မိတ်ဆက်ပွဲသည်လည်း အောင်မြင်စွာ ပြီးဆုံးသွားသည်။
ယနေ့ရလဒ်မှ လော့လင်း သတိထားမိသော အချက်တစ်ချက်မှာ ယနေ့အလုပ်ကို မိမိ အားသိပ်မစိုက်လိုက် သော်လည်း ကောင်းမွန်စွာ ပြီးဆုံးသွားပါသည်။ မိမိသည်လည်း ပေါ့ပါးလန်းဆန်းနေသည်ဟု ခံစားနေရသည်။ “ဒီနှစ်ရဲ့ ရလဒ်ကတော့ အကောင်းဆုံးဖြစ်မယ် ထင်တယ်။” ဟု လော့လင်း ပျော်နေတုန်းမှာပင် ဖုန်းမြည်သံ ကြားရ၍ ကြည့်လိုက်တော့ လီကျင့်ရှင်း ဖြစ်နေသည်။
လော့လင်းသည် ယခုလေးတင်မှ မသိစိတ်အကြောင်းကို လီကျင့်ရှင်းအား မေးမည်ဟု စဉ်းစားနေတုန်း သူ့ဖုန်းဝင်လာသည်။ လော့လင်းဖုန်းကိုင်လိုက်သည်နှင့် “နေကောင်းလား?” ဟု လီကျင့်ရှင်း မေးလိုက်သည်။
“အင်း.. ကောင်းပါတယ်။ အခုမှ ပစ္စည်းသစ် မိတ်ဆက်ပွဲ ပြီးသွားတာ..” လော့လင်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်လား?! ဒါဆို မနက်ဖြန်ည တွေ့ကြရအောင်လေ..” လီကျင့်ရှင်းသည် မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်သည်။
“ကျင့်မင် အားမလားလို့ အရင်မေးကြည့်လိုက်မယ်။” မင်္ဂလာဆောင်ပြီးနောက်ပိုင်း လော့လင်းသည် ကျင့်မင်မပါဘဲ ယောက်ျားလေးနှင့် တစ်ကိုယ်တည်း ချိန်းတွေ့လေ့မရှိတော့ပါ။
“ဒါပေါ့..ဒါပေါ့… မိတ်ဆွေဟောင်းတွေပဲ။ သူ့ကိုလည်း မတွေ့ရတာ ကြာနေပြီ။” လော့လင်းသည် ကျင့်မင်အကြောင်း ထည့်ပြောလိမ့်မယ်ဟု လီကျင့်ရှင်း မမျှော်လင့်ထားပါ။
“ဒါဆို ညကျမှ ပြန်ဆက်လိုက်မယ်လေနော်။” လော့လင်း ဖုန်းမြန်မြန်ချလိုက်သည်။ ရင်ခုန်တာမြန်နေသကဲ့သို့ ခံစားလိုက်ရသည်။ သာမန် မိတ်ဟောင်း တွေ့ဆုံပွဲ တစ်ခုသာ ဖြစ်နေသော်လည်း မိမိသည် ဘာကြောင့် စိတ်လှုပ်ရှားနေသည်ကို မိမိကိုယ်မိမိ နားမလည်နိုင်တော့ပေ။
“ငါ့ရဲ့မသိစိတ်က ဘာတွေပြောပြချင်နေတာလဲ?” ဟု လော့လင်း တွေးလိုက်သည်။
နောက်တစ်နေ့ညတွင် လော့လင်းတစ်ယောက်တည်း လီကျင့်ရှင်းကို လာတွေ့သည်။ ကျင့်မင် မအားပါ။ စာရွက်စာတမ်းများ ပြင်ဆင်စရာကျန်နေသေး၍ ဖြစ်သည်။ လီကျင့်ရှင်းကို နှုတ်ဆက်ပေးရန် စကားပါးလိုက်သေးသည်။ ကျင့်မင် မလာနိုင်သောကြောင့် လော့လင်း ကြိတ်ပျော်နေမိသည်။ ကျင့်မင်ပါလာလျှင် လီကျင့်ရှင်းကို စိတ်ပညာအကြောင်း သေသေချာချာ မေးနိုင်မည် မဟုတ်ပါ။
လီကျင့်ရှင်းသည် မြို့တစ်ခုလုံး၏ ရှုခင်းကို မြင်နိုင်သော အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင်တစ်ခုတွင် လော့လင်းအား ချိန်းလိုက်သည်။ စားသောက်ရင်း လော့လင်းသည် မိမိ၏ မေးခွန်းကို ဘယ်က စရမှန်းမသိ ဖြစ်နေသည်။
လီကျင့်ရှင်းမှ.. “ဟိုတစ်ခေါက်က စိတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာနေတာ ဘယ်လိုလဲ?”
“အင်း… နားလည်လွယ်တဲ့ အချက်အလက် တချို့တော့ ရှာတွေ့ခဲ့ပါတယ်။” လော့လင်းသည် အဘိုးအိုပြောပြခဲ့သော မြင်းလှည်းပုံပြင်ကို လီကျင့်ရှင်းအား ပြန်လည်ဝေငှပေးလိုက်သည်။ လီကျင့်ရှင်းသည် နားထောင်နေရင်း အံ့အားသင့်နေသည်။ ထို့နောက် လော့လင်းအား ထိုအကြောင်းအရာကို မည်သည့်နေရာမှ တွေ့ရှိခဲ့သည်ကို မေးမြန်းလိုက်သည်။ လော့လင်းလည်း အဘိုးအိုအကြောင်းကို အမှန်အတိုင်း မပြောပြလို၍ မိမိတွေးမိတွေးရာမှ ရရှိလာခဲ့သည်ဟုသာ လိမ်လိုက်လေသည်။
“၀ါး… ငါ့ရင်ထဲက ဘုရင်မ လို့မပြောရဘူးနော်!” လီကျင့်ရှင်းသည် စိတ်အားထက်သန်စွာနှင့် ချီးကျူးလိုက်သည်။ လီကျင့်ရှင်း စကားကြောင့် လော့လင်းသည် ရှက်သွေးဖြန်းပြီး မျက်နှာနီသွားသည်။ တဖက်တွင်လည်း လိမ်လည်ပြီး ပြောလိုက်ရသဖြင့် စိတ်ထဲ မလုံမလဲ ဖြစ်နေသည်။ နောက်အကြောင်းရင်း တစ်ခုမှာ လီကျင့်ရှင်းသည် တက္ကသိုလ်ကတည်းက မိမိကို စိတ်ဝင်စားခဲ့ဖူးသူ ဖြစ်နေ၍ လော့လင်း အနေခက်နေလေသည်။
“ဆောရီး… ငါစိတ်အရမ်းလှုပ်ရှားသွားလို့..” လော့လင်းအနေရခက်ပုံကို ကြည့်ပြီး လီကျင့်ရှင်း တောင်းပန်လိုက်သည်။
“နင်နောက်နေတယ်ဆိုတာ သိပါတယ်..” ဟု လော့လင်းလည်း လီကျင့်ရှင်း နေသာထိုင်သာ ရှိသွားအောင် ပြန်ပြောလိုက်သည်။
“ငါတကယ်ပြောနေတာပါ။ နင့်လိုမျိုး ငါနဲ့စိတ်တူပြီး ငါ့စိတ်ကိုနားလည်နိုင်တဲ့သူကို သိပ်မတွေ့ဖူးဘူး!”
ဤစကားကိုကြားလိုက်ရချိန်တွင် လော့လင်း၏ စိတ်ထဲတွင် ကျင့်မင်သည် မိမိစိတ်ကို နားလည်နိုင်သောသူ ဖြစ်ပါက အလွန်ကောင်းမည်ဟု တွေးနေမိသည်။ ခဏလောက်တိတ်သွားပြီး လော့လင်းသည် “နင့်ရဲ့နားလည်မှုအရနဲ့ဆိုရင် မသိစိတ်တွေက ငါတို့နဲ့ ဘယ်လိုဆက်သွယ်လေ့ရှိတယ်လို့ ထင်လဲ?” ဟု အဘိုးအိုလုပ်ခိုင်းလိုက်သော အိမ်စာကို လီကျင့်ရှင်းအား မေးလိုက်သည်။
“အိပ်မက်ဆိုတာ မသိစိတ်နဲ့ သိစိတ်ကို ချိတ်ဆက်ပေးထားတဲ့ တံတားလို့ စိတ်ပညာရှင်တွေက ပြောထားတာပဲ။” ဟု လီကျင့်ရှင်းသည် သူမှတ်မိသလောက် ပြန်လည် ပြောပြနေသည်။
“ဒါဆို မသိစိတ်က အနာဂတ်မှာ ဖြစ်မယ့် ကိစ္စတွေကိုလည်း ကြိုတင်အသိပေးတာတွေ၊ သတိပေးတာတွေ လုပ်နိုင်တာပေါ့?” ဟု လော့လင်းသည် မသေမချာနှင့် ပြန်မေးလိုက်သည်။
“ဒါတင်မကသေးဘူး။ အိပ်မက်တွေက ငါတို့ကို စိတ်အားတက်ကြွလာအောင် အားပေးအားမြှောက် လုပ်ပေးနိုင်တဲ့အပြင် နေ့လည်က ငါတို့ သတိမထားမိခဲ့တဲ့ အကြောင်းအရာနဲ့ ခံစားချက်တွေကိုလည်း ပြန်လည် ဖော်ပြပေးတတ်သေးတယ်။ အိပ်မက်တွေက သတိပေးချက်တွေ၊ လမ်းပြမှုတွေ ဖော်ပြပေးနိုင်တဲ့အပြင် ကိုယ့်ရဲ့ခံစားချက်တွေကိုလည်း ထုတ်ဖော်ပေးနိုင်တယ်။” ဟု လီကျင့်ရှင်းသည် တထိုင်တည်းနှင့် အများကြီး ပြောလိုက်သည်။
လော့လင်းသည် လီကျင့်ရှင်း ပြောနေသည်များကို အကုန်နားလည်နေသကဲ့သို့ ဟန်ဆောင်နေပြီး.. “အိပ်မက် အပြင် တခြားဘာ နည်းလမ်းတွေနဲ့ ဆက်သွယ်သေးလဲ?” ဟု မေးလိုက်သည်။
လီကျင့်ရှင်းသည် ခဏလောက်စဉ်းစားလိုက်ပြီး… “ကြည့်လိုက်ရင် ရိုးရှင်းတယ်လို့ ထင်ရတဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘ၀တွေထဲမှာလည်း မသိစိတ်ရဲ့သတင်းပေးချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ နင်လျှောက်လိုက်တဲ့ အလုပ်အသစ်မှာ ယာဉ်မောင်းလိုင်စင် သွားဖြေရဖို့ အခြေအနေ ဖန်တီးလာတယ်။ ဒါပေမယ့် လိုင်စင်ဖြေရမယ့်နေ့မှာ လျှောက်လွှာပျောက်သွားတာတို့၊ ကားလမ်းပိတ်တာတို့၊ အရေးပေါ် အခြေအနေ ဖြစ်လာတာတို့၊ စတဲ့ ပြဿနာအများကြီးဖြစ်လာတယ်။ ဒါတွေက ကြည့်လိုက်ရင် ကိုယ့်ပန်းတိုင် မပြီးမြောက်နိုင်အောင် တားဆီးနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ရဲ့မသိစိတ်က ဒီအလုပ်သစ်ကို မလိုချင်လို့ပါ။”
“ပြီးတော့ ဒီလိုမျိုး ဖြစ်ရပ်တွေက နေ့စဉ်ဘ၀တွေမှာ ခဏခဏ ကြုံတွေ့နေရတယ်။” ဟု လော့လင်းသည် လီကျင့်ရှင်းနှင့် အတိုင်အဖောက်ညီညီ ဆက်ပြောလိုက်သည်။
“ဟုတ်တယ် မှန်တယ်!” လီကျင့်ရှင်းသည် ထောက်ခံလိုက်ပြီး ဆက်၍… “နင့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးမှာလဲ တူညီတဲ့ ဖြစ်ရပ်ပဲ ထပ်ခါထပ်ခါ ဖြစ်နေတတ်ပါတယ်။ နင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူဌေးတွေရဲ့ ဆက်ဆံရေးဟာ နင်ဘယ်ရောက်နေနေ အလားတူ လူမျိုးတွေနဲ့ပဲ ပြန်တွေ့နေရတတ်ပြီး အလားတူ ဖြစ်ရပ်တွေပဲ ပြန်ဖြစ်နေတတ်တယ်။ ဒါတွေကြုံရပြီဆိုရင် နင့်မသိစိတ်က နင့်ဘ၀ရဲ့ ကံကြမ္မာနဲ့ အပြုအမူတွေကို ထိန်းချုပ်ထားနေပြီလို့ မှတ်လို့ရတယ်။”
“အင်း.. ဟုတ်တယ်။ ဒီလိုနည်းလမ်းတွေကနေတဆင့် ငါတို့ဘ၀ကို ထိန်းချုပ်ထားတဲ့ အလိုအလျောက်ပရိုဂရမ် (auto-programming) တွေကို ရှာဖွေသွားလို့ရတယ်။” ဟု လော့လင်းသည် အဘိုးအိုမှ သင်ယူလာသော စကားလုံးများကို သုံးပြီး ပြောနေသော်လည်း သူမကိုယ်သူမ ဘာပြောနေသည်ကို သေချာနားမလည်ပေ။
“ပြီးတော့…” လော့လင်းသည် လေးလေးနက်နက် တွေးနေသကဲ့သို့ ဟန်ဆောင်နေသည်။ “ပြီးတော့ ငါတို့ အမှတ်မထင်ပဲ ပြောလိုက်တဲ့စကားတွေ၊ လုပ်လိုက်တဲ့အလုပ်တွေဟာ ကိုယ်ပြောမယ်၊ လုပ်မယ်လို့ မရည်ရွယ်ထားပေမယ့် အဲ့ဒီအပြုအမူတွေဟာ မသိစိတ်ကနေလာတဲ့ ငါတို့ရဲ့ တကယ့် အတွေးအခေါ်တွေ ဖြစ်နေတတ်တယ်။” ဟု လီကျင့်ရှင်းသည် မစောင့်နိုင်ပဲ လုပြောလိုက်သည်။
လော့လင်းသည် ခေါင်းညိတ်ပြီး ထောက်ခံနေသကဲ့သို့ လုပ်နေသော်လည်း စိတ်ထဲတွင် လီကျင့်ရှင်း ပြောလိုက်သော စကားများကို သေချာမှတ်ထားရမည်ဟု တွေးနေသည်။ လီကျင့်ရှင်းနှင့် ပြောနေရင်းပင် လော့လင်းသည် သူမ ကြည့်ခဲ့ဖူးသော ရုပ်ရှင်ထဲတွင်ပါသော စိတ်ခံစားမှုအကြောင်း၊ Peptide များကို ဆေးစွဲသကဲ့သို့ စွဲသွားနိုင်သည့် အကြောင်းများကို သတိရလာသဖြင့်... “ပြီးတော့.. စွဲလမ်းမှုတွေလည်း ဖြစ်သွားတတ်တယ်။” ဟု တကယ့်ပညာရှင်ကဲ့သို့ မှတ်ချက်ပေးလိုက်သည်။
“နင်ထပ်မှန်သွားပြန်ပြီ!” ဟု လီကျင့်ရှင်းသည် အားရ၀မ်းသာ ထောက်ခံလိုက်သည်။
“‘စွဲလမ်းမှု!’ ငါဘာလို့ဒါကို မစဉ်းစားမိသလဲ! တချို့ စိတ်ခံစားချက်တွေက ဆေးလိပ်သောက်တဲ့ လူတွေလိုမျိုးပဲ မကောင်းမှန်း သိနေပေမယ့် ဖြတ်လို့မရသလို အဲ့ဒီ စိတ်ခံစားချက်တွေက ကိုယ့်ကို ဒုက္ခပေးမှန်း သိပေမယ့် ဖျောက်လို့ မရဘူး။ ဒါလည်း မသိစိတ်ရဲ့ ထိန်းချုပ်မှု အောက်မှာ နေရတဲ့ ဘ၀နေထိုင်မှုပုံစံရဲ့ သာဓကတစ်ခုပါပဲ။”
လီကျင့်ရှင်း ပြောလိုက်သော ဥပမာသည် သူမ ကြည့်ခဲ့လိုက်ရသော ရုပ်ရှင်ထဲရှိ ဥပမာနှင့် ကွဲလွဲနေသော်လည်း မှန်ကန်နေသောကြောင့် လော့လင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ ထမင်းတစ်နပ်တည်းနှင့်ပင် လော့လင်းသည် အချက်အလက်တော်တော် စုဆောင်းမိသွားသည်။ လီကျင့်ရှင်းလည်း မိမိနှင့် စိတ်တူကိုယ်တူလူနှင့် တွေ့လိုက်ရပြီဟု ထင်ပြီး ပျော်နေမိသည်။ ထို့နောက် တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်လမ်းခွဲပြီး အိမ်ပြန်သွားကြသည်။
အဘိုးအိုသည် လော့လင်းတင်ပြလိုက်သော မသိစိတ် အကြောင်းကို နားထောင်ပြီးနောက် အားရစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် “ပညာရှင် တစ်ယောက်ယောက်က ကူညီနေပြီထင်တယ်..” ဟု ပြောလိုက်သည်။ လော့လင်း မျက်နှာနီသွားပြီး ဘာမှ ပြန်မပြောပေ။
အဘိုးအိုသည် အလိုက်သိစွာနှင့် ဆက်မမေးတော့ဘဲ “အရမ်းကောင်းပါတယ်။ ကိုယ့်ဘ၀မှာ ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံနေရပြီဆိုရင် ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်ကို သတင်းတွေပေးနေပြီဆိုတာ သတိထားရမယ်နော်။”
လော့လင်း ပူပန်နေသော ပုံကို ကြည့်ပြီး အဘိုးအိုသည်.. “စိတ်မပူပါနဲ့။ အဘိုးလည်း သမီးကို သတိပေးမှာပါ။ ကဲ… ဒီနေ့ စက်ဝိုင်းကြီးမှာပါနေတဲ့ အတားအဆီးတွေကို စတင် ကျော်ဖြတ်ကြရအောင်”
“တကယ်လား?” လော့လင်းသည် ထခုန်မတတ် ပျော်သွားသည်။
အဘိုးအိုသည် လော့လင်း ပျော်နေသောပုံကို ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ရှိ စက်ဝိုင်းကြီးကို ထောက်ပြီး.. “စစ်မှန်တဲ့မိမိနဲ့ အနီးကပ်ဆုံး ရှိနေတာက ခန္ဓာကိုယ်ပဲ။ ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး စစ်မှန်တဲ့မိမိကို တားဆီးထားတဲ့ အကာတစ်ခုဖြစ်သွားရတာလဲဆိုတော့…” အဘိုးအိုသည် ခဏလောက်ရပ်သွားပြီး လော့လင်းကို ရုတ်တရက် မေးလိုက်သည်။ “သမီး အစကနေ အဖြေရှာချင်လား?” လော့လင်း ခေါင်းညိတ်လိုက်သည်။
“သမီးမွေးဖွားလာခဲ့တဲ့ ဖြစ်စဉ်တွေကို သမီး မှတ်မိသေးလား?” အဘိုးသည် ထူးဆန်းသော မေးခွန်းကို မေးလိုက်သည်။
“ဘယ်လိုလုပ်ပြီး မှတ်မိနိုင်မှာလဲ..” လော့လင်း ချက်ချင်းပြန်ဖြေလိုက်သည်။
“တကယ်တော့ သမီးရဲ့ ခန္ဓာကိုယ်က အဲ့ဒါတွေကို မှတ်မိနေသေးတယ်။ သမီးရဲ့ ခန္ဓာကိုယ်ကို မေးကြည့်ကြရအောင်..” အဘိုးအိုသည် ပြောပြီးသည်နှင့် သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ လော့လင်း၏ အကြည့်သည် အဘိုး၏ လက်ပေါ်သို့ အလိုလို ရောက်သွားသည်။ ထို့နောက် အဘိုးသည် လက်နှစ်ဖက်ကို လော့လင်း၏ ပခုံးပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်ရင်း “မျက်လုံးမှိတ်လိုက်ပါ..” ဟု ဆိုလိုက်သည်နှင့် လော့လင်း မျက်လုံးမှိတ်လိုက်သည်။
“အခုသမီးက အမေ့ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားလေး ဖြစ်သွားပြီ။ သမီးနေတဲ့နေရာက အရမ်းကို နွေးထွေးတယ်။ နူးညံ့တယ်။ အမှောင်တွေထဲမှာ အားလုံးက ရေတွေပဲ။ သမီးကလှေကလေးလိုပဲ ဖြည်းညှင်းစွာ လှုပ်ခတ်နေတယ်။ ပြီးတော့ သမီးက စည်းချက်မှန်ဗုံသံလိုမျိုး အသံဖြစ်တဲ့ ‘ဒုံ’ ‘ဒုံ’ ‘ဒုံ’ ကို ကြားနေရတယ်။ ပြီးတော့ ရေစီးသံနဲ့ တခြားအသံငယ်လေးတွေကိုလည်း ကြားနေရတယ်။ အသံရဲ့ တုန်ခါမှုတွေက သမီးရဲ့ကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာ ဖြစ်စေတယ်။” အဘိုးသည် ခဏလောက်ရပ်သွားပြီး… “သမီးအခုချိန်မှာ ဘယ်လိုခံစားနေရလဲ?”
“အရမ်းနေလို့ကောင်းပါတယ်။” ဟု လော့လင်းသည် သူမ ခံစားနေရသည့် အတိုင်းပြောလိုက်သည်။
“ကောင်းပြီ။ ဒါပေမယ့် သတိထားရတော့မယ်နော်..” ဟု အဘိုးအို သတိပေးလိုက်သည်။
“နွေးထွေးတဲ့နေရာကို ရုတ်တရက်အတွင်း ဖိအားတွေ ရောက်လာတယ်။ သမီးတခါမှ အဲ့လိုမျိုး မကြုံဖူးဘူး။ ပြီးတော့ မလုံခြုံရတော့ဘူးလို့ ခံစားလာရတယ်။ သမီးက ဘာတွေဖြစ်နေပြီလဲ ဆိုပြီး ပူပန်လာမယ်။ ဖိအားတွေက တဖြည်းဖြည်း ပြင်းသထက် ပြင်းလာတယ်။ သမီးရဲ့ငြိမ်းချမ်းမှုတွေ အားလုံးကို ရိုက်ချိုးပစ်လိုက်တယ်။”
“အား..” ရုတ်တရက် လော့လင်း အသံတစ်ခုကို ကြားလိုက်ရသည်။ အလွန် ကြောက်လန့်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို ကလေးငယ်တစ်ယောက်ကဲ့သို့ ကွေးနေလိုက်သည်။ ဆူဆဲသံတွေလည်း ကြားရပြန်သည်။ “အမယ်လေးတော.. ဒီလောက်နာမှန်းသိရင် မမွေးပါဘူး။ ဆရာမ.. ဆရာမ.. ကျွန်မကို ကယ်ပါအုံး။ အရမ်းနာနေပြီ။” လော့လင်း အရမ်း ကြောက်လန့်ပြီး တကိုယ်လုံး တုန်ခါနေသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဤမျှ ကြောက်ဖွယ်ကောင်းသည့် ဖြစ်ရပ်မျိုး တစ်ခါမျှ မကြုံခဲ့ဖူးပါ။
လော့လင်း၏ တကိုယ်လုံးသည် ဖိအားပေးခံနေရသည်။ သူမ၏ ခြေထောက်သည် လှမ်းဆွဲ ခံနေရသည်။ သူမကို အပြင်သို့ ဆွဲထုတ်ချင်နေသည်။ သို့သော် သူမ၏ ခေါင်းသည် ကြီးနေသဖြင့် မထွက်နိုင်ဘဲ တိနေသည်။ အပြင်ဖက်မှလည်း အော်ဟစ်နေသောအသံ၊ အလုပ်ရှုပ်နေသောအသံ၊ စသဖြင့် အသံမျိုးစုံ ကြားနေရသည်။
နောက်ဆုံးတွင် ထိန်လင်းနေသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိသွားသည်။ မီးအလင်းရောင်ကြောင့် မျက်စိအလွန် စူးနေသည်။ သူမ နေခဲ့ဖူးသော နွေးထွေးပြီး လုံခြုံသော ပတ်ဝန်းကျင်ကို မခံစားရတော့ပါ။ ရုတ်တရက် လေကို ခံစားလိုက်ရပြီး အသက်ရူရခက်နေချိန်တွင် သူမ၏ တင်ပါးသည် ခပ်ပြင်းပြင်းလေး တစ်ချက် ရိုက်ခံလိုက်ရသည်။
“၀ါး.. ၀ါး.. ၀ါး..” အသံဖြင့် သူမ ငိုလိုက်သည်။ ပတ်ဝန်းကျင်တွင် မြင်လိုက်ရသော အရာများအားလုံးသည် စိမ်းနေပါသည်။ သူမကို အလိုအလျောက် အာဟာရ ပေးပို့နေသော အရင်းအမြစ်လည်း မရှိတော့ပါ။ ဘယ်ရောက်သွားပြီလဲ? ပျောက်ဆုံးသွားပြီလား? သူမ အားကုန်ငိုနေသည်။ ကြောက်လန့်စွာ ငိုနေသည်။ မျှော်လင့်ချက်မဲ့စွာ ငိုနေသည်။ ငိုရင်းပင်ပန်းလာသဖြင့် အိပ်ပျော်သွားသည်။
မည်မျှကြာသွားသည်မသိ လော့လင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ပြန်နိုးလာသည်။ မျက်နှာကို ကိုင်လိုက်တော့ စိုထိုင်းထိုင်း ဖြစ်နေသည်။ ခုနက တကယ်ငိုနေခဲ့တာလား?! လော့လင်း နားမလည်နိုင်စွာနှင့် အဘိုးအိုကို ကြည့်လိုက်သည်။ အဘိုးအိုသည် လော့လင်းကို ပြုံးသာ ပြုံးပြလိုက်သည်။
“ကျွန်မတို့ မွေးလာခဲ့ရတဲ့ ဖြစ်စဉ်က ဒီလောက်တောင် စိတ်ပျက်ဝမ်းနည်းဖို့ ကောင်းတာလား?” ဟု လော့လင်းသည် မနေနိုင်ပဲ တိုက်ရိုက်မေးလိုက်သည်။
“ဟုတ်တယ်လေ။” အဘိုးပြန်ပြောလိုက်သည်။ “ဆဲလ်တွေရဲ့ မှတ်ဉာဏ်အကြောင်းကို သမီး ကြားဖူးလား?” လော့လင်း ခေါင်းခါပြလိုက်သည်။
“တချို့ အင်္ဂါအစားထိုး ကုသခံခဲ့ရတဲ့လူတွေဆိုရင် အင်္ဂါတွေကို လှူဒါန်းထားတဲ့ လူတွေရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေ ပါသွားတတ်တယ်ဆိုတဲ့ အကြောင်းလေ..” အဘိုးသည် အစဖော်ပေးလိုက်သည်။
“သြော်.. ဒီအကြောင်းတွေ ကြားဖူးပါတယ်။” သတင်းစာတွင် ဖတ်ဖူးသည်ကို လော့လင်း သတိရသွားသည်။ “ဒါကြောင့် ကျွန်မတို့ မွေးတဲ့အချိန်မှာ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကျွန်မတို့ရဲ့ ဆဲလ်တွေက မှတ်မိသေးတာပေါ့နော်?”
အဘိုး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်.. ပြီးတော့ မွေးပြီးတာနဲ့ အမေက ရင်ခွင်ထဲ အမြဲပွေ့ထားတာ၊ ဆာပြီဆိုတာနဲ့ နို့တိုက်တာ၊ ငိုပြီဆိုတာနဲ့ နှစ်သိမ့်ပေးတာ၊ အဲ့ဒါတွေကို လူဘယ်နှယောက်လောက်ကပဲ ကံကောင်းစွာ ရမှာလဲ?”
“ဟုတ်တယ်နော်... အခုခေတ်မှာဆိုရင် ကလေးကို အလိုသိပ်မလိုက်နဲ့။ နို့ကို အချိန်နဲ့ တိုက်ရမယ်။ အချိန်မရောက်သေးရင် ကလေးဆာရင်လည်း မတိုက်ရဘူး။ ကလေးငိုတဲ့ အချိန်မှာဆို လွှတ်ထားပေးရမယ်။ မဟုတ်ရင် အမြဲ အချီခံချင်နေအုံးမယ်။ စသဖြင့် အမျိုးမျိုးပဲနော်..” လော့လင်းသည် အခုခေတ် ကလေးသွန်သင်သည့် နည်းလမ်းများကို သိပ်မကြိုက်ပေ။ ခုနက မိမိကိုယ်တိုင် မွေးဖွားလာခြင်း၏ အတွေ့အကြုံကို ပြန်လည် ခံစားခဲ့ရပြီးနောက်ပိုင်း ကလေးသူငယ်များသည် ချစ်ခြင်းမေတ္တာနှင့် နှစ်သိမ့်မှု ပိုမို လိုအပ်နေသည်ကို သိလိုက်ရပါသည်။
“သမီး စဉ်းစားကြည့်နော်..” အဘိုး ပြောလိုက်သည်။ “သမီးက သန္ဓေအဆင့်ပဲ ရှိသေးတဲ့အချိန်မှာ အားလုံးက အသိစိတ်တွေပဲ ရှိနေတယ်။ ပြီးတော့ တဖြည်းဖြည်း ဆဲလ်သေးသေးလေးကနေ ခန္ဓာကိုယ် သဏ္ဍာန်လေး ဖြစ်လာတယ်။ ဒါပေမယ့် သမီးက လုံခြုံတဲ့ ပတ်ဝန်းကျင်ထဲမှာပဲ ရှိနေသေးတယ်။ ကိုယ့်ဘေးက အရာအားလုံးနဲ့ တစ်ထပ်တည်းလို့ ခံစားနေရတယ်။” အဘိုးသည် ခဏနားပြီး ရေနွေးကြမ်း သောက်လိုက်သည်။
“ပြီးတော့ မွေးဖွားခြင်းဆိုတဲ့ ကြောက်လန့်ဖို့ကောင်းတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပြီးနောက် သမီး အပြင် ရောက်လာတယ်။ သမီးရဲ့ လိုအပ်ချက်ဖြစ်တဲ့ အစာကို အလိုအလျောက် ဖြည့်စွက်ပေးနေတဲ့ အရင်းအမြစ်နဲ့လည်း ပြတ်တောက်သွားတယ်။ စစချင်း သမီးနားမလည်နိုင် ဖြစ်သွားပါတယ်။ ဗိုက်ဆာနေတာတောင် ဘာကြောင့် အစာကရောက်မလာသေးတာလဲ။ အပြင် ရောက်လာတာတောင် သမီးက အမေ့ဝမ်းထဲမှာ နေခဲ့တဲ့အတိုင်း သမီးနဲ့ဒီလောကကြီးက တစ်ထပ်တည်းလို့ ထင်နေသေးတယ်။”
အဘိုးသည် သက်ပြင်းချလိုက်ပြီး.. “ဗိုက်ဘယ်လောက်ပဲ ဆာနေ ဆာနေ.. အစာက အမေ့ဝမ်းထဲမှာ ရှိနေတုန်းကအတိုင်း အလိုအလျောက် ရောက်မလာတော့ တဖြည်းဖြည်းနဲ့ လူတွေဟာ ‘ငါနဲ့ ငါ့ခန္ဓာကိုယ်ဟာ ဒီလောကကြီးနဲ့ သီးခြားဆီ ဖြစ်နေတယ်’ ဆိုတာကို နားလည်လာတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တည်ရှိမှုကို ခံစားနိုင်ဖို့အတွက် လူတွေက ‘ego’ (အတ္တ) ကို တည်ဆောက်လိုက်တယ်။ ပြီးတော့ ဒီလောကကြီးမှာ ကိုယ်ဖမ်းယူလို့ရတဲ့ အရာမှန်သမျှကို ဖမ်းယူဖို့ ကြိုးစားလာတယ်။ ဘာကြောင့်လည်းဆိုတော့ ‘ego’ (အတ္တ) တွေဟာ မစစ်မှန်ဘူး၊ ပျက်လွယ်ကျိုးလွယ်တယ်။ ဒါကြောင့်လည်း ‘ego’ တွေဟာ သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးလွှမ်းနိုင်ဖို့ များများဖမ်းယူ ဆုပ်ထားနိုင်ဖို့ လိုအပ်နေတယ်။” ဟု စိတ်ရှည်စွာ ရှင်းပြနေသည်။ “ခန္ဓာကိုယ်ဟာ ဒီလိုနည်းနဲ့ ကျွန်မတို့ကို စစ်မှန်တဲ့မိမိနဲ့ ခွဲခွာစေခဲ့တာကိုး.. ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ အမှားလို့လဲ ပြောလို့မရပါဘူး..” လော့လင်းသည် တစ်ယောက်တည်း ရေရွတ်နေသည်။
“ဒါကလည်း ဘာကြောင့်လူတိုင်းမှာ ဖော်ပြလို့မရတဲ့ အကြောက်တရားတွေ ရှိနေရတယ်ဆိုတဲ့ အကြောင်းရင်းပဲလေ။ ကြာလာတော့ အဲ့ဒီ မလုံခြုံတဲ့ ခံစားချက်တွေကနေ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်သွားပြီး ကိုယ့်စိတ်ထဲမှာ ခဏခဏ ပေါ်လာနေတယ်။” အဘိုးထပ်လောင်း ပြောလိုက်သည်။
“သြော်.. ဒါကြောင့် ကျွန်မအမြဲလိုလို မလုံခြုံဘူးလို့ ခံစားနေရတာကိုး.. တစ်ယောက်တည်း တိတ်ဆိတ်စွာ နေရတာ မကြိုက်ဘူး။ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေမှ၊ ဒါမှ မဟုတ် ရုပ်ရှင်ဖွင့်ထားမှ၊ သီချင်း ဖွင့်ထားမှ၊ ဒါမှမဟုတ် တခုခု လုပ်နေမှ နေတတ်တာ။ လက်စသတ်တော့ ကိုယ့်ဆီမှာ ရှိနေတဲ့ စိုးရိမ်ကြောင့်ကြမှုကို မရင်ဆိုင်ချင်လို့ကိုး..” လော့လင်းသည် သူမ တွေ့ကြုံဖူးသည်ကို ပြောပြနေသည်။
“ဒါဆိုကျွန်မတို့က ဒီခန္ဓာကိုယ်အတားအဆီးကို ဘယ်လိုဖယ်ထုတ်ပြီး စစ်မှန်တဲ့မိမိဆီကို ရောက်နိုင်မှာလဲ?” လော့လင်းသည် တဲ့တိုးမေးလိုက်လေသည်။ အဘိုးသည် လော့လင်းကို ကြည့်ပြီး ရယ်လိုက်သည်။
“ဖယ်ထုတ်လို့ မရပါဘူး။ အမှောင်ကို ဘယ်တော့မှ ဖယ်ထုတ်လို့မရသလိုမျိုးပေါ့။ စစ်မှန်တဲ့မိမိကို ကာဆီးထားတဲ့ အတားအဆီးတွေဟာလည်း အမှောင်ထုလိုမျိုးပါပဲ။ အဘိုးတို့ လုပ်လို့ရတာကတော့ သိစိတ် အလင်းရောင်နဲ့ သူတို့ကို ထွန်းလင်းအောင် လုပ်ဖို့ပါပဲ။” လော့လင်းမျက်မှောင်ကြုတ်သွားသည်။
“ခန္ဓာကိုယ်ကို သိစိတ် အလင်းရောင်နဲ့ ထွန်းလင်းအောင် လုပ်ဖို့ဆိုတာ ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ဖို့ပါ။ လူတွေက ကိုယ့်ခန္ဓာကိုယ်ကို ၅% လောက်ပဲ နားလည်ပြီး ထိန်းချုပ်နိုင်တယ်။ ခန္ဓာကိုယ်ရဲ့ ၉၅% ဟာ မသိစိတ်ရဲ့ အလိုအလျောက် ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်နဲ့ များများချိတ်ဆက်နိုင်ရင် သိစိတ် ၅% ကို တိုးချဲ့နိုင်ပြီး စစ်မှန်တဲ့မိမိနဲ့ ပိုမို နီးစပ်သွားမှာပါ။” ဟု အဘိုးသည် ထပ်မံဖြည့်စွက် ပြောလိုက်သည်။
“ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လို ပြန်လည်ချိတ်ဆက်နိုင်မှာလဲ?” “သမီးရဲ့ ခန္ဓာကိုယ်နဲ့ စကားပြောပါ။ ခန္ဓာကိုယ်ဆီကပို့လိုက်တဲ့ သတင်းတွေကို နားထောင်ပါ။”ဟု အဘိုးသည် လော့လင်းအား နည်းလမ်းအချို့ ပြောလိုက်ပြီး ကနေ့ သင်ခန်းစာကို ရပ်လိုက်သည်။
ခန္ဓာကိုယ်နှင့် ပြန်လည် ချိတ်ဆက်နိုင်ရန် လေ့ကျင့်ခန်း လုပ်ရမည်ဟု အဘိုးအို ပြောလိုက်သောကြောင့် လော့လင်းသည် သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလိုက်သော မြို့လယ်ရှိ ယောဂ အခန်းငယ်လေးသို့ ရောက်ရှိလာသည်။
“သမီးကို စိတ်ဝင်စားစေပြီး လက်ရှိမှာ အာရုံစူးစိုက်နိုင်အောင် လုပ်ပေးနိုင်တဲ့ ဘယ်လေ့ကျင့်ခန်းမျိုးမဆို သမီးကို ခန္ဓာကိုယ်နဲ့ ပြန်လည် ချိတ်ဆက်ပေးနိုင်ဖို့ ကူညီနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းက အရေးကြီးတာ မဟုတ်ဘူး။ အရေးကြီးတာက အဲ့ဒီ လေ့ကျင့်ခန်းကို လုပ်နေတဲ့ အချိန်မှာ ထားရမယ့် စိတ်ပါ။ ဒါကြောင့် ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ ထိုက်ကျိကစားတာ၊ ယောဂလုပ်တာ စတဲ့လေ့ကျင့်ခန်းတွေထဲက ကိုယ့်ခန္ဓာကိုယ်ကို စိတ်ဝင်တစားနဲ့ သတိထားနိုင်စေတဲ့ လေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ စကားပြောနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ထွက်သက်ဝင်သက်မှတ်ခြင်းပဲ။”
ထွက်သက်ဝင်သက်မှတ်ရမည်ကို ကြားလိုက်ချိန်တွင် မတုန်မလှုပ်၊ ဘာမှ မစဉ်းစားပဲ ထိုင်နေရသော အရသာကို လော့လင်း မတွေးရဲပါ။ ငါးမိနစ်လောက်ပင် သူမ ထိုင်နိုင်မည် မဟုတ်ပေ။ သူမ ကြိုက်သော ကြက်တောင်နှင့် ဘင်ဘောင် အားကစားနည်းများကိုမူ အဘိုးအို ရွေးချယ်ခွင့်မပြုပါ။
“ဒီလို အားကစားနည်းတွေကျတော့ ပြိုင်ဆိုင်ရတဲ့ အားကစားတွေ ဖြစ်သွားပြီ။ ကိုယ့် ‘ego’ (အတ္တ) နဲ့ သူ့ ‘ego’ (အတ္တ) တွေ နိုင်ဖို့အတွက် ပြိုင်နေကြတဲ့အတွက် ကိုယ့်ခန္ဓာကိုယ်ကို အာရုံစူးစိုက်စေနိုင်မှာ မဟုတ်ဘူး။”
လော့လင်းသည် နောက်ဆုံး ယောဂကို ရွေးလိုက်သည်။ အရင်တုန်းတွင် ယောဂ သင်တန်း တက်ဖူးသေးသည်။ နှေးနှေးနှင့် ဖြည်းဖြည်း လုပ်ရသော လေ့ကျင့်ခန်း ဖြစ်သောကြောင့် သူမ စိတ်မရှည်ခဲ့ပါ။ စိတ်ထဲမှ ဆရာနှင့်အတူ ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု လိုက်ရွတ်နေရပြီး မလှုပ်မယှက်နေ နေရသည်။ သို့သော် အဘိုးအိုမှ လုပ်သင့်သော လေ့ကျင့်ခန်းမျိုး ဖြစ်သည်ဟု ပြောလိုက်သောကြောင့် မကြိုက်သော်လည်း ထပ်စမ်းကြည့်မည်ဟု လော့လင်း ဆုံးဖြတ်လိုက်သည်။
ယောဂအခန်းသို့ လော့လင်း ၀င်သွားလိုက်သည်နှင့် တကိုယ်လုံး လန်းဆန်းပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ အခန်း၏ အပြင်အဆင်၊ အနံ့အသက်လေး၊ စသည်တို့သည် သူမကို ရုပ်ရှင်သွားရောက်ကြည့်ခဲ့ဖူးသော အခန်းကို ပြန်လည် သတိရလာစေသည်။
နွေးထွေးသော မီးသီးအလင်းရောင်၊ ယိမ်းကနေသော ဖယောင်းတိုင်မီး၊ လှပသော အခန်းတွင်း အပြင်အဆင်နှင့် ချိုသာသော တေးဂီတသံလေး စသည်တို့သည် လော့လင်းကို သက်တောင့်သက်သာ ဖြစ်စေပါသည်။
အလွန်ချောမောလှပသော ယောဂဆရာမ ထွက်လာပြီး လော့လင်းကို ကြိုဆိုလိုက်သည်။ ဆရာမသည် အသားအရေကောင်းမွန်ပြီး ခန္ဓာကိုယ် အချိုးအစားလည်း ပြေပြစ်လှပါသည်။ ဆရာမ၏ အပြုံးသည် လူတိုင်း၏ ရင်ကို အေးမြသွားစေလောက်အောင် ချိုမြိန်လှပါသည်။
“ဟိုင်း.. မင်္ဂလာပါ။ ကျွန်မက ဒီက ယောဂဆရာမပါ။ ကျွန်မကို မေးစရာရှိတယ်ဆိုလို့ပါ။” ဆရာမ၏ အသံသည် နားဝင်ချိုလှပါသည်။ စကားပြောနေသော်လည်း အပြုံးမပျက်ပေ။
“သြော်.. ဟုတ်ကဲ့ပါ။ ကျွန်မသိချင်တာက ယောဂကစားခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လို ပြန်လည်ချိတ်ဆက်နိုင်မှာလဲ?”
ဆရာမသည် လော့လင်း၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။ သာမာန်လူသည် ဤကဲ့သို့ နက်နဲသော အရာကို သိလေ့မရှိပေ။ သို့သော် လော့လင်းကဲ့သို့ အသိဉာဏ် ကြွယ်ဝသော လူနှင့် တွေ့ရ၍ ပျော်မိပါသည်။
“အင်း.. ကျွန်မအနေနဲ့ပြောရရင်တော့ ယောဂက ကျွန်မတို့ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ပေးနိုင်တဲ့ အထိရောက်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ ကိုယ်တိုင် စမ်းကြည့်ရင် ပိုသိနိုင်ပါမယ်။ ကျွန်မနဲ့ လိုက်ခဲ့ပါလား…” ဟု ဆရာမ ပြောလိုက်သည်။
ဆရာမသည် လော့လင်းကို အခန်းငယ်လေးထဲသို့ ခေါ်ဝင်လာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
“ညီမရဲ့ ခြေထောက်နှစ်ဖက် ရှေ့ကို ဆန့်ထုတ်လိုက်ပါ။ ခါးကို မတ်မတ်ထားလိုက်။ ပြီးရင် အသက်ပြင်းပြင်းလေး ရူသွင်းလိုက်ပါ။ အသက်ရူထုတ်တဲ့အချိန်မှာ ရှေ့ဘက်ကို ကွေးနိုင်သလောက်ကွေးလိုက်ပါ။ ကိုယ့်လက်က ခြေဖျားကို ထိနိုင်ရဲ့လား?” လော့လင်း စမ်းကြည့်လိုက်သည်။ သို့သော် သူမ၏ တစ်ကိုယ်လုံးရှိ အကြောများသည် တင်းနေသဖြင့် ခြေမျက်စိလောက်သာ ထိနိုင်သည်။
“ကိစ္စမရှိပါဘူး...” ဆရာမသည် လော့လင်းကဲ့သို့ အကြောများ တင်းမာနေသော ရုံးဝန်ထမ်းများနှင့် ကြုံဖူးပေါင်း မနည်းတော့ပေ။ “အခုဘယ်နားလောက်က ညီမကို ကွေးလို့မရအောင် လုပ်ထားတာလဲ?”
“ဒူးကောက်ကြောက တော်တော်လေး တင်းနေတာ..” လော့လင်း ကြိုးစားနေရင်း ဖြေလိုက်သည်။
“ဒါဆို ကောင်းပြီ။ ညီမရဲ့ အာရုံတွေကို တင်းနေတယ်လို့ ခံစားနေရတဲ့နေရာမှာ စုစည်းထားလိုက်ပြီး အသက်ပြင်းပြင်းလေး ရူလိုက်တိုင်း အဲ့ဒီနေရာက အကြောတွေကို ဖြေလျော့ပေးလိုက်ပါ။” ဆရာမသည် လော့လင်းဘေးတွင် နေ၍ နည်းပြပေးနေသည်။ လော့လင်းသည် သူမ၏ ဒူးကောက်ကြောပေါ်တွင် အာရုံစူးစိုက်ထားလိုက်သည်။ သိပ်မကြာလိုက်ပါ။ သူမသည် ရှေ့သို့ ပိုမိုကွေးနိုင်ပြီး လက်နှင့် ခြေဖ၀ါး ထိသွားသည်။
“၀ါး.. ထူးဆန်းလိုက်တာ!” လော့လင်း ပျော်ရွှင်စွာ အော်လိုက်သည်။
“ဟုတ်တယ်.. ရှင်က ရှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးမယ်ဆိုရင် သူလည်း ရှင့်ကို ပြန်လည် တုံ့ပြန်မှာပဲလေ။” ဆရာမသည် လော့လင်းကို ရှင်းပြလိုက်သည်။
ထို့နောက်.. “ယောဂမှာ တခြား အားကစားတွေနဲ့ မတူညီတဲ့ အချက်တွေ ရှိသေးတယ်။ သူ့ရဲ့ အသက်ရူနည်းပုံစံပါပဲ။ ခုနက ညီမအသက်ပြင်းပြင်းလေး ရူတဲ့နည်းကိုသုံးပြီး ခန္ဓာကိုယ်နဲ့ ချိတ်ဆက်လိုက်တယ်။ အသက်ရူခြင်းဟာ ယောဂမှာ အရေးကြီးဆုံး အပိုင်းမှာ ပါနေပါတယ်။”
“အသက်ရူတာ?” လော့လင်းနားမလည်ပါ။ “လူတိုင်းက အသက်ရူတတ်တယ် မဟုတ်ဘူးလား?”
“ဟုတ်ပါတယ်။” ဆရာမသည် ပြုံးရင်း.. “ဒါပေမယ့် အသက်သေချာရူတဲ့သူနဲ့ ဖြစ်သလိုရူနေတဲ့သူတွေရဲ့ အသက်ရှင်ရတဲ့ သက်တမ်းကလည်း အရမ်းကွာခြားသွားတတ်တယ်။” လော့လင်း ယုံတ၀က် မယုံတ၀က်နှင့် ဆရာမကို ကြည့်လိုက်သည်။
“အသက်ရူခြင်းနဲ့ ပတ်သက်ပြီး ယောဂမှာ အဆိုတစ်ခု ရှိတယ်။ လူ့ဘ၀သက်တမ်းမှာ အသက်ရူနိုင်တဲ့ အကြိမ်ရေက အကန့်အသတ်ရှိတယ်ဆိုရင် အသက်ဖြည်းညှင်းစွာ ရူနိုင်တဲ့ သူက အသက်ပိုရှည်သတဲ့။”
ဆရာမသည် လော့လင်း အံ့သြသွားသောပုံကို ကြည့်ပြီး ပြုံးလိုက်သည်။ “ခွေးနဲ့မျောက်တွေဟာ အသက်ရူတာ အရမ်းမြန်တယ်။ ဒါကြောင့် လူတွေထက် အသက်ရှင်ရတဲ့ သက်တမ်းက အရမ်းတိုတယ်။ ဒါပေမယ့် လိပ်ကို ကြည့်လိုက်ရင် ၃ - ၄ မိနစ်မှ တစ်ခါ အသက်ရူလို့ စွမ်းအင်တွေ အများကြီး ထိန်းသိမ်းထားနိုင်တယ်။ ဒါကြောင့် နှစ်ရာနဲ့ချီပြီး အသက်ရှင်နိုင်တယ်။” ဒေါသထွက်ချိန်တွင် အလိုအလျောက် အသက်ရူမြန်လာပြီး စွမ်းအင်များ ကုန်ခန်းသွားစေရုံသာမက အသက်ပါတိုစေပါလားဟု လော့လင်း တွေးလိုက်မိသည်။
“ဒါဆိုကျွန်မတို့ ဘယ်လိုလုပ်မှ အသက်ကို ဖြည်းဖြည်းရူနိုင်မှာလဲ?” လော့လင်းသည် မိမိ၏ နေ့တိုင်း အသက်ရူနေသော အကြိမ်ရေကို လျော့ချပြီး နှစ်ကြာကြာ ပိုနေလိုသည်။
“နည်းလမ်းအများကြီး ရှိပါတယ်။ ရုံးသမားတွေအတွက်ဆိုရင် ၀မ်းဗိုက်နဲ့ အသက်ရူနည်းက အကောင်းဆုံးပါပဲ။” ဆရာမသည် ပြောနေရင်း လော့လင်းကို လက်တွေ့လုပ်ပြလိုက်သည်။ အသက်ရူသွင်းလိုက်ချိန်တွင် ၀မ်းဗိုက် ဖောင်းလာပြီး ရူထုတ်လိုက်ချိန်တွင် ပြန်ကျသွားသည်။
လော့လင်းလိုက်လုပ်ကြည့်သည်။ သို့သော် အသက်ရူသွင်းလိုက်ချိန်တွင် ရင်ကော့သွားသည် မဟုတ်လျှင် ပုခုံးမြှင့်တက်သွားသည်။ ၀မ်းဗိုက်ဖြင့် အသက်မရူနိုင် ဖြစ်နေသည်။ ဆရာမသည် သူမကို လှဲလျောင်းပြီး စမ်းကြည့်ခိုင်းလိုက်သည်။ လှဲလျောင်းပြီး လုပ်ကြည့်လိုက်သည်နှင့် အောင်မြင်သွားသည်။
“လက်စသတ်တော့ ဒီလိုကိုး! ကလေးငယ် အသက်ရူတဲ့ပုံစံ အတိုင်းပဲနော်။” လော့လင်းသည် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဟုတ်တယ်လေ။” ဆရာမပြန်ပြောလိုက်သည်။ “ညီမအိမ်က ကလေးရဲ့ အသက်ရူပုံစံကို ကြည့်လိုက်တာနဲ့ ၀မ်းဗိုက်နဲ့ အသက်ရူတဲ့ နည်းကမှ မှန်ကန်ပြီး ကျန်းမာတဲ့ အသက်ရူနည်းလမ်း ဆိုတာ လက်ခံလာလိမ့်မယ်။” လော့လင်းသည် ဆရာမကို မိမိတွင် ကလေးမရှိကြောင်း ပြောပြချင်သော်လည်း ပြောမထွက်ပေ။
ဆရာမသည် ဆက်၍.. “ညီမတို့ကုမ္ပဏီက သူဌေးတွေ အသက်ရူတဲ့ပုံစံကို ကြည့်ကြည့်လိုက်၊ ရင်ဘတ်နဲ့ ဒါမှမဟုတ်ရင် ပုခုံးနဲ့ပဲ အသက်ရူနေလိမ့်မယ်။ မြန်ဆန်ပြီး တိုတောင်းလှတယ်။ အသက်ကို အလကား ဖြုန်းတီးနေတာပဲ။” ဟုဆရာမသည် ပြောရင်း ပြုံးလိုက်သည်။
“ဘာကြောင့် ၀မ်းဗိုက်နဲ့ အသက်ရူနည်းက ကျွန်မတို့ရဲ့ အသက်ရူနှုန်းကို နှေးသွားစေတာလဲ?” လော့လင်း မေးလိုက်သည်။
“ဘာကြောင့်လဲ ဆိုတော့ အသက်ရူသွင်းလိုက်ချိန်မှာ ၀မ်းဗိုက်က ဖောင်းတက်သွားတယ်။ ဒီအချိန်မှာ ရင်ဝမ်းခြားကြွက်သားက အောက်ကျသွားပြီး ၀မ်းပိုင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်နယ် ပေးလိုက်တဲ့အပြင် အဆုတ်အတွက်လည်း နေရာလွတ်ပိုရသွားစေတယ်။ ဒါကြောင့် လေတွေက အဆုတ်ထဲ ကောင်းကောင်း ၀င်သွားနိုင်တယ်။ အသက်ပြန် ရူထုတ်တဲ့ အချိန်မှာ ၀မ်းဗိုက်က ပြန်ချပ်သွားတဲ့အတွက် ရင်ဝမ်းခြားကြွက်သားကို အပေါ်ပြန်တက်သွားစေပြီး နှလုံးကို နှိပ်နယ်ပေးလိုက်တဲ့အပြင် အဆုတ်ကိုလည်း ကျုံ့သွားစေတယ်။ ဒီလိုနဲ့ အဆုတ်ထဲမှာရှိတဲ့ မကောင်းတဲ့လေတွေကို အပြင်ဖက်ကို ဖိထုတ်ပေးနိုင်တာပေါ့။”
“သြော်.. ဒီလိုကြောင့်ကိုး..” လော့လင်း ပြန်ပြောလိုက်သည်။
“အင်း.. ၀မ်းဗိုက်နဲ့ အသက်ရူနည်းကို ကျင့်ပြီးရင် ကားစီးနေတဲ့အချိန်၊ အစည်းအဝေးထိုင်နေတဲ့အချိန်၊ တခြားလူတွေနဲ့ စကားပြောနေချိန်တွေမှာတောင် လေ့ကျင့်နေလို့ရတယ်။ ဒီနည်းနဲ့ အသက်ရူရင် ညီမရဲ့ရင်ဘတ်က ကျယ်လာသလို ခံစားရပြီး အသက်ရူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာသွားစေနိုင်တယ်။ လေ့ကျင့်တဲ့အချိန်မှာလည်း အရမ်းလွယ်ကူပါတယ်။ ကိုယ့်ရဲ့ ၀င်သက်ထွက်သက်ကို သတိထားလိုက်ပါ။ လေရူသွင်းလိုက်တဲ့ အချိန်မှာ ၀မ်းဗိုက်ဖောင်းလာပြီး ပြန်ထုတ်လိုက်ချိန်မှာ ပြန်ချပ်သွားမယ်။ ကိုယ်က ၀မ်းဗိုက်နဲ့ အသက်ရူတာကို စပေးလိုက်တာနဲ့ သူ့အလိုလို အဲ့ပုံစံနဲ့ ဆက်ရူသွားလိမ့်မယ်။”
“အို.. ဒါဆို ပျင်းစရာကောင်းတဲ့ အစည်းအဝေးတွေမှာဆိုရင် ငါလုပ်စရာ အလုပ်ရှိသွားပြီ။” ဟု လော့လင်းသည် ပျော်ရွှင်စွာ တွေးလိုက်မိသည်။ ယောဂအခန်းငယ်လေးမှ ပြန်လည်ထွက်ခွာလာချိန်တွင် လော့လင်းသည် ယောဂ အသင်းဝင် တစ်ယောက်ဖြစ်သွားပါပြီ။
ယောဂ ကစားဖို့အပြင် အဘိုးအိုသည် လော့လင်းအား သူ၏ အခြားတပည့်များနှင့် သွားတွေ့ရန်လည်း မှာထားသောကြောင့် ယောဂခန်းမမှ ထွက်လာပြီးနောက် လော့လင်းသည် အားတင်းပြီး အဘိုးအိုပေးလိုက်သော ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။
အဘိုးအို၏ သင်ခန်းစာနှင့် ပတ်သက်၍ အတူဆွေးနွေးနိုင်သောသူကို တွေ့ရတော့မည် ဖြစ်သောကြောင့် လော့လင်း စိတ်လှုပ်ရှား နေသည်။ ဤကဲ့သို့သော အကြောင်းအရာများကို သာမန်လူများနှင့် သွားရောက် ဆွေးနွေးပါက လူထူးလူဆန်းဟုသာ သတ်မှတ်ခံရနိုင်ပါသည်။
“ဟဲလို?” လော့လင်းသည် အဘိုးအိုပေးလိုက်သော ပထမဆုံးနံပါတ်ကို ဆက်လိုက်သောအခါ ဖုန်းကိုင်လိုက်သူသည် ကောင်လေးတစ်ယောက်၏ အသံဖြစ်နေသည်။
“ဟုတ်ကဲ့..မင်္ဂလာပါ။ ကျွန်မက.. ဟို.. အဘိုးတစ်ယောက်က…” လော့လင်းသည် မိမိကိုယ်မိမိ မည်သို့မိတ်ဆက်ရမည် မသိဖြစ်နေသည်။
“သြော်.. ကျွန်တော်သိပါပြီ။ အမ ဘယ်တော့လောက် လာမှာလဲ?” ကောင်လေးသည် ချက်ချင်း နားလည်သွားပြီး လော့လင်းကို လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။
“ကျွန်မဒီည အချိန်ရပါတယ်..” လော့လင်း တွေဝေစွာနှင့် ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ဒါဆို ည (၈) နာရီဆိုရင် အဆင်ပြေမလား?” လော့လင်းမှ အဆင်ပြေကြောင်း ကြားလိုက်ရချိန်တွင် ကောင်လေးသည် သူ့ရုံးလိပ်စာကို ပြောပြပြီးနောက် ဖုန်းချလိုက်သည်။
(၈) နာရီဝန်းကျင်တွင် လော့လင်းသည် သူမ ရထားသည့် လိပ်စာအတိုင်း လာလိုက်ရာ သားနားသော စီးပွားရေး အဆောက်အအုံတစ်ခုသို့ ရောက်လာသည်။ ခမ်းနားလှသည့် စီးပွားရေးအကြံပေးကုမ္ပဏီ တစ်ခုရှေ့သို့ ရောက်လာသောအခါ အသက် (၃၀) ၀န်းကျင်ခန့်သာ ရှိသော ခပ်ချောချော ကောင်လေး တစ်ယောက် လော့လင်းထံသို့ လျှောက်လာသည်။ ကောင်လေးသည် လော့လင်းကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျွန်တော်က လီယင်ဂျယ်ပါ!”
လော့လင်းလည်း သူမကိုယ် သူမ ပြန်မိတ်ဆက်လိုက်သည်။ ကောင်လေးကို သေချာကြည့်လိုက်တော့မှ လော့လင်း မှတ်မိသွားတော့သည်။ သူသည် လော့လင်း အမြဲလေးစားရသော နာမည်ကြီး စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောဆရာ တစ်ယောက်ဖြစ်နေသည်။
လီယင်ဂျယ်သည် လော့လင်းကို သူ့ရုံးခန်းသို့ ခေါ်သွားလိုက်သည်။ ရုံးခန်းသည် အလွန်သားနားလှပါသည်။ လီယင်ဂျယ်သည် သူ၏ အဆင့်မြင့် အလုပ်စားပွဲတွင် မထိုင်ဘဲ လော့လင်းနှင့် တန်းတူ ဆိုဖာပေါ်တွင်သာ ထိုင်လိုက်ရင်း..“ဒီညအတွက် ကျွန်တော် အစည်းအဝေး (၂) ခု ဖျက်လိုက်ပါတယ်။ အဘိုးရဲ့ ကိစ္စက အားလုံးထက် အရေးကြီးတယ်။ ကျွန်တော်သူ့ကို အတတ်နိုင်ဆုံး ကျေးဇူးပြန်ဆပ်ချင်တယ်။ ပြီးတော့ သူမိတ်ဆက် ပေးလိုက်တဲ့သူတွေကလည်း အကူအညီ လိုအပ်နေတဲ့ သူတွေပဲလေ။” လီယင်ဂျယ်၏ အသံသည် တည်ငြိမ်ပြီး ပါဝါရှိသည်။ နွေးထွေးမှုပါဝင်နေသည်။ ထို့ကြောင့်လည်း နာမည်ကြီး ဟောပြောဆရာ တစ်ယောက်ဖြစ်နေပါသည်။ စကားစပြောလိုက်သည်နှင့် လော့လင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။
“ကျွန်တော့်ကို ဘာမေးချင်တာလဲ?” လီယင်ဂျယ် မေးလိုက်သည်။
“ဟုတ်ကဲ့.. အခု ကျွန်မက ခန္ဓာကိုယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့အတွက် ဆွေးနွေးနေတဲ့ သင်ခန်းစာကို ရောက်နေပါပြီ..” လော့လင်း သေချာမရှင်းပြတတ်ပါ။
“သြော်.. ခန္ဓာကိုယ်ရဲ့ အတားအဆီးပါလား..” လီယင်ဂျယ် ခေါင်းညိတ်လိုက်ရင်း.. “လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းအရမ်းအောင်မြင်လာတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ အချိတ်အဆက် လုံးဝ မရှိတော့ဘူး။ နောက်ဆုံး အစာအိမ်က သွေးထွက်တဲ့ အထိ ဖြစ်လာပြီး အလုပ်ဆက်မလုပ်နိုင်တော့ဘဲ နားလိုက်ရတယ်။”
လီယင်ဂျယ်သည် ပြီးခဲ့သောနှစ်များတွင် ခဏလောက်ပျောက်သွားသည်ကို လော့လင်းမှတ်မိပါသည်။ ဒီနှစ် အစောပိုင်းမှ လုပ်ငန်းပြန်လည် စတင်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ လုပ်ငန်းချဲ့ရန် စီစဉ်နေပါသည်။ လက်စသတ်တော့ ရောဂါကြောင့် ခဏနားလိုက်ခြင်း ဖြစ်သည်။ လူတော်တော်များများသည် လုပ်ဖော်ကိုင်ဖက်များနှင့် မတည့်၍ လုပ်ငန်းပျက်သွားကြသည်ဟု ထင်နေကြသည်။
“အမ စဉ်းစားကြည့်လေ.. လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ကိုယ့်အစာအိမ်က အဲ့လောက်ကြီးမားတဲ့အနာ ဖြစ်နေတာတောင် ဘာမှမသိတာလဲ? ကျွန်တော်က အဲ့လို လူစားမျိုးပဲလေ။ အဲ့ချိန်တုန်းက ကျွန်တော်ဆိုရင် ကျန်းမာရေးလည်း မကောင်း၊ စီးပွားရေးလည်းပျက်ပြီး နလန်ပြန်မထူနိုင်တော့ဘူး။ ကျွန်တော်သူများကို အမြဲ အားပေးအားမြှောက် ပြောပေးနေတဲ့ စကားတွေကလည်း ကိုယ့်အလှည့်ကျတော့ အသုံးမ၀င်တော့ဘူး။”
သူသည် ရေတငုံလောက် သောက်ပြီး.. “နောက်ပိုင်း အဘိုးနဲ့တွေ့ခဲ့တယ်။ အဘိုးက အရမ်း သဘောကောင်းတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတယ်။ လူတွေကို ဘယ်တော့မှ မဝေဖန်ဘူး။ ဘယ်လိုလူမျိုးပဲ ဖြစ်နေ ဖြစ်နေ သူလက်ခံနိုင်တယ်။ ဘာအကြောင်းပြချက်မှ မရှိပဲ အားလုံးကို ချစ်ခင်တယ်။”
လော့လင်းသည် ယခုမှ ဘာကြောင့် အဘိုးအိုနှင့်တွေ့တိုင်း နွေးထွေးပြီး သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်ကို နားလည်သွားသည်။ အဘိုးအိုကဲ့သို့ လူကို လုံးဝ မဝေဖန်ဘဲ အရှိကို အရှိတိုင်း လက်ခံပေးနိုင်သောသူသည် ဤလောကကြီးတွင် အလွန်ရှားသည်။
လီယင်ဂျယ်သည် အတိတ်အကြောင်း ပြောရင်း မျက်လုံးများနီလာသည်။ အဘိုးအိုကို သတိရမိသည်ထင့်။
“အဘိုးက ကျွန်တော့်ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လိုချိတ်ဆက် ရမယ်ဆိုတာကို သင်ပေးလိုက်တယ်။ ကိုယ့်စိတ်ခံစားချက်တွေကို ခံစားပြီး လက်ခံဖို့နဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို သတိထားရမယ်။ ပြီးတော့ ကိုယ့်ရဲ့ ‘ego’ (အတ္တ) တွေကို ချိုးဖျက်ပစ်ရမယ်။” ပြောရင်း လီယင်ဂျယ်တိတ်သွားသည်။ အရင်တုန်းက အကြောင်းများ ပြန်စဉ်းစားနေဟန် တူသည်။
“ကျွန်တော့်ဘ၀ အသစ်တစ်ဖန် ပြန်စလာတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့ လက်ရှိလုပ်ငန်းဟာ ကျွန်တော် အစာအိမ်ရောဂါ မဖြစ်ခင်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ နေပုံထိုင်ပုံနဲ့ ဟောပြောတဲ့ပုံစံတွေက အရင်နဲ့ အများကြီး ကွာသွားပါပြီ..” လော့လင်း နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။
လီယင်ဂျယ်သည် လော့လင်းကို ကြည့်ပြီး ဆက်၍.. “ကျွန်တော် နေ့တိုင်း အလုပ်ရှုပ်နေတယ် ဆိုပေမယ့် အမြဲတမ်း ငြိမ်းချမ်းပြီး ၀မ်းမြောက်တဲ့စိတ်ကို ထိန်းထားတယ်။ အရင်တုန်းကလို ပြင်ပကအရာတွေကို မစွဲလမ်းတော့ဘူး။ ဒါကြောင့်လည်း ကျွန်တော့်လုပ်ငန်း တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာတယ်။ အောင်မြင်လာတယ်။ ကံကောင်းခြင်းတွေက တဖွဲဖွဲ ရောက်လာနေတယ်လေ။”
“အဘိုးပြောဖူးတဲ့ ကြံတိုင်းအောင်တယ် ဆိုတာလား?” ဟု လော့လင်း ဖြတ်မေးလိုက်သည်။
“ကြံတိုင်းအောင်တဲ့နည်းက အဆင့်မြင့် သင်ခန်းစာမှာ ပါလာလိမ့်မယ်။ အချိန်တန်ရင် အဘိုး ပြောပြမှာပါ။”ဟု ဆိုရင်း လီယင်ဂျယ်ပြုံးလိုက်သည်။
လော့လင်း၏ ကြိုသိချင်နေသည့်စိတ်ကို လီယင်ဂျယ် ရိပ်မိသွားသည်ထင့် လော့လင်း၏ မေးခွန်းကို ပြန်မဖြေဘဲ..“အဘိုးက အမကို ကျွန်တော့်ဆီလွှတ်လိုက်တာ ကျွန်တော့်ပုံပြင်နားထောင်ပြီး အမရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာ စေဖို့ပါ။ ပြီးတော့ အဘိုး ကျွန်တော့်ကို သင်ပေးခဲ့တဲ့ စားသောက်နည်းပုံစံကိုလည်း မျှဝေပေးလို့ ရတာပေါ့။” စားသောက်နည်းပုံစံအကြောင်း ကြားလိုက်ရချိန်တွင် လော့လင်း စိတ်ဝင်စားသွားသည်။
“ခန္ဓာကိုယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်ရမယ်လို့ ကျွန်တော်တို့တွေ ပြောနေကြပေမယ့် ခန္ဓာကိုယ်ဟာ စစ်မှန်တဲ့မိမိကို ရှာတွေ့ဖို့ မဖြစ်မနေ သွားရမယ့်လမ်း ဖြစ်နေတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကနေလာတဲ့ သတင်းတွေကို နားထောင်ရမယ်။ ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ရမယ်။ ဒီလမ်းဖြောင့်ဖြူးနေဖို့အတွက် ကိုယ့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ရမယ်။ ဟို မြင်းလှည်းလိုမျိုးပေါ့ သေချာ မပြင်ဆင်ပေးရင် ပျက်စီးသွားတဲ့ တစ်နေ့မှာ ဘယ်မှ ဆက်သွားလို့ ရမှာ မဟုတ်တော့ဘူး။”
“အဘိုးက ကျွန်တော့်ကို ပြောဖူးတယ် ‘ဘယ်လိုစားတယ်’ ဆိုတာက ‘ဘာစားတယ်’ ဆိုတာထက် အရေးကြီးတယ်တဲ့..” လီယင်ဂျယ် ဆက်ပြောနေသည်။ “အဲ့တုန်းက ကျွန်တော် အစာအိမ် ရောဂါဖြစ်တော့ ဒီတစ်ယောက်ကဒါ ဟိုတစ်ယောက်ကဟို ဆိုပြီး အမျိုးမျိုး အကြံပေးကြတယ်။ ဒါပေမယ့် အဘိုးပြောတဲ့ အရေးကြီးတဲ့ အချက်တွေကိုပဲ ကျွန်တော် လိုက်လုပ်ခဲ့တယ်။ အလွန်ကောင်းတဲ့ ရလဒ်ကို ရခဲ့တယ်။” ပြောရင်း စားပွဲပေါ်မှ စာရွက်ကို ယူလိုက်သည်။ “ကျွန်တော် အဲ့ဒီ စားသောက်နည်းပုံစံကို ဒီစာရွက်မှာ ရေးထားပါတယ်။ အမ ယူသွားပြီး အေးဆေးကြည့်လို့ ရတာပေါ့..”
လီယင်ဂျယ်သည် နာရီကို ကြည့်လိုက်သည်။ လော့လင်း အားနာသလို ခံစားရပြီး.. “ကောင်းပါပြီ.. ကျွန်မ အိမ်ရောက်မှ အေးဆေး ကြည့်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။ ပြန်လိုက်ပါအုံးမယ်..”
လီယင်ဂျယ်သည် အားနာစွာ ပြုံးပြလိုက်ရင်း.. “စိတ်မရှိပါနဲ့.. ကျွန်တော်ကိစ္စလေး ရှိသေးလို့ပါ။ အဘိုးနဲ့ တွေ့ရတဲ့ ကျွန်တော်တို့က အရမ်းကံကောင်းတဲ့ သူတွေပါ။ ဒါကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ အဘိုးနဲ့ သေချာလေ့လာ သင်ယူ စေချင်ပါတယ်။”ဟု လော့လင်းကို အားပေးလိုက်သည်။
လော့လင်း စိတ်ထဲမှ အလွန် ကျေးဇူးတင်မိပါသည်။ ဒီလောက် အောင်မြင်ပြီး အလုပ်ရှုပ်နေသောသူသည် ဘာမှ မဟုတ်သော သူမကို အချိန်ပေးပြီး စကားပြောခဲ့သည်။ အဘိုး၏ သြဇာသည် သူမ ထင်ထားသည်ထက် အလွန်ပင် ကြီးမားနေပါသည်။
ရုံးခန်းမှ ထွက်ထွက်ချင်း လော့လင်းသည် မနေနိုင်တော့ဘဲ လီယင်ဂျယ်မှ ရလာသော စာရွက်ကို ကြည့်လိုက်သည်။ စာရွက်တွင် ရေးသားထားသော ကျန်းမာသည့် စားသောက်ပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဘယ်လို စားသောက်ရမှာလဲ ဆိုသည့် အချက်များ ၁။ အကောင်းဆုံး အစားအသောက် အချိုး - အစေ့အဆန်များ ၄၀%၊ အသီးအရွက် ၄၀%၊ ပရိုတင်းဓာတ် ၂၀%
၂။ စားသောက်ချိန် - မနက်စာကို မဖြစ်မနေ စားပေးရမည်။ ညနေစာကို စောနိုင်သလောက် စောပြီး နည်းနိုင်သလောက် နည်းရမည်။ နေ့လယ်စာကို မနက်စာစားပြီး ၄ နာရီ မကျော်ခင်တွင် စားပေးရပါမည်။ ဒီလိုမှသာ ကိုယ့်ခန္ဓာကိုယ်၏ စွမ်းအင် ဆုံးရှုံးသွားခြင်းမှ ကာကွယ်နိုင်သည်။ အစာစားချိန် မရပါက အဆာပြေ မုန့်လေး စားပေးပါက ပိုကောင်းမည်။
၃။ စားသောက်သည့် ပမာဏ - နည်းနည်းနှင့် အကြိမ်ရေ များများ စားပါက ပိုကောင်းပါသည်။
၎။ ချက်ပြုတ်နည်း - မချက်ပြုတ်ရသေးသော အသီးအရွက်များသည် ခန္ဓာကိုယ် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် တချို့ရာသီတွင် အစိမ်းစားရန် မသင့်တော်ပေ။ ရေဖြင့် ပြုတ်ပေးခြင်း၊ ပေါင်းပေးခြင်းများသည်လည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။
၅။ စားသောက်နည်း - အစားအစာများကို သေချာ ၀ါးပြီး ကိုယ့်တံထွေးနှင့် အစာများ ရောသွားအောင် အချိန်ပေးပြီး စာခြင်းသည် အစာချေခြင်းကို အထောက်အကူပေးပါသည်။ အစားအစာများကို သင့်လျော်သော အပူချိန်တွင် ထားရပါမည်။ အလွန်အေးသော (သို့) အလွန်ပူသော အစားအစာများကို ရှောင်ပါ။ ဥပမာ - အလွန်အေးသော အအေးကို သောက်လိုက်ပါက ခန္ဓာကိုယ်သည် စွမ်းအင်များများသုံးမှသာ အအေး၏ အပူချိန်ကို လူ၏ ပုံမှန်အပူချိန် (၃၆.၅) ဒီဂရီ စင်ဒီဂရိတ်သို့ ပြန်ရောက်အောင် ညှိပေးနိုင်မည် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်နေရပါက အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လည်ပတ်မှုကို နှောင့်နှေး သွားစေနိုင်ပါသည်။
စားသောက်နည်း ပုံစံကို ဖတ်ပြီး လော့လင်းသည် မနက်ဖြန်မှစ၍ လိုက်နာနိုင်သလောက် လိုက်နာကျင့်သုံး သွားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
လီယင်ဂျယ်ထံမှ ပြန်လာပြီး နောက်တစ်နေ့မှာပင် လော့လင်းသည် သူမ သင်ယူခဲ့သော စားသောက်နည်းပုံစံကို စတင်ကျင့်သုံးလေတော့သည်။
ခါတိုင်းတွင် မနက်စာကို နွားနို့တစ်ခွက် (သို့) ဒိန်ချဉ်တစ်ခွက်သာ သောက်လေ့ရှိသော သူမသည် ယနေ့တွင် အကျင့်များ စတင်ပြောင်းလဲပြီး အစားအစာများ ပိုမိုစားသောက်နေပါသည်။ ရုံးတက်ချိန်တွင်လည်း လော့လင်းသည် သရေဆာမုန့်များ ခဏခဏ စားနေသဖြင့် လုပ်ဖော်ကိုင်ဖက်များသည် သူမကို ကိုယ်ဝန်ရှိနေလောက်ပြီဟု တီးတိုးပြောဆိုနေကြသည်။
သို့သော် လော့လင်းသည် ယခုတွင် တစ်ခြားသူများ၏ အမြင်နှင့် ဝေဖန်မှုများကို သိပ်ဂရုမစိုက်တော့ပါ။ မိမိ၏ ဦးနှောက်သည် စက္ကန့်တိုင်းတွင် ကုဋေနှင့်ချီသော အချက်အလက်များကို ရှင်းလင်းနေရပါသည်။ သို့သော် မိမိ၏ အသိစိတ်သည် နှစ်ထောင်ကျော် အချက်အလက်များကိုသာ သတိထားနိုင်သောကြောင့် တစ်ခြားလူများ သူမကို မည်ကဲ့သို့မြင်သည်ကို အလေးထားနေမည့်အစား မိမိအတွက် အကျိုးရှိသော အချက်အလက်များကိုသာ ရွေးယူကြည့်ရှုတော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
လော့လင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာသစ်တွင် နေထိုင်တတ်နေပါပြီ။ တစ်ခြားလူများ၏ ဝေဖန်မှု၊ ပြစ်တင် ရှုတ်ချမှုများကို သူမ မမှုတော့ပါ။
“တစ်ခြားလူတွေ ဘာတွေ ဘယ်လိုပြောပြော ငါ့ ‘ego’ (အတ္တ) ကိုပဲ ထိခိုက်တာ။ ငါ့ ‘ego’ (အတ္တ) ရဲ့ သေးသိမ်မှုနဲ့ ထိခိုက်ခံရမှုတွေကို ငါလက်ခံနိုင်ရင် ဘယ်လောက်ပဲ ကြီးမားတဲ့ ပြစ်တင်ရှုတ်ချမှုမျိုးကိုမဆို ငါခံနိုင်ရည် ရှိသွားပါပြီ။” ဟု လော့လင်းသည် သူမကိုယ်သူမ သတိပေးနေလိုက်သည်။
ယနေ့ ရုံးတွင် အလုပ်သိပ်မရှိ၍ လော့လင်းသည် အဘိုးထံမှ ရထားသော ဖုန်းနံပါတ် နောက်တစ်ခုကို ဆက်လိုက်သည်။ ဖုန်းကိုင်လိုက်သူသည် အမျိုးသမီးတစ်ယောက်၏ အသံဖြစ်နေသည်။ လီယင်ဂျယ်ကဲ့သို့ပင် အဘိုးအိုမှ မိတ်ဆက်ပေးလိုက်သည်ဟု ကြားလိုက်သည်နှင့် ထိုအမျိုးသမီးသည် လော့လင်းနှင့် တွေ့ဆုံရန် ချက်ချင်း အချိန် သတ်မှတ်လိုက်သည်။ လော့လင်းသည် ရုံးစောဆင်းပြီး အမျိုးသမီးပေးလိုက်သော လိပ်စာအတိုင်းလာလိုက်ရာ လူကုံထံများသာ နေထိုင်သော တောင်တန်းလေးတစ်ခုသို့ ရောက်ရှိလာသည်။
ခြံတံခါးဘဲလ် တီးလိုက်သောအခါ ပိုင်ရှင်အမျိုးသမီးကိုယ်တိုင် တံခါးလာဖွင့်ပေးလိုက်သည်။ အမျိုးသမီးကို တွေ့လိုက်သည်နှင့် လော့လင်း အံ့သြမှင်သက်သွားလေသည်။
“ဟာ.. နာမည်ကြီးတဲ့သူ နောက်တစ်ယောက်ထပ်ဖြစ်နေပါလား။ တစ်ခုခုများ မှားနေလား မသိဘူး။ တွေ့လိုက်တဲ့ လူတိုင်းက နာမည်ကြီး အောင်မြင်တဲ့ သူတွေပါပဲလား..” ဟု လော့လင်း တွေးလိုက်သည်။ ယခုအမျိုးသမီးသည်လည်း တစ်ချိန်တွင် ကမ္ဘာကျော် အားကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါသည်။
“ညီမက လော့လင်း ထင်တယ်..” ဟု ဆိုရင်း လော့လင်း အံ့အားသင့်နေသော ရုပ်ကို ကြည့်ပြီး အမျိုးသမီး ပြုံးသွားသည်။ ထို့နောက် လှိုက်လှဲစွာဖြင့် “လာ အထဲဝင်လေ..” လော့လင်းသည် စိတ်လှုပ်ရှားစွာနှင့် လိုက်ဝင်သွားသည်။ အိမ်ထဲရောက်ချိန်တွင် ရိုးရှင်းသော အိမ်အပြင်အဆင်နှင့်အတူ အားကစား ဆုတံဆိပ်ပေါင်း မြောက်များစွာကိုလည်း တွေ့ရသည်။ အိမ်၏ ထောင့်တစ်နေရာတွင် လမ်းလျှောက်စက်တစ်ခုကိုလည်း တွေ့လိုက်ရသည်။ အမျိုးသမီးသည် အသက် (၅၀) ၀န်းကျင်ရှိနေပြီဖြစ်သော်လည်း သွယ်လျပြေပြစ်သော ခန္ဓာကိုယ်နှင့် နုနယ်နေသေးသည်ကို ကြည့်ပြီး လော့လင်း အားကျမိပါသည်။
ဆိုဖာပေါ် ထိုင်လိုက်သည်နှင့် အမျိုးသမီးသည် စ၍ မေးလိုက်သည်။ “အဘိုးနေကောင်းရဲ့လား? သူနဲ့ မတွေ့ရတာတောင် ကြာနေပြီ။”
“ဟုတ်ကဲ့ ကောင်းပါတယ်။ အမကိုလည်း သတိရကြောင်း စကားပါးလိုက်ပါတယ်။” ဟု လော့လင်းသည် ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။
“အဘိုးရဲ့ တစ်ခြားတပည့်တွေနဲ့ကော တွေ့ပြီးပြီလား?” ဟု အမျိုးသမီးမှ မေးလိုက်သည်။
“ဟုတ်ကဲ့ တွေ့ပြီးပါပြီ။ ကျွန်မ သူ့ဆီကနေ ခန္ဓာကိုယ်အတွက် စားသောက်နည်းပုံစံကို သိခဲ့ရပါတယ်။”
“မှန်တယ်။ ခန္ဓာကိုယ်ဆိုတာ သေချာ ဂရုစိုက်ပေးရမယ်။” ဟု အမျိုးသမီးမှ ထောက်ခံလိုက်သည်။ “အမအရင်တုန်းကဆိုရင် အလုပ်နဲ့ အိမ်ထောင်ရေး နှစ်ဖက်လုံးရဲ့ ဖိအားတွေ၊ ပြီးတော့ လေ့ကျင့်ခန်း မလုပ်နိုင်တာတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တဲ့ အချိန်မှာတော့ ခါးဆိုဒ်က (၁၀) ကနေ (၁၆) တောင် ပြောင်းသွားပြီ။ ခါးကတုတ်၊ ဗိုက်ကပူနဲ့ တကိုယ်လုံးလည်း ဖောင်းကားလာပြီး တော်တော် ကြည့်ရဆိုးလာတယ်။ ကိုယ်ခံအားလည်း ကျသွားပြီး အရင်ကလို သွက်သွက်လက်လက် မရှိဘဲ ထုံထိုင်းသွားတော့တာ။” အမျိုးသမီး ပြောနေသည်ကို နားထောင်နေရင်း ယခုကဲ့သို့ သွယ်လျပြေပြစ်သော အမျိုးသမီးသည် အရင်တွင် ၀ခဲ့ဖူးသည် ဆိုသည်ကို လော့လင်း မယုံကြည်နိုင် ဖြစ်နေသည်။
“နောက်ပိုင်း အဘိုးနဲ့ တွေ့တော့ အမ အများကြီး သင်ယူခဲ့ရတယ်။ အားကစားသမား တစ်ယောက်ဖြစ်တဲ့ အမအတွက် စိတ်အ၀င်စားဆုံးက ‘ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လို ပြန်ချိတ်ဆက်ရမယ်’ ဆိုတဲ့ အပိုင်းပဲလေ။” ပြောရင်း အမျိုးသမီးသည် ပြုံးလိုက်သည်။
“အရင်တုန်းကတော့ အားကစားသမားဖြစ်တဲ့ ကိုယ်ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ ချိတ်ဆက်မှု အများကြီး ရှိတယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ အမဟာ ကိုယ့်ခန္ဓာကိုယ်ကို ဆုတံဆိပ်တွေရဖို့အတွက် လက်နက်တစ်ခုအနေနဲ့ပဲ အသုံးချနေခဲ့တာ။ ချိတ်ဆက်မှု လုံးဝ မရှိခဲ့ဘူး။”
ထိုစကား ကြားလိုက်ရသောအခါ.. “သြော်..ခန္ဓာကိုယ်ကို မနားတမ်း လေ့ကျင့်ပေးနေရုံနဲ့ ချိတ်ဆက်တယ်လို့ မဆိုလိုနိုင်ပါလား..”ဟု လော့လင်း တွေးလိုက်သည်။ “အရင်ကတော့ အမရဲ့ ခန္ဓာကိုယ်ဟာ အမရဲ့အရာရာလို့ မှတ်ယူခဲ့တာ။ အမရဲ့ ego (အတ္တ) ကလည်း ခန္ဓာကိုယ်ကို အသိအမှတ်ပြုခဲ့တယ်။ ဒါပေမယ့် ချိတ်ဆက်မှု မရှိခဲ့ဘူး။” အမျိုးသမီးသည် ပြောရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် ဆက်၍.. “ဒါပေမယ့် အဘိုးနဲ့တွေ့ပြီး ခန္ဓာကိုယ်နဲ့ ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို သိလိုက်ရတယ်။ အဘိုးပြောပြလိုက်တဲ့ နည်းတွေထဲမှာ အနှေးပြေး လေ့ကျင့်ခန်းကို ရွေးလိုက်တယ်။”
“အနှေးပြေးတာ???” အားကစားလောကမှ အနားယူပြီးနောက်ပိုင်း အမျိုးသမီးသည် အားကစားကိုပဲ ပြန်လည် ရွေးချယ်သည်ကို တွေ့ရပြီး လော့လင်း အံ့အားမိပါသည်။
“ဟုတ်တယ်။ အနှေးပြေးတာ..” အမျိုးသမီးသည် စိတ်အားထက်သန်စွာ ရှင်းပြနေသည်။ “အဲ့ဒီ လေ့ကျင့်ခန်းဟာ ခြေထောက်ရဲ့ ကြွက်သားကို သန်မာအောင် ကျင့်ပေးပြီး ကိုယ်ခံအား မကျဆင်းသွားအောင် ကာကွယ်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲလေ..” ပြောရင်း အမျိုးသမီးသည် လော့လင်းကို လမ်းလျှောက်စက်သို့ ခေါ်သွားလိုက်ပြီး.. “လာ အမပြမယ်..” ဟုဆိုကာ ခြေလှမ်း ကျဲကျဲလေးလှမ်းလိုက်တိုင်း လက်နှစ်ဖက်သည်လည်း ရှေ့နောက်သို့ လိုက်၍ လှုပ်ရှားနေသည်။
“လမ်းလျှောက်တဲ့အချိန်မှာ အသက်ကို ခပ်ပြင်းပြင်း ရူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်ရမည်။ ပုခုံးနှစ်ဖက်လှုပ်ပြီး ခြေလှမ်းကျဲကျဲနဲ့ ရှေ့ကို လျှောက်ရင် ထင်မှတ်မထားတဲ့ ရလဒ်ကောင်းတွေ ရလာတယ်နော်..” အမျိုးသမီးသည် လော့လင်းကို သေချာစွာ ရှင်းပြနေသည်။
“လမ်းလျှောက်ချိန်မှာ ကိုယ့်ဦးနှောက်ကို ရှင်းရှင်းထားပြီး အာရုံကို ခြေထောက်မှာပဲ စုထားဖို့ အဘိုးက မှာလိုက်သေးတယ်။ လမ်းလျှောက်ရင်း တရားမှတ်လို့ ရတာပေါ့။” ပြောရင်း အမျိုးသမီးသည် ဆွဲဆောင်မှုရှိသော အပြုံးတစ်ချက် ပြုံးလိုက်ပြီး.. “ဒီလိုနဲ့ နေ့တိုင်း လေ့ကျင့်ပေးလိုက်တာ (၆) လအတွင်းမှာပဲ ကီလို (၄၀) ကျသွားတယ်။ ပြီးတော့ တကိုယ်လုံးလည်း ပေါ့ပါးလန်းဆန်းလာတယ်လို့ ခံစားရတယ်။ စိတ်ညစ်စိတ်ပျက်တာတွေလည်း မရှိတော့ဘဲ စိတ်ထဲမှာ အေးချမ်းပြီး ရွှင်လန်းနေတယ်လို့ ခံစားရတယ်။”
“ဟုတ်လား?.. ကောင်းလိုက်တာ” ဟုဆိုကာ လော့လင်းသည် အားကျနေမိသည်။
“အင်း.. ဟုတ်တယ်။ အခုခေတ်လူတွေကို ကြည့်လိုက်ရင် နေ့တိုင်း အလုပ်ရှုပ်နေလို့ ကိုယ့်ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်အားတော့ဘူး။” အမျိုးသမီးသည် စိတ်မကောင်းစွာ ညည်းလိုက်သည်။
လော့လင်းကိုယ်တိုင်သည်လည်း အလုပ်ပဲ ဦးစားပေးနေတတ်ပြီး ကျန်မာရေး မလိုက်စားသူ ဖြစ်နေသောကြောင့် အမျိုးသမီးသည် မိမိကို ပြောနေသကဲ့သို့ပင် ခံစားလာရသည်။ ထို့နောက် အမျိုးသမီး၏ စကားကို ထောက်ခံရန်.. “မှန်တယ်နော်.. အခုခေတ်လူတွေက ငယ်ရွယ်ချိန်မှာ လုပ်အားနဲ့ ပိုက်ဆံရအောင် ရှာပြီး အသက်ကြီးလာတော့ ပိုက်ဆံနဲ့ ကျန်းမာရေးကို ပြန်လဲကြတယ်။”
“ဟင်း.. လူတွေအားလုံး မဖျားမနာခင်မှာ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်နိုင်ရင် ကောင်းမှာပဲ..” ဟု အမျိုးသမီးသည် ထပ်လောင်းပြောလိုက်ပြီး လော့လင်းကို.. “ညီမ အခု ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်လည်ချိတ်ဆက်မှု နဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတာကို မျှဝေပေးပါလား..” ဟု တောင်းဆိုလိုက်သည်။
“အမ်း.. ကျွန်မတို့က ကိုယ့်ခန္ဓာကိုယ်ပေါ် ကိုယ်အာရုံစူးစိုက်နိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေ နေ့တိုင်း လုပ်သင့်ပါတယ်။ ဥပမာ - အမလုပ်နေတဲ့ အနှေးပြေးလေ့ကျင့်ခန်း၊ ကျွန်မကျင့်နေတဲ့ ယောဂကျင့်စဉ်တွေနဲ့ တစ်ခြားအလားတူ လေ့ကျင့်ခန်းတွေက ကျွန်မတို့ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ အထောက်အကူ ပေးနိုင်ပါတယ်။” လော့လင်းသည် သတိထားပြီး ဖြေကြားလိုက်သည်။
“အရမ်းမှန်ပါတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တစ်ချက် ရှိသေးတယ်။ ညီမကို အဘိုးပြောပြ ပြီးပြီလား မသိဘူး။” လော့လင်း၏ တွေဝေနေသော ရုပ်ကို ကြည့်ပြီး အမျိုးသမီးဆက်၍ ပြောလိုက်သည်။ “ညီမစဉ်းစားကြည့်လိုက်ပါ.. တစ်နေ့လုံးမှာ ညီမက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အချိန်ဘယ်လောက်ပဲ အာရုံစိုက်နိုင်မှာလဲ? ဥပမာအနေနဲ့ တစ်ခြားလူနဲ့ စကားပြောတဲ့ အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သတိထားမိရဲ့လား? မျက်မှောင်ကြုတ်သွားသလား? ပုခုံးက စိတ်လှုပ်ရှားပြီး မြင့်တက်နေသလား? စိတ်ဖိစီးမှုကြောင့် အစာအိမ်နာနေသလား? တကယ်လို့ လူတွေဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုတွေကို သတိထားနိုင်ပြီး ဂရုစိုက်သွားမယ်ဆိုရင် ရောဂါတော်တော်များများကို မဖြစ်ခင်မှာပဲ တားဆီးထားနိုင်မှာပါ။”
“သြော်..” လော့လင်း အံ့အားသင့်သွားပြီး.. “ဒါကြောင့် ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ဖို့ နည်းလမ်းနောက်တစ်ခု ကတော့ ကိုယ့်ရဲ့ နေ့စဉ်ဘ၀မှာ အမြဲတမ်းလိုလို ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သတိထားဖို့ပေါ့နော်?”
“ဟုတ်တယ်.. ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အချိန်နဲ့ မတူဘူးနော်..” အမျိုးသမီးသည် လော့လင်း နားလည်မှု မလွဲစေရန် ထပ်မံ ရှင်းပြလိုက်သည်။ “လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ညီမက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အာရုံအပြည့်အ၀ စူးစိုက်ထားရမယ်။ ဒါပေမယ့် တခြားအချိန်မှာ.. အပြည့်အ၀ အာရုံစိုက်ဖို့ မလိုတော့ဘူး..” အမျိုးသမီးသည် လော့လင်းအား သာဓကပေးရန် ခဏစဉ်းစားလိုက်သည်။
“အင်း.. ပြောရမယ်ဆိုရင် ညီမ အစည်းအဝေး ထိုင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြန်မေးလို့ရတယ် ‘အခုလက်ရှိ ငါနေတဲ့ထိုင်တဲ့ပုံက ဘယ်လိုလဲ? ထိုင်ခုံနဲ့ ငါ့ခန္ဓာကိုယ်ရဲ့ အထိအတွေ့က ဘယ်လိုလဲ? ငါ့ကိုယ်ရဲ့ ဘယ်အပိုင်းက တင်းပြီးညောင်းနေတယ်လို့ ခံစားနေရလဲ? ညောင်းနေတဲ့အပိုင်းကို ငါဖြေလျော့လိုက်မယ်..’ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ကို အာရုံနည်းနည်းပဲ စိုက်ပြီး တခြားအာရုံတွေကို အခုလက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ အရာတွေပေါ်မှာ စူးစိုက်ထားလို့ရတာပေါ့။ ဒီနည်းက ညီမကို အခုလက်ရှိ ပစ္စုပ္ပန်အချိန်မှာ အသက်ရှင်နေနိုင်ဖို့ အများကြီး အထောက်အကူ ပြုပါတယ်။”
ပြောရင်း အမျိုးသမီး၏ မျက်စိသည် ပိုမိုတောက်ပလာပြီး.. “တစ်နည်းပြောရရင်.. ကိုယ့်ရဲ့ အသိစိတ်ကို တိုးချဲ့လိုက်တာပေါ့။ မဟုတ်ရင် အမတို့ရဲ့ အသိစိတ်တွေက အရာအများကြီးကို မြင်နိုင်ပေမယ့် တစ်ချို့အရာလောက်ကိုပဲ အာရုံစိုက်နိုင်တဲ့ လူတွေရဲ့ မျက်စိလိုမျိုး ဖြစ်နေမှာ။ သာမန်နေ့စဉ်ဘ၀တွေမှာ ခန္ဓာကိုယ်က နေ့တိုင်း အလုပ်တွေလုပ်နေပေမယ့် ကိုယ်လုပ်တဲ့အလုပ်ပေါ်ကို သေချာအာရုံစိုက်တာ ခပ်ရှားရှားပါပဲ။ ဒါကြောင့် ကိုယ်က ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံစားချက်ကို သတိထားနိုင်ပြီဆိုရင် အသိစိတ် ၅% ကို တိုးချဲ့နိုင်ပြီပေါ့။ ဒါက အဘိုး ပြောပြောနေတဲ့ မသိစိတ်ကနေ သိစိတ်ကို ပြောင်းခြင်း ဆိုတာပဲလေ..” ဟု အားတက်သရော ရှင်းပြနေသည်။
လော့လင်းသည် အမျိုးသမီးထံမှ အများကြီး သင်ယူနိုင်ခဲ့ပါသည်။ အောင်မြင်ချမ်းသာသည်ဟု ဆိုကာ ဘ၀င်မြင့်မှု မရှိဘဲ ဘာဟန်ဆောင်မှုမျှ မရှိသော အမျိုးသမီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရ၍ လော့လင်း အတိုင်းမသိ ပျော်ရွှင် ၀မ်းမြောက်နေမိပါသည်။ ထို့နောက် အချင်းချင်း နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့ပါသည်။
အဘိုးအိုသည် ကြမ်းပြင်ပေါ်ရှိ ခန္ဓာကိုယ် စက်ဝိုင်းပေါ်တွင် ‘ချိတ်ဆက်မှု’ ဟူသော စာလုံးကို ရေးလိုက်သည်။
“စစ်မှန်တဲ့မိမိကို ကာထားတဲ့ ခန္ဓာကိုယ်ရဲ့ အတားအဆီးကို ထိုးဖောက်ဖို့ဆိုရင် ခန္ဓာကိုယ်နဲ့ ချိတ်ဆက်မှ ရမယ် ဆိုတာ အခု သမီးသိသွားပြီပေါ့။” လော့လင်း တစ်ယောက် ကနေ့တိတ်ဆိတ်နေသည်ကို ကြည့်ပြီး.. “သမီးဒီနေ့ ဘာဖြစ်နေတာလဲ? စိတ်ရှုပ်စရာ ရှိနေလို့လား?” ဟု အဘိုးအိုမှ မေးလိုက်သည်။
“အင်း.. ကျွန်မ ကျင့်မင်နဲ့ စကားများထားတာ..”
လော့လင်းသည် ကျန်းမာသည့် စားသောက်နေထိုင်ပုံကို သင်ယူပြီးနောက်ပိုင်း ကျင့်မင်ကိုလည်း ထိုနည်းအတိုင်း ပြုမူနေထိုင်စေလိုသည်။ ကျင့်မင်သည် မနက်စာ နှင့် နေ့လယ်စာကို မှန်မှန် စားလေ့မရှိဘဲ ညစာကို အများကြီးစားတတ်သည်။ လေ့ကျင့်ခန်းလည်း လုပ်လေ့မရှိပါ။ အလွန်ဆုံးလုပ်ပါ့ဆိုရင်လည်း လုပ်ဖော်ကိုင်ဖက်နှင့် အပျော်သဘော ဘတ်စကက်ဘော ကစားရုံလောက်သာရှိပါသည်။ လော့လင်း စဉ်းစားလေ ကျင့်မင်၏ ကျန်းမာရေးအတွက် စိတ်ပူလေဖြစ်ပြီး နောက်ဆုံးတွင် ကျင့်မင်အား သူမ သင်ယူခဲ့သည့် အကြောင်းများကို မျှဝေပေးလိုက်သည်။ ကျင့်မင်သည် လော့လင်း ပြောသည်များကို လက်မခံနိုင်သည့်အပြင်.. “ဒီလို ထူးထူးဆန်းဆန်းဟာတွေကို ဘယ်ကနေ ကြားလာခဲ့တာလဲ?!” ဟုပင် ပြန်ပြောလိုက်သေးသည်။
ကျင့်မင်သည် လော့လင်း၏ စေတနာကို ဝေဒနာဖြစ်အောင် လုပ်လိုက်သဖြင့် စကားများပြီး သူမသည် စိတ်ဆိုးဆိုးနှင့် အိမ်မှ ထွက်လာလိုက်သည်။ လော့လင်းသည် သူမနှင့် ကျင့်မင်၏ ပြဿနာကို အဘိုးအိုအား ရင်ဖွင့်ရင်း ငိုနေမိသည်။
အဘိုးအိုသည် နားလည်မှု အပြည့်ရှိသော အကြည့်နှင့် လော့လင်းကို ကြည့်ပြီး .. “သမီးက ဘာလို့ သူ့ကိစ္စမှာ ၀င်ပါတာလဲ?” ဟု မေးလိုက်သည်။
အဘိုး၏ မေးခွန်းကို နားမလည်နိုင်စွာနှင့်.. “ကျွန်မ သူ့ကို စိတ်ပူလို့လေ..” ဟု လော့လင်းပြန်ဖြေလိုက်သည်။
“သမီးသူ့ကို ချစ်လား?”
“ချစ်တာပေါ့.. မဟုတ်ရင် ကျွန်မ သူ့ကို ဘာလို့ ဂရုစိုက်နေမှာလဲ!”
“အင်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလောကကြီးမှာ ကိစ္စသုံးမျိုးပဲ ရှိတယ်ဆိုတာ သမီးသိလား?”
အဘိုးသည် ကနေ့တွင် ထူးဆန်းသော စကားများ ပြောနေသည်ဟု လော့လင်း တွေးလိုက်သည်။ ယခုလည်း အဘိုးသည် သူမကို ထူးဆန်းသော မေးခွန်းထပ်မေးလိုက်ပြန်သည်။ လော့လင်းထံမှ ဘာသံမှ မကြားရသဖြင့် အဘိုးသည် သူ့မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေလိုက်သည်။ “ဘုရားရဲ့ကိစ္စ” ပြောရင်း အဘိုးအိုသည် ကောင်းကင်ကို ထိုးပြလိုက်သည်။ “ပြီးတော့ ကိုယ့်ကိစ္စ နဲ့ သူများရဲ့ကိစ္စ” ဟုပြောလိုက်သည်။
“အဘိုးပြောချင်တာက ကျင့်မင်ရဲ့ကိစ္စက ‘သူများရဲ့ကိစ္စ’ ပေါ့? ဒါကို ကျွန်မ လက်မခံဘူး..” ဟု လော့လင်း ပြန်ပြောလိုက်သည်။ “သူဖျားနာရင် ကျွန်မပဲ ပြုစုပေးရမှာလေ..”
“ဒါဆို သမီးက သူ့ကိစ္စမှာ ၀င်ပါနေတယ်ဆိုတာ သမီးအတွက်ကြောင့်လား? ဒါမှမဟုတ် သူ့ကို ချစ်လို့၊ သူ့ကို လိုအပ်လို့လား?” အဘိုးအိုသည် တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
လော့လင်း ပြန်မဖြေတတ်တော့ပါ။ ကျင့်မင်ကို စိတ်ပူပန်သည်မှာ သူ့အတွက် ကောင်းစေချင်၍ ဖြစ်သကဲ့သို့ မိမိ၏ ကြောက်လန့်မှု အတွက်လည်း ပါဝင်နေသည်။ အလုပ်ရှုပ်မှာ ကြောက်ခြင်း၊ လက်တွဲဖော် ဆုံးရူံးသွားမှာ ကြောက်ခြင်း စသည်တို့လည်း ပါဝင်နေသည်။
“သြော်.. အချစ်.. အချစ်.. အပြစ်ဘယ်လောက်တောင်များနေတဲ့ အခေါ်အဝေါ် ဖြစ်နေပြီလဲ!” ဟု အဘိုးသည် ခေါင်းခါရင် ညည်းတွားလိုက်သည်။
“ဟင်? ကျွန်မသူ့ကို စိတ်ပူတာနဲ့ အပြစ် ဖြစ်သွားရောလား?” ဟု လော့လင်းသည် မကျေနပ်စွာ မေးလိုက်သည်။
“ဟုတ်တယ်လေ.. မိဘက သားသမီးတွေကို ထိန်းကျောင်းတဲ့ပုံစံကိုပဲ ကြည့်လေ။ ကလေးတွေကို စည်းကမ်းလိုက်နာခိုင်းတယ်။ စာတွေကြိုးစားခိုင်းတယ်။ အဲ့ဒါတွေက ကလေးတွေ ကိုယ့်မျက်နှာကို အိုးမည်းသုတ်မှာ ကြောက်လို့လား (ကိုယ့်ကလေးသည် မိဘ ဆိုဆုံးမထားခြင်း မရှိဟု ပြောခံရမှာ ကြောက်ခြင်း)? ဒါမှမဟုတ် ကလေးတွေရဲ့ ego (အတ္တ) ကို ကြီးမားလာအောင် လုပ်ပေးနေတာလား? ဒါမှမဟုတ် ဘာမှန်းမသိတဲ့ အနာဂတ်ကို ကြောက်နေတဲ့ ကိုယ့်ရဲ့ ကြောက်စိတ်ကြောင့် ကလေးတွေကို ဖိအားပေးနေတာလား?” ဟု အဘိုးအိုသည် စဉ်းစားစရာဖြစ်သည့် မေးခွန်းများကို မေးလိုက်သည်။
လော့လင်း ဘာမှ ပြန်မပြောပါ။ တခါတလေတွင် သားသမီးများအပေါ် ဆက်ဆံသည့် မိဘများ၏ အပြုအမူသည် နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်နေပါသည်။ ကလေးများ၏ အကြိုက်ထက် သူတို့ကောင်းသည်ဟု ထင်သည်များကို လုပ်ခိုင်းတာ များပါသည်။
“ဒါပေမယ့်.. လင်းမယားကြား ဆက်ဆံရေးက မိဘနဲ့ သားသမီးကြား ဆက်ဆံရေးနဲ့မှ မတူတာ” ဟု လော့လင်း ပြန်ဖြေလိုက်သည်။
“လင်းမယားကြားမှာလည်း ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးသင့်တယ်။ သူနဲ့ လက်တွဲတဲ့ ကိုယ့်ရဲ့ တကယ့် အကြောင်းရင်းက ဘာလဲ? သူ့ကို တကယ်ချစ်လို့လား? ဒါမှမဟုတ် ကိုယ့်ရဲ့ အထီးကျန်မှုကို ဖြည့်စွက်ဖို့လား?” ဟု အဘိုးအိုမှ ပြောလိုက်သည်။
“ကိုယ်နဲ့ အနီးကပ်ဆုံးလူရဲ့ ကိစ္စကိုတောင် စိတ်ပူပေးလို့ မရဘူးပေါ့?” လော့လင်းသည် လက်မခံနိုင်စွာ မေးလိုက်သည်။
“အနီးကပ်ဆုံးလူ ဖြစ်နေတဲ့အတွက် သူနဲ့ ပြောဆိုဆက်ဆံတဲ့ပုံစံကို ပိုသတိထားရမှာ.. တကယ်လို့ ကိုယ့်အတွက်နဲ့ သူ့ကို စိတ်ပူပန်မယ်၊ ပြီးတော့ ကိုယ့်မှာ သူ့ကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်၊ သူ့ဆုံးဖြတ်ချက်ကို ကိုယ်က ၀င်ရောက်စွက်ဖက်ခွင့်ရှိပြီး သူ့ကို ပြောင်းလဲစေနိုင်တယ်၊ စတာတွေကို မှတ်ယူထားမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ပင်ပန်းမယ့်အပြင် နှစ်ယောက်သားရဲ့ အချစ်ရေးကိုလည်း ထိခိုက်စေနိုင်တယ်နော်..” ဟု အဘိုးအိုသည် သတိပေးလိုက်သည်။
“ဒါပေမယ့် ကျွန်မက သူ့အတွက် တကယ်ကောင်းစေချင်လို့လေ..” လော့လင်းသည် လက်မလျှော့နိုင်သေးပေ။
“အင်း.. သမီးသိထားတဲ့ ကောင်းတဲ့ အကြောင်း၊ မှန်တဲ့ အကြောင်းတွေကို သူ့ကို မျှဝေ ပေးလို့ရပါတယ်။ ဒါပေမယ့် ရလဒ်ကိုတော့ မမျှော်လင့်ထားပါနဲ့။ (ဥပမာ - ငါပြောတဲ့အတိုင်း နင်လိုက်လုပ်ရမယ်) ကိုယ်က သူတို့ကို ဖိအားပေးပြီး လုပ်ခိုင်းတာမဟုတ်ဘဲ သူတို့ကို တကယ်စေတနာထားပြီး ပြောရင် လက်ခံနိုင်ကြပါတယ်။ လင်မယားကြားကော၊ မိဘနဲ့ သားသမီး ကြားတွေကော အဲ့လို ကျင့်သုံးသင့်ပါတယ်။”
“ဒါပေမယ့် ဘာမှ မမျှော်လင့်ဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘူးလေ..” လော့လင်း ခေါင်းခါလိုက်သည်။
“အင်း.. ဒါကြောင့် သမီးက တစ်နေကုန် သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ၀င်စွက်ဖက်နေမယ်။ သူ့ရဲ့ကိစ္စတွေကိုပဲ ၀င်ရှုပ်နေမယ်ဆိုရင် ကိုယ့်ကိစ္စတွေကို ဘယ်အချိန်မှာ သွားဂရုစိုက်တော့မှာလဲ?” ဟုအဘိုးသည် လော့လင်းကို မေးလိုက်သည်။
“ကျွန်မရဲ့ ခင်ပွန်းက သူ့ကိုယ်သူ ထိခိုက်မယ့် အလုပ်တွေကို လုပ်နေတာ ကျွန်မက လက်ပိုက် ကြည့်နေရမှာလား?” ဟု လော့လင်းသည် အခုထိ လက်မခံနိုင်သေးပါ။
“ကျင့်မင်ရဲ့ စားသောက်နေထိုင်ပုံတွေက မကောင်းဘူးလို့ သမီးထင်နေတယ်။ ဒါပေမယ့် သမီးကိုယ်တိုင်ကလည်း ဒီရက်ပိုင်းမှ ဒီအကြောင်းတွေကို သိသွားပြီး စားသောက် နေထိုင်ပုံတွေကို ပြောင်းလဲချင်တယ်။ ဒါဆိုရင်လည်း သမီးကိုယ်တိုင် ကြိုးစားပြီး အရင်လုပ်ပါလား။ ကျင့်မင်က သမီးရဲ့ ပြောင်းလဲမှုတွေကို တွေ့ပြီး စိတ်ဝင်စားလာမှာပေါ့။ အဲ့ချိန်ကျရင် သူလည်း သမီးရဲ့ နည်းလမ်းတွေကို သိချင်လာလိမ့်မယ်။ ပြီးတော့ သူလည်း စမ်းလုပ်လာမှာပေါ့။ ဒါပေမယ့် သမီးက အစကတည်းက သူ့ကို အတင်း လုပ်ခိုင်းမယ်ဆိုရင် သူ့ရဲ့ ‘ego’ (အတ္တ) တွေကလည်း မလုပ်ဖို့ ဆန့်ကျင်လိမ့်မယ်။” ဟု အဘိုးသည် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“အင်း.. ဟုတ်တယ်နော်” အဘိုးအို ရှင်းပြသည့် အကြောင်းများကို လော့လင်း လက်ခံနိုင် သလိုလို ရှိလာသည်။
“ဒါကြောင့် မှတ်ထားပါ။ ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်ပါ။” ဟု အဘိုးအိုသည် သူမကို သတိပေးလိုက်သည်။
“ကိုယ်နဲ့ နီးစပ်တဲ့လူတွေကို စိတ်ပူတယ်ဆိုတာ တကယ်တမ်းကျတော့ သူတို့ကို အဆိုးဆုံး ထိခိုက်မှု ပေးနေတာပဲ။”
“ဟင်? ဘယ်လို?” လော့လင်းသည် သူမ ကြားလိုက်သော စကားကို မယုံကြည်နိုင် ဖြစ်နေသည်။
“အဘိုး ရှင်းပြပါ့မယ်..” အဘိုးအိုသည် စိတ်ရှည်စွာ ရှင်းပြနေပြန်သည်။ “ဥပမာ - ကလေးတစ်ယောက်က သူ့သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ် လုပ်တော့ သူ့အမေက မသွားစေချင်ဘူး။ ကလေးတွေ မတော်တဆ ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အမေက တားပါတယ်။ ဒါပေမယ့် တားလို့မရတဲ့အဆုံး အမေက ကလေးကို ဟိုဟာ သတိထားရမယ်၊ ဒီဟာ သတိထားရမယ် ဆိုပြီး တတွတ်တွတ် မှာကြားနေတယ်။” ဟု ပြောပြီး အဘိုးအိုသည် လော့လင်းကို ကြည့်လိုက်သည်။
ထို့နောက် “ဒီကမ္ဘာကြီးက စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သမီးသိပါတယ်။ ဒါဆို ဒီအမေက သူ့ကလေး ခရီးထွက်ခါနီးမှာ ဘယ်လို စွမ်းအင်တွေ ပေးလိုက်တာလဲ?”
“မကောင်းတဲ့ စွမ်းအင်တွေပေါ့” ဟုလော့လင်း ဖြေကြားလိုက်သည်။
“အင်း.. ဟုတ်တယ်..” အဘိုး ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် အမေက ဒီလိုလုပ်ရတယ်ဆိုတာလည်း သူ့ကလေး အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက်ပါ။ အမေ့ရဲ့စိုးရိမ်မှု စွမ်းအင်တွေက သူ့ကလေးပေါ် သက်ရောက်သွားတဲ့ အတွက် ကလေးအတွက်လည်း မကောင်းဘူး။ အခု အဘိုး ဆိုလိုချင်တဲ့ ‘စိတ်ပူတယ်ဆိုတာ တကယ်တမ်းကျတော့ အဆိုးဆုံး ထိခိုက်မှု’ ဆိုတာကို သမီးနားလည် သွားပြီလား?”
လော့လင်း ခဏလောက် စဉ်းစားလိုက်ပြီး .. “ဒါပေမယ့် ကလေးကို သတိပေးသင့်တာ ပေးရမှာပေါ့။ မဟုတ်ရင် သူတို့ ဘယ်သိနိုင်မှာလဲ..?” ဟု ပြောလိုက်သည်။
“သတိပေးတာက ပေးသင့်ပါတယ်.” အဘိုး ထောက်ခံလိုက်သည်။ “ဒါပေမယ့် သတိပေးတာလည်း ကိုယ်က ဘယ်လိုစိတ်ထားနဲ့ သတိပေးတယ် ဆိုတဲ့အပေါ်မူတည်နေပါတယ်။ ကိုယ်က ကလေးကို ဂရုစိုက်ပြီး ချစ်တဲ့အတွက် သတိပေးတာလား? ဒါမှမဟုတ် ကြောက်လန့်မှုကနေ ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုကြောင့် ကလေးကို ဖိအား အရမ်းပေးနေလား?”
“ဒီနှစ်မျိုးက အတူတူပဲ မဟုတ်လား?” ဟု လော့လင်း မေးလိုက်သည်။
“အင်း.. အပေါ်ယံကနေကြည့်လိုက်မယ်ဆိုရင် အတူတူပါပဲ။ ဒါပေမယ့် ထုတ်လွှင့်လိုက်တဲ့ စွမ်းအင်တွေကတော့ မတူဘူး။ ပြီးတော့ ကလေးရဲ့ စိတ်မှာလည်း ခြားနားမှုကို ခံစားနိုင်ပြီး ချစ်တဲ့သတိပေးမှုမျိုးလား ဖိအားပေးတဲ့ သတိပေးမှုမျိုးလား ဆိုတာကို ခွဲခြားသိနိုင်ပါတယ်။” လော့လင်းသည် နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ “ခေါင်းမာပြီး တဖက်သတ်ချည်းပဲ မစဉ်းစားသင့်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့?”
“ဟုတ်တယ်..” အဘိုးအို ထောက်ခံလိုက်သည်။ “ငါပြောတာ လုပ်ရမယ်ဆိုတဲ့ ကိုယ့် ego (အတ္တ) ရဲ့ ခေါင်းမာမှုကို လွှတ်ချသင့်တယ်..”
“ဒါပေမယ့် ကလေးက တစ်ခုခုဖြစ်သွားရင် အမေဖြစ်သူက သူ့ကလေးကို သူ မတားလိုက်တဲ့အတွက်၊ သေချာ သတိမပေးလိုက်တဲ့အတွက် ဖြစ်သွားတာဆိုပြီး အပြစ်ရှိတယ်လို့ ခံစားရမှာပေါ့?”ဟု လော့လင်း မေးခွန်း ထပ်ထွက်လာသည်။
“ခုနက ကိစ္စဘယ်နှစ်မျိုးရှိတယ်လို့ အဘိုးပြောလိုက်တာလဲ?” ဟု အဘိုးအိုသည် ပြုံးပြီး ပြန်မေးလိုက်သည်။
“သုံးမျိုး.. ကိုယ့်ကိစ္စ၊ သူများရဲ့ကိစ္စနဲ့ ဘုရားရဲ့ကိစ္စတွေပါ..” ဟုလော့လင်း ပြန်ဖြေလိုက်သည်။
“လူတစ်ယောက်က ဘယ်လောက်နေရမှာလဲဆိုတာ ဘုရားရဲ့ကိစ္စပါ။ ဘုရားရဲ့ကိစ္စဆိုရင် အမေက သူ့ကလေးကို ဘယ်လိုပဲ ကြိုးစားပြီး ကာကွယ်နေ ကံတရားကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူးလေ..”
“အင်း မှန်ပါတယ်။ ဘုရားကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ..” ဟု လော့လင်း တီးတိုးစွာ ရေရွတ်လိုက်သည်။
“ဟုတ်လို့လား.. ကားလမ်းတွေ ပိတ်တဲ့အတွက် ချိန်းထားတာတွေ နောက်ကျသွားလို့ ကားထဲမှာ ထိုင်ပြီး မြည်တွန်တောက်တီး လုပ်ဖူးလား?” လော့လင်းသည် ရှက်ရွံ့စွာ ခေါင်းညိတ် လိုက်သည်။
“ကားလမ်းတွေ ပိတ်တာ ဘယ်သူ့ကိစ္စလဲ?” ဟု အဘိုးအို မေးလိုက်သည်။ လော့လင်း စဉ်းစားလိုက်ပြီး.. “ဘုရားရဲ့ကိစ္စ ထဲပါနေမှာပေါ့..”
“အင်း.. ဒါကြောင့် ပြောတာပေါ့.. လူတွေက ဘုရားနဲ့ ဆန့်ကျင်ဖို့ အမြဲကြိုးစားလေ့ရှိတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် မဖြစ်နိုင်တဲ့ အရာတွေကို လုပ်နေတယ်ဆိုတာလည်း မသိဘဲ စိတ်ဆင်းရဲ ခံနေကြတယ်။ မမှန်ဘူးလား?” အဘိုးအိုသည် သူ၏ မုတ်ဆိတ်ကို သပ်လိုက်ရင်း လူတွေ၏ ရူးမိုက်မှုကို ရယ်နေမိသည်။
“သမီးက သမီးရဲ့ ခင်ပွန်းကို ဘယ်လောက်ပဲ ချစ်နေပါစေ.. လိုတာထက်ပိုတဲ့ စိတ်ပူပန်ခြင်းဟာ သူ့အတွက် အဆိုးဆုံး လက်ဆောင်ပဲ.. အဲ့ဒီအစား ကောင်းချီးပေးလိုက်ပါ..” ဟု မှာကြားလိုက်သည်။
မိုးရွာသော ဆောင်းညတစ်ည ဖြစ်ပါသည်။ စိုထိုင်းထိုင်း ရာသီဥတုကြောင့် စိတ်ထိုင်းမှိုင်းသလို ဖြစ်နေလေသည်။ လော့လင်းသည် ရုံးဆင်းသည်နှင့် တက္ကသိုလ် ကျောင်းသားဟောင်းများနှင့် မိတ်ဆုံစားပွဲအတွက် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ သုတ်ခြေတင်လေတော့သည်။
ဆိုင်သို့ ၀င်လိုက်သည်နှင့် အစွန်ဆုံးတွင် ထိုင်နေသော လီကျင့်ရှင်းကို ဦးစွာ တွေ့လိုက်သည်။ သူလည်း သူမကို တွေ့သွားပြီး ပြုံးပြလိုက်သည်။ လော့လင်းလည်း ပြန်ပြုံးပြလိုက်ပြီးနောက် တစ်ခြား သူငယ်ချင်းဟောင်းများကို နှုတ်ဆက်လိုက်သည်။
ပြီးခဲ့သော အခေါက် လီကျင့်ရှင်းနှင့် ညစာစားပြီးနောက်ပိုင်း သူနှင့် နှစ်ခေါက်သုံးခေါက်လောက် ထပ်မံ တွေ့ဖြစ်ပါသေးသည်။ တွေ့သည့် အခါတိုင်း သိစိတ်နှင့် မသိစိတ် အကြောင်းအရာများနှင့် ပတ်သက်၍ စကားစမြည် ပြောဖြစ်ပါသည်။
အဘိုးအိုထံမှ သင်ယူထားသော သင်ခန်းစာများကို မျှဝေနိုင်သော မိတ်ဆွေကောင်း ရှိသောကြောင့် လော့လင်း ၀မ်းသာပါသည်။ သို့သော် လီကျင့်ရှင်းနှင့် တွေ့တိုင်း လော့လင်းသည် မိမိကိုယ်ကိုယ် သတိထားပြီး စောင့်ထိန်းပါသည်။ သူမသည် အိမ်ထောင်သည် မိန်းကလေးဖြစ်နေပြီး လီကျင့်ရှင်းသည် နိုင်ငံခြားတွင် မကြာသေးမီမှ ကွာရှင်းထားသူ ဖြစ်သောကြောင့် နှစ်ယောက်သား၏ ဆက်ဆံရေးကို သူများပြောစရာ မဖြစ်အောင် သတိထားနေရသည်။
“ဟင်.. ကျင့်မင်ကော? မလာဘူးလား?” မေးလိုက်သည့်သူသည် တက္ကသိုလ်တုန်းက အတန်းခေါင်းဆောင် ချန်တထုံ ဖြစ်နေသည်။
“အင်း.. သူစာတမ်းတစ်ခု ရေးနေရလို့ မလာနိုင်တော့ဘူးတဲ့..” လော့လင်း ပြန်ဖြေလိုက်သည်။ ဒီရက်ပိုင်းတွင် ကျင့်မင်သည် သူ့အလုပ်နှင့်သူရှုပ်နေသောကြောင့် အရိပ်အယောင်ကိုလည်း သိပ်မတွေ့ရပါ။ လော့လင်း သည်လည်း အဘိုးအို၏ သင်ခန်းစာများနှင့် ရှုပ်နေသောကြောင့် ကျင့်မင်ကို အရင်ကဲ့သို့ အပြစ်ရှာလေ့ မရှိတော့ပါ။
“လော့လင်း.. လာထိုင်လေ!” လော့လင်း၏ တက္ကသိုလ်တုန်းက အကောင်းဆုံးသူငယ်ချင်း လုလုသည် သူမ၏ ဘေးတွင် လာထိုင်ရန် ခေါ်လိုက်သည်။ ထိုစကား ကြားလိုက်ရသောအခါ လော့လင်း ပျော်သွားသည်။ မဟုတ်လျှင် လီကျင့်ရှင်း၏ဘေးတွင် သူမ ၀င်ထိုင်ရတော့မည်။
လုလုသည် လော့လင်း၏ ငယ်ငယ်တုန်းက အိမ်နီးချင်းဖြစ်သကဲ့သို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အထိပါ အတန်းတူခဲ့သော ငယ်သူငယ်ချင်းကောင်း ဖြစ်ပါသည်။ တက္ကသိုလ်တက်တုန်းတွင် လော့လင်းသည် ကျင့်မင်နှင့်သာ အချိန်ကုန်နေတတ်သောကြောင့် တစ်ခြားသူငယ်ချင်း များများစားစား မရှိခဲ့ပါ။ လုလုသာလျှင် သူမ၏ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေခဲ့သည်။
သူငယ်ချင်းဟောင်းများ ပြန်လည် ဆုံမိချိန်တွင် ပြောမိသော အကြောင်းအရာများသည် အလုပ်အကိုင်နှင့် အိမ်ထောင်ရေး အကြောင်း များသာ ဖြစ်နေပါသည်။ အားလုံး၏ ကိုယ့်ကိုယ်ကိုယ် ခံယူထားချက်များသည် အလွန် ပြင်းထန်နေသည်ဟု လော့လင်း တွေ့ရသည်။
‘ငါ့မှာ အလုပ်ကောင်းရှိတယ်။ ငါ လက်တွဲဖော်ကောင်းတစ်ယောက် ရထားတယ်။ ငါ့သားသမီးတွေက အရမ်း လိမ္မာတယ်။ ငါ့မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေတယ်..’စသဖြင့် ပြောနေသမျှ အကြောင်းများသည် မိမိ၏ အောင်မြင်မှုအကြောင်းများ ထုတ်ဖော်ပြောဆိုနေခြင်း၊ ဒါမှမဟုတ်လျှင် မိမိကြားထားသော သတင်းများကို သူ့ထက်ငါ သိကြောင်း ပြသနိုင်ရန် အပြိုင်အဆိုင် ပြောဆိုနေခြင်း၊ စသည်တို့သာ ဖြစ်ပါသည်။
အတိုချုပ် ဆိုရသော်.. စကားဝိုင်း တစ်ခုလုံးသည် မိမိ၏ ‘ego’ (အတ္တ) ကို ကြီးထွားလာအောင် မြှင့်တင်ပေးသော ပွဲတစ်ခုသာ ဖြစ်ပါသည်။ အရင်တွင် လော့လင်းသည်လည်း စိတ်ပါလက်ပါနှင့် စကားဝိုင်းတွင် ၀င်ပြောလေ့ရှိသော်လည်း ကနေ့ညတွင်မူ သူမသည် တခြားသူများ ပြောသည်ကိုသာ နားထောင်နေပြီး နှုတ်ဆိတ်နေလေသည်။
လော့လင်း၏ ငယ်သူငယ်ချင်း လုလုသည်လည်း စိတ်နှင့်ကိုယ်မကပ်သလို ဖြစ်နေသည်ကို လော့လင်း သတိထားမိလိုက်သည်။ စကားလည်း သိပ်မပြောပါ။ အမြဲတက်ကြွနေသော လုလုတစ်ယောက် နှုတ်ဆိတ်နေသည့်ပုံသည် မုန်တိုင်းမထန်ခင် ငြိမ်သက်နေသော ရေလှိုင်းနှင့် တူနေသည်။
ထို့နောက် လုလုသည် ရုတ်တရက်ထလာပြီး အရက်မူးနေသော အသံနှင့်.. “ငါကွာရှင်းလိုက်ပြီ..” ဟု အားလုံးကို အော်ပြောလိုက်သည်။ ထိုစကားကြောင့် တီးတိုးပြောဆိုရယ်မောနေသော အသံများအားလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်သည် လုလုပေါ်သို့ ရောက်သွားကြသည်။
လုလုနှင့် သူမ၏ အမျိုးသားသည် တက္ကသိုလ်ကတည်းက တွဲနေသူများ ဖြစ်ကြသည်။ လုလု၏ ပြောစကားအရ သူမ၏ အမျိုးသားသည် အလွန်သဘောထားကြီးသော ယောက်ျားကောင်း တစ်ယောက်ဖြစ်ပါသည်။ သူတို့၏ အိမ်ထောင်ရေးသည် သူငယ်ချင်းများ အားကျဖွယ်ရာ ဖြောင့်ဖြူးသာယာသော စံပြအိမ်ထောင်တစ်ခုဖြစ်သည်။ သို့သော် ထင်မှတ်မထားသည်မှာ အစောဆုံး ကွာရှင်းသွားသောအတွဲမှာ သူတို့ဖြစ်နေသည်။
အရက်ကြောင့်လား၊ ဒေါသကြောင့်လား၊ အရှက်ကြောင့်လား မသိ လုလု၏မျက်နှာသည် နီလာပြီး “သူ.. သူ.. သူက.. သူ့အတွင်းရေးမှူးနဲ့ ခိုးပြေးသွားတယ်..” ဟု ၀မ်းနည်းစွာ အော်လိုက်သည်။
အားလုံး ခေတ္တလောက် ဆိတ်ငြိမ်သွားပြီးနောက် လုလုကို တစ်ယောက်တစ်ပေါက် မေးခွန်းများ လိုက်မေးနေကြသည်။ အကြံဉာဏ်များ ပေးနေကြသည်။ လုလုသည် အစပိုင်းတွင် ငြိမ်သက်စွာနှင့် အားလုံး၏ မေးခွန်းများကို ပြန်ဖြေနေသည်။ အားလုံး၏ နှစ်သိမ့်မှုများကို ခံယူနေသည်။
ထို့နောက် သူမ၏ ဒေါသများကို မထိန်းနိုင်တော့ဘဲ.. “သူကဘာကောင်မို့လို့လဲ.. ကျောင်းပြီးကာစတုန်းက အလုပ်ရှာမရနိုင်ခဲ့တဲ့ဟာကို ငါ့ကြောင့်သာ မဟုတ်ရင် ဘယ်ကုမ္ပဏီက သူ့ကို လက်ခံမှာလဲ! လက်ကြောကလည်း မတင်း၊ ဘာမှလည်း မလုပ်တတ်၊ အားလုံးကို ငါကပဲ ကျောထောက်နောက်ခံ လုပ်ပေးခဲ့တာ။ အခုလုပ်ငန်းလေး အောင်မြင်လာတော့ ဒင်းက စိတ်ပြောင်းသွားပြီပေါ့။ ငယ်ရွယ်တဲ့ ကောင်မလေးကို မြင်တော့ ငယ်ပေါင်းမယားကို ပစ်ပြီးတော့.. ဟင့်.. ဟင့်.. ဟင့်” လုလုသည် ပြောရင်း ငိုချလိုက်သည်။ လုလုကြောင့် အားလုံးသည်လည်း အနေရခက်လာသည်။ သူမ၏ မကောင်းသော စွမ်းအင်သည် အားလုံးပေါ်သို့ သက်ရောက်သွားလေသည်။
လော့လင်းသည် လုလု၏ဘေးတွင်နေ၍ သူမကို အမျိုးမျိုးပြောပြီး နှစ်သိမ့်ပေးနေသည်။ အားလုံး၏ အာရုံပြောင်းသွားစေရန် အတန်းခေါင်းဆောင်သည် ရယ်စရာဟာသများပြောပြီး စကားဝိုင်းကို အသက်ဝင်လာအောင် ပြန်လုပ်ပေးလိုက်သည်။
သို့သော် လုလုသည် စိတ်မပြေနိုင်သေးပါ။ လော့လင်းအား သူ့ခင်ပွန်းဟောင်း အကြောင်းများကို ညည်းပြနေဆဲ။ သူမသည် သူ့အတွက် ဘယ်လို ပေးဆပ်ခဲ့ပုံ၊ ဘယ်လိုကောင်းခဲ့ပုံ၊ အားလုံးသည် သူမ၏ ခင်ပွန်း မကောင်းပုံများသာ ဖြစ်နေပြီး သူမသည် ခံရသည့်သူ ဖြစ်နေသည်။
လုလု၏ ရင်ဖွင့်နေမှုများကို နားထောင်ရင်း လော့လင်းသည် ‘Peptides’ အကြောင်းကို ပြန်လည် သတိရလာသည်။ လုလု၏ ‘Peptides’ သည် မည်သည့် အမျိုးအစား ဖြစ်နေမည်နည်း? သူမသည် ‘ခံရသည့်သူ’ ဖြစ်ရသည်ကို သဘောကျနေတာ ဖြစ်ရမည်။
လုလုပြောပြသော အကြောင်းများတွင် သူမသည် အများအားဖြင့် ‘ခံရသည့်သူ’ ဖြစ်နေတတ်ပါသည်။ သူမသည် ခံရသည့် အခါတိုင်း သူမ၏ ဦးနှောက်မှ ထိုခံစားချက် ‘Peptides’ ကို သူမ၏ သွေးလည်ပတ်မှုမှတဆင့် ဆဲလ်များသို့ ပြန့်နှံ့သွားစေပါသည်။ အချိန်ကြာလာသောအခါတွင် သူမ၏ ဆဲလ်များသည် ထို ‘Peptites’ ကို အကြိုက်တွေ့သွားပြီး သူမကို ‘ခံရသည့်သူ’ ဖြစ်စေမည့် ဖြစ်ရပ်များ ပေါ်ပေါက်လာအောင် ပတ်ဝန်းကျင်ကို လှုံ့ဆော်ပေးလေတော့သည်။
လော့လင်းမှတ်မိပါသေးသည်။ လုလုငယ်တုန်းတွင်လည်း “ငါမိဘတွေ ကွာရှင်းသွားကြပြီ။ ငါအခု အဘိုးအဘွားတွေနဲ့ပဲ နေရတော့တယ်..ဟင့်.. ဟင့်..” ဟု အတန်းထဲတွင် အမြဲညည်းပြ နေတတ်ပါသည်။ ထို့ကြောင့်လည်း အိမ်စာထပ်ရမည့် အချိန်တွင်ဖြစ်စေ၊ စာမေးပွဲ ဖြေရချိန်တွင်ဖြစ်စေ ဆရာနှင့် ဆရာမများသည် လုလုကို မိဘပစ်ပယ်ခံထားရသော ကလေးဟုဆိုကာ ငဲ့ညှာပေးတတ်ပါသည်။ ဒီလိုနှင့် အချိန်ကြာလာသောအခါ လုလု၏ မသိစိတ်တွင် ‘ခံရသည့်သူ’ ဖြစ်ရသည်ကို သဘောကျ နှစ်သက်သွားဟန် တူပါသည်။
“ဟင်း.. ဒါဆို သူ့ဆဲလ်တွေက ‘ခံရတဲ့သူ’ ဖြစ်ရတာကို ကျင့်သားရနေလောက်ပြီပေါ့!” ဟု လော့လင်း တွေးလိုက်သည်။ “ဆဲလ်တွေက ‘Peptide’ တစ်ခုရဲ့ အရသာကို ကျင့်သားရသွားပြီဆိုရင် အဲ့ ‘Peptide’ မျိုးကို မခံစားရတာ ကြာသွားရင် ခန္ဓာကိုယ်ကနေ စွမ်းအင် အမျိုးမျိုး လွှင့်ထုတ်ပြီးတော့ ကိုယ့်ရဲ့ဆဲလ် လိုချင်တဲ့ ‘Peptide’ မျိုး ရလာအောင် ပတ်ဝန်းကျင်တွေကို လှုံ့ဆော်ပေးလိုက်တာပေါ့။” ဟု လော့လင်း ကောက်ချက်ချလိုက်သည်။
လုလုသည် ငယ်ငယ်ကတည်းက သူမကိုယ်သူမ သနားစရာကောင်းသော ‘ခံရသည့်သူ’ အဖြစ် အမြဲ မှတ်ယူထားတတ်ပါသည်။ ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်တစ်ခု ရရှိပြီးနောက် သူမ၏ဆဲလ်သည် ‘ခံရသည့်သူ’ Peptide ကို မခံစားရတာကြာ၍ တောင့်တလာပါသည်။ ထို့ကြောင့် စွမ်းအင် အမျိုးမျိုး ထုတ်လွှင့်ပြီး နောက်ဆုံး သူမကို အရမ်းချစ်သော သူမ၏ ခင်ပွန်း သစ္စာဖောက်ခြင်းကို ခံလိုက်ရပါသည်။
“ဟင်း.. ဒါဆို ဖြစ်သမျှအရာတွေအားလုံးက လုလုကြောင့်ပေါ့? ပထမဆုံးက ‘ခံရတဲ့သူ’ ဖြစ်ချင်တဲ့ သူ့ရဲ့ Peptides တွေရဲ့ လိုအပ်ချက်တွေကြောင့် သူ့ဦးနှောက်က ကုဋေထောင်နဲ့ချီပြီး ရှိတဲ့ အချက်အလက်တွေထဲမှာမှ သူ့ယောက်ျားက ဖောက်ပြန်နေတယ်လို့ ထင်စေတဲ့ အချက်အလက်တွေကိုပဲ မြင်နေ၊ ကြားနေရတယ်။ အဲ့ဒီ အချက်အလက်တွေ ကနေတစ်ဆင့် သူ့ရဲ့ဆဲလ်ကလိုချင်တဲ့ ‘ခံရသူ’ ဖြစ်ရတဲ့ ခံစားချက်၊ ခံယူချက်တွေကို ဖန်တီးပေးလိုက်ပြီး မကောင်းတဲ့စွမ်းအင်တွေ ထုတ်လွှင့် ပေးလိုက်တယ်။ ဆွဲငင်အား နိယာမ သဘောတရားအရ လုလုရဲ့ မကောင်းတဲ့ စွမ်းအင်တွေနားကို မကောင်းတဲ့ အရာ၊ မကောင်းတဲ့ ကိစ္စတွေပဲ စုစည်းလာတော့တာပေါ့။ သြော်.. တော်တော်ကြောက်ဖို့ ကောင်းပါလား!” ဟု လော့လင်း မှတ်ချက်ချလိုက်သည်။
မိတ်ဆုံစားပွဲမှ ပြန်လာပြီး လော့လင်း စိတ်ထဲ နေလို့ထိုင်လို့ မကောင်းပါ။ လုလုဆီမှ မကောင်းသော စွမ်းအင်များ ကူးစက်လာသည် ထင်ပါသည်။
လော့လင်း အိမ်ပြန်ရောက်ချိန်တွင် ကျင့်မင် ပြန်မရောက်သေးပါ။ လော့လင်းသည် အဘိုးအိုမှ ဖတ်ရန်မှာကြားထားသော စာအုပ်တစ်အုပ်ကို ထုတ်၍ ဖတ်နေလေသည်။
'ငါ့မှာ ခန္ဓာကိုယ်တစ်ခု ရှိတယ်။ ဒါပေမယ့် ငါ့ ခန္ဓာကိုယ် မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ကို ငါမြင်ရတယ်။ ခံစားရတယ်။ ဒါပေမယ့် မြင်ရ၊ ခံစားရတဲ့ အရာတွေအားလုံးဟာ တကယ်အစစ်အမှန်တွေမဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်မယ်၊ ဖျားနာမယ်၊ ကျန်းမာမယ်၊ နာကျင်မယ်၊ လန်းဆန်းနေမယ်၊ စတာတွေ ဘယ်လိုပဲ ခံစားနေရ ခံစားနေရ စစ်မှန်တဲ့ငါနဲ့ ဘာမှ မဆိုင်ဘူး။ ငါ့မှာ ခန္ဓာကိုယ်တစ်ခု ရှိတယ်။ ဒါပေမယ့် ငါ့ ခန္ဓာကိုယ်မဟုတ်ဘူး။'
'ငါ့မှာ လိုအင်ဆန္ဒတွေရှိတယ်။ ဒါပေမယ့် ငါ့လိုအင်ဆန္ဒတွေ မဟုတ်ဘူး။ ငါ့လိုအင်ဆန္ဒကို ငါသိတယ်။ ဒါပေမယ့် သိနိုင်တဲ့ လိုအင်ဆန္ဒတွေဟာ တကယ်အစစ်အမှန်တွေ မဟုတ်ဘူး။ လိုအင်ဆန္ဒတွေက တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပေမယ့် စစ်မှန်တဲ့ငါ့ကို ဘယ်လိုမှ ဂယက်မရိုက်စေနိုင်ပါဘူး။ ငါ့မှာ လိုအင်ဆန္ဒတွေရှိတယ်။ ဒါပေမယ့် ငါ့လိုအင်ဆန္ဒတွေ မဟုတ်ဘူး။'
'ငါ့မှာ ခံစားချက်တွေရှိတယ်။ ဒါပေမယ့် ငါ့ခံစားချက်တွေ မဟုတ်ဘူး။ ငါ့ခံစားချက်တွေကို ငါခံစားလို့ ရတယ်။ ဒါပေမယ့် ခံစားနိုင်တဲ့ ခံစားချက်တွေဟာ တကယ်အစစ်အမှန်တွေ မဟုတ်ဘူး။ ခံစားချက်တွေက တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပေမယ့် စစ်မှန်တဲ့ငါ့ကို ဘယ်လိုမှ ဂယက်မရိုက်စေနိုင်ပါဘူး။ ငါ့မှာ ခံစားချက်တွေရှိတယ်။ ဒါပေမယ့် ငါ့ခံစားချက်တွေ မဟုတ်ဘူး။'
'ငါ့မှာ အတွေးအခေါ်တွေရှိတယ်။ ဒါပေမယ့် ငါ့အတွေးအခေါ်တွေ မဟုတ်ဘူး။ ငါ့အတွေးအခေါ် တွေကို ငါသိတယ်။ ဒါပေမယ့် သိနိုင်တဲ့ အတွေးအခေါ်တွေဟာ တကယ် အတွေးအခေါ်တွေ မဟုတ်ဘူး။ အတွေးအခေါ်တွေက တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပေမယ့် စစ်မှန်တဲ့ငါ့ကို ဘယ်လိုမှ ဂယက်မရိုက်စေနိုင်ပါဘူး။ ငါ့မှာ အတွေးအခေါ်တွေရှိတယ်။ ဒါပေမယ့် ငါ့အတွေးအခေါ်တွေ မဟုတ်ဘူး။'
ဖတ်ရင်း လော့လင်းသည် နားလည်သလိုလို မလည်သလိုလိုနှင့် အိပ်ရာပေါ်တွင် အိပ်ပျော်သွားလေသည်။
လော့လင်းသည် အဘိုးအိုထံသို့ ထပ်မံ ရောက်ရှိလာသည်။ လော့လင်းတစ်ယောက် ကနေ့တွင် ခါတိုင်းကဲ့သို့ တက်ကြွမှု မရှိတော့ဘဲ လုံးဝဆိတ်ငြိမ်နေသည်။
စစ်မှန်သောမိမိကို ရှာဖွေရသော ခရီးစဉ်သည် မိုးပျံရထားစီးရသကဲ့သို့ဟု လော့လင်း ထင်မိပါသည်။ အစပိုင်းတွင် စိတ်အရမ်းလှုပ်ရှားဖွယ်ကောင်းပြီး ရင်ခုန်ရသည်။ သို့သော် အနိမ့်ပိုင်းသို့ ရောက်သွားလျှင် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ မကောင်းတော့ပါ။ လော့လင်း၏ ယခုစိတ်အခြေအနေသည်လည်း အနိမ့်ပိုင်းသို့ ရောက်နေလေသည်။
“ဟင်း.. ကိုယ့်ကိုယ်ကိုယ် နားလည်အောင်လုပ်တာ၊ လူတွေရဲ့ မသိစိတ် လည်ပတ်မှုပုံစံကို နားလည်အောင်လုပ်တာ၊ ကိုယ့်ရဲ့အတွင်းစိတ်ကို ပြန်လည်ဆန်းစစ်တာ၊ ဒီခရီးစဉ်က ပျော်စရာ ခရီးစဉ်တစ်ခု မဟုတ်ပါလား..” ဟု လော့လင်း စိတ်ထဲ တွေးလိုက်သည်။
“ဟုတ်ပါတယ်.. သမီးတွေးတာ မှန်တယ်။” ဟု အဘိုးမှ လော့လင်း၏ အတွေးကို ထောက်ခံလိုက်သည်။
လော့လင်းအံ့အားသွားပြီး.. “ဟေ.. ငါ့စိတ်ထဲမှာပဲ တွေးလိုက်တာကို သိသွားပြီပေါ့.. တော်လိုက်တာ..” ဟု စိတ်တွင် ကောက်ချက်ချလိုက်သည်။
“ကိုယ့်ရဲ့ အတွင်းစိတ်ထဲကို ၀င်ကြည့်တယ်ဆိုတာ အဲလ်လစ်(စ်)က မှော်မှန်ကနေတဆင့် ယုန်ကလေးရဲ့တွင်းထဲကို စူးစမ်းဖို့ ၀င်သွားတာနဲ့ တူတယ်.. ယုန်ကလေးရဲ့တွင်းက ဘယ်လောက် နက်နဲတယ်ဆိုတာ မသိနိုင်ဘူး။ တွင်းထဲမှာလည်း မှောင်မည်းနေတာပဲ။ သမီးသာ အဲလ်လစ်(စ်) ဆိုရင် ဘယ်လောက်ထိ သွားရဲမှာလဲ?” ဟု အဘိုးအိုမှ မေးလိုက်သည်။ လော့လင်း ပြန်ဖြေရန် စကားရှာ မရပါ။
အဘိုးအိုသည် ထိုင်ရာမှ ရုတ်တရက်ထလာပြီး လက်ခုပ်တီးလိုက်သည်။ ထို့နောက် တက်ကြွစွာနှင့် ကြမ်းပြင်ပေါ်ရှိ စက်ဝိုင်းကို ညွှန်ပြပေးလိုက်သည်။ အဘိုး၏ အပြုအမူကြောင့် လော့လင်း၏ လေးဖင်းနေသော စိတ်သည်လည်း တက်ကြွလာပြီး.. “ဟုတ်သားပဲ.. ဒီနေ့က နောက်တစ်ဆင့် ထပ်တက်ရတော့မှာပဲ!” ဟု မိမိကိုယ်ကိုယ် အားပေးလိုက်သည်။
“စိတ်ခံစားချက်!” အဘိုးအိုသည် တမင်သက်သက် အသံကို မြှင့်ပြီး ပြောလိုက်သည်။ “ဒါက ဒီနေ့ခေတ်လူတွေအားလုံး ကြုံတွေ့နေရတဲ့ ပြဿနာပဲ! ကဲ.. ဒါဆို စိတ်ခံစားချက်က ဘယ်ကနေလာတာလဲ?” ပြောရင်း အဘိုးအိုသည် မြေဖြူဖြင့် နံရံပေါ်တွင် ပုံတစ်ပုံဆွဲလိုက်သည်။
ပထမဆုံး လူပုံသဏ္ဍာန်ကို ဆွဲလိုက်သည်။ ဆွဲရင်းလော့လင်းကို.. “ဘယ်လို မကောင်းတဲ့ စိတ်ခံစားချက်တွေက သမီးကို စိတ်အနှောင့်အယှက် အဖြစ်စေဆုံးလဲ?” ဟု မေးလိုက်သည်။ လော့လင်း ခဏလောက် စဉ်းစားလိုက်ပြီး.. “ဒေါသ၊ စိတ်ဝမ်းနည်းမှု၊ စိတ်ပူပန်မှု၊ ကြောက်လန့်မှု.” ဟု တန်းစီ ရွတ်ဆိုနေသည်။
“ခဏလေး.. ခဏလေး.. တစ်ခုပြီးမှ တစ်ခုပြောနော်..” ဟု အဘိုးသည် လော့လင်းအား ပြုံးပြီး ပြောလိုက်သည်။ “ကောင်းပြီ.. သမီးရဲ့ ဒေါသ.. သမီးဒေါသဖြစ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းမှာ နေရခက်နေလဲ?”
လော့လင်း စဉ်းစားကြည့်လိုက်သည်။ ကျင့်မင်နှင့် စကားများပြီး ဒေါသထွက်တိုင်း သူမ၏ အစာအိမ်နာသကဲ့သို့ ခံစားရတတ်ပါသည်။
“ကောင်းပြီ..” ပြောရင်း အဘိုးအိုသည် လူပုံသဏ္ဍာန်၏ အစာအိမ်ပိုင်းတွင် ‘ဒေါသ’ ဟု ရေးလိုက်သည်။ ထို့နောက် ‘စိတ်ဝမ်းနည်းမှု’ ကို အဆုတ်ပိုင်းတွင် ရေးလိုက်သည်။ ‘စိတ်ပူပန်မှု’ ကို လည်ပင်းပိုင်းတွင် ရေးလိုက်သည်။ ဒီလိုနှင့် စိတ်ခံစားချက်တစ်ခုပြီး တစ်ခု ဖြည့်စွက်ပေးလိုက်ရာ နောက်ဆုံးတွင် လူပုံသဏ္ဍာန်ပေါ်တွင် စိတ်ခံစားချက်များ ပြည့်နှက်သွားလေသည်။
“ဒီစိတ်ခံစားချက်တွေအားလုံးဟာ စွမ်းအင်တစ်မျိုးစီပဲ.. အထူးသဖြင့် ကလေးတွေအတွက်ဆိုရင် မွေးကတည်းကပါလာတဲ့ ‘ကြောက်လန့်မှု’၊ လိုချင်တိုင်းမရနိုင်တဲ့ ‘ဒေါသ’၊ ‘စိတ်ပျက်ဝမ်းနည်းမှု’ တွေဟာ သူတို့ဘ၀မှာ နေ့စဉ်ဖြစ်ပေါ်နေတတ်တဲ့ သံစဉ်တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အဲ့ခံစားချက်တွေက ရောက်လာပြီး ပြန်ထွက်သွားစမြဲပါပဲ။” အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး ၀မ်းနည်းစွာနှင့်.. “ဒါပေမယ့် ကလေးတွေမှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေအပေါ် တုံ့ပြန်လိုက်တဲ့ မိဘတွေရဲ့ အပြုအမူတွေက ပြဿနာတွေရဲ့အစ ဖြစ်သွားပါလေရောပဲ..” ဟု ပြောရင်း အဘိုးအိုသည် လက်ညွှန်းဖြင့် လော့လင်း၏ နဖူးကို ဖြည်းညှင်းစွာ တို့ထိလိုက်သည်။
လော့လင်းသည် အိပ်မွေ့ချခံလိုက်ရပြီး သူမ၏အသက် လေးနှစ်အရွယ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။ ထို့နေ့သည် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ လော့လင်း၏အမေသည် သူမကို အဘွားအိမ်တွင် လာခေါ်ပြီး သွားလည်မည်ဟု ပြောထားသောကြောင့် လော့လင်းလေးသည် မနက်ကတည်းကပင် ပြတင်းပေါက်မှတဆင့် အမေ့ကို မျှော်နေမိပါသည်။ သို့သော် မိုးသာစုန်းစုန်းချုပ်သွားသည်။ အမေ့၏ အရိပ်အယောင်ကို မမြင်ရပါ။ လော့လင်းလေးသည် ပြတင်းပေါက်မှနေ၍ ငိုပြီးရင်း ငိုနေတော့လေသည်။
အဘွားသည် အစပိုင်းတွင် လော့လင်းလေးကို ကောင်းကောင်းမွန်မွန် ချော့သိပ်နေသည်။ “မငိုနဲ့တော့နော်.. မေမေက ဒီတစ်ပတ် မလာရင်လည်း နောက်တစ်ပတ်ကျရင် လာမှာပေါ့.. လာအဘွား သကြားလုံး ၀ယ်ကျွေးမယ်နော်..” သို့သော် လော့လင်းလေးသည် အငိုမတိတ်သေးပါ။
“မငိုနဲ့တော့! ဘာငိုစရာ ရှိလို့လဲ! ဟဲ့.. ကလေး.. တိတ်လို့ ငါပြောနေတယ်နော်!” အဘွား အော်လိုက်သောကြောင့် လော့လင်းလေး ပိုငိုသွားသည်။ နောက်ဆုံး အဘွားသည် စိတ်မရှည်တော့ဘဲ သူမကို နှစ်ချက်လောက် ရိုက်လိုက်တော့မှ လော့လင်းလေး လန့်ပြီး တိတ်သွားလေသည်။
“သမီးဘယ်လို ခံစားနေရလဲ?” အဘိုးအို၏ အသံသည် မိုးကောင်းကင်မှ ဟိန်းထွက်သကဲ့သို့ ဖြစ်နေသည်။ “သမီး အရမ်းကြောက်တယ်.. အရမ်း ၀မ်းနည်းတယ်။ သမီး.. သမီး.. ကို အားလုံးက ပစ်ပယ်ထားကြတယ်။ ပြီးတော့.. ပြီးတော့.. မေမေက သမီးကို လိမ်တယ်။ အီး.. ဟီး.. ဟီး..” လော့လင်းသည် ၀မ်းနည်းစွာဖြင့် ရှိုက်ကြီးတငင် ငိုနေပါတော့သည်။
အဘိုးအိုသည် လော့လင်း၏ ‘စိတ်ဝမ်းနည်းမှု’ ပြန်တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီး သူမ၏ နဖူးကို လက်ညွှန်းနှင့် တို့ထိလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် လော့လင်းသည် ငယ်စဉ်ဘ၀က နောက်ထပ် အခြေအနေတစ်မျိုးသို့ ထပ်မံရောက်သွားပြန်သည်။
လော့လင်းလေးသည် သူမ၏ အမေအိမ်သို့ တစ်ရက်အလည်သွားသော နေ့ဖြစ်ပါသည်။ အမေ့အိမ်သို့ ကြာကြာမှ တစ်ခါလာလည်ရသော်လည်း အမေသည် သူမကို အိပ်ရာစောစော ၀င်ခိုင်းလိုက်သည်။ ထို့နောက် အမေသည် သူမ၏ ရည်းစားအသစ်နှင့် ဧည့်ခန်းတွင် တီဗွီကြည့်နေကြသည်။
လော့လင်းသည် တစ်ယောက်တည်း မအိပ်ရဲပါ။ မီးလည်း ဖွင့်လို့မရပါ။ “ဘယ်ကလေးက အိပ်တဲ့အချိန်မှာ မီးဖွင့်လို့တုန်း!” ဟု ဆိုကာ အမေသည် မီးပိတ်လိုက်သည်။ မှောင်မည်းနေသော အခန်းထဲတွင် လော့လင်းလေး တစ်ယောက်တည်း ကြောက်လာသည်။ အားတင်းပြီး အိပ်ခန်းတံခါးဖွင့်ကာ.. “မေမေ.. သမီးကြောက်တယ်!” ဟုအမေ့ကို အားကိုးတကြီး လှမ်းခေါ်လိုက်သည်။
“ဘာကြောက်စရာ ရှိလို့တုန်း? (၈) နှစ်တောင် ရှိနေပြီ။ တစ်ယောက်တည်း အိပ်ရမှာ ကြောက်နေတုန်းလား? သတ္တိနည်းလိုက်တာ။ ငါမွေးထားတဲ့ သမီးကော ဟုတ်ရဲ့လားဟဲ့!” ဟု ဆူဆဲလိုက်လေသည်။
လော့လင်းလေးတစ်ယောက် အမှောင်ခန်းထဲတွင် ကြောက်လန့်မှုကို စိတ်ထဲမျိုသိပ်ထားပြီး ငိုနေရင်းနှင့်ပင် အိပ်ပျော်သွားလေသည်။
“ကောင်းပြီ.. ပြန်လာတော့!” ဟု အဘိုးအိုသည် လော့လင်းကို နှိုးလိုက်လေသည်။ လော့လင်းသည် အိပ်မက်မှ လှမ်းနှိုးခံလိုက်ရသကဲ့သို့ တဖြည်းဖြည်းချင်း နှိုးထလာလေသည်။
“သမီးကြုံတွေ့ခဲ့ရတဲ့ ၀မ်းနည်းမှုနဲ့ ကြောက်လန့်မှုတွေက ပိတ်ပင်ခံရပြီး ရင်မှာမျိုသိပ်ခံခဲ့ရလို့ သူတို့ဟာ သမီးရဲ့ ခန္ဓာကိုယ်ထဲမှာ အမြစ်တွယ်ပြီး ကျန်ရစ်ခဲ့တော့တာ..” ပြောရင်း အဘိုးအိုသည် မြေဖြူယူပြီး လူပုံသဏ္ဍာန်ပေါ်တွင် ဆွဲထားသော စိတ်ခံစားချက်များကို အမြစ်များ ဖြည့်စွက်ပေးလိုက်သည်။ “လှောင်အိမ်မှာ ပိတ်ခံလိုက်ရတဲ့အတိုင်းပဲ ဒီခံစားချက်တွေကလည်း လူတွေရဲ့ခန္ဓာကိုယ်မှာ ပိတ်လှောင်ခံ ထားရတယ်။ ဒီစွမ်းအင်တွေကို နာကျင်တဲ့ကိုယ် (Pain Body) ဆိုပြီးတော့လည်း ထူးဆန်းစွာ သမုတ် ကြသေးတယ်။”
အဘိုးအို၏ ပုံကိုကြည့်ပြီး မိမိ၏ကိုယ်ပေါ်တွင် မကောင်းသော စွမ်းအင်များ မည်မျှတောင် စုပုံနေမည်ကို လော့လင်း မတွေးရဲတော့ပါ။ လော့လင်း ငယ်စဉ်ဘ၀မှစ၍ မည်သူမျှသူမ၏ စိတ်ခံစားချက်ကို အလေးထားပြီး နှစ်သိမ့်ပေးခဲ့ခြင်းမျိုး မရှိခဲ့ပါ။
သူမ၏ စိတ်တွင် မကောင်းသောခံစားချက် ဖြစ်ပေါ်လာချိန်တွင် လူကြီးများသည် ထိုခံစားချက်ကို ပျောက်အောင် ကူညီပေးခြင်းမရှိပါ။ (သကြားလုံး ၀ယ်ကျွေးမယ်နော်၊ မငိုနဲ့တော့နော်.. နောက်တစ်လုံး ၀ယ်ကျွေးမယ်။ စိတ်ဝမ်းနည်းမနေနဲ့နော်.. မနက်ဖြန် ခေါ်သွားလည်မယ်..စသဖြင့် ချော့သိပ်ခြင်း မရှိပါ။) ထို့အစား သူမ၏ စိတ်ခံစားချက်များကို အသိအမှတ်မပြုဘဲ လျစ်လျူရှုခဲ့သည်။ (ဒါက ဘာငိုစရာကောင်းလို့တုန်း၊ ဘာစိတ်တိုစရာ ရှိလို့တုန်း၊ ဘာကြောက်စရာ ရှိလို့တုန်း.. စသဖြင့် လျစ်လျူရှုခဲ့သည်။) သူမ၏ စိတ်ခံစားချက်များကိုလည်း ဖိနှိပ်ထားလေသည်။ (မငိုနဲ့၊ ထပ်ငိုရင် ရိုက်မှာ၊ ဒေါသမထွက်နဲ့.. ကလေးက ကလေးလိုနေ.. စသဖြင့် ဖိနှိပ်ခဲ့သည်။)
ထို့ကြောင့် လော့လင်း၏ မကောင်းသော စိတ်ခံစားချက်များသည် မည်သည့်အခါမှ အသိအမှတ်ပြုခြင်း၊ လက်ခံပေးခြင်းများ မရရှိခဲ့၍ သူမ၏ ခန္ဓာကိုယ်တွင် မခွာတော့ဘဲ အမြစ်တွယ်နေလေတော့သည်။
အဘိုးအိုသည် လော့လင်း၏ ငယ်စဉ်ဘ၀တွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို ကြည့်ပြီး.. “ဒါကြောင့် သမီးလည်း တစ်နေ့ အမေဖြစ်လာရင် ကိုယ့်ကလေးရဲ့ စိတ်ခံစားချက်တွေကို နားလည်ပြီး အသိအမှတ်ပြုပေးရမယ်နော်” ဟု မှာကြားလိုက်သည်။
လော့လင်း နားမလည်ဘဲ.. “ကလေးကို အလိုလိုက်လွန်းရင် ကလေး ဆိုးသွားမှာပေါ့.. ပြီးတော့ ကျွန်မက ကလေးမရနိုင်တော့ပါဘူး..” ဟု ၀မ်းနည်းစွာ ပြောလိုက်သည်။ “သမီး ကလေးရလာမှာပါ..” ဟု အဘိုးအိုသည် အခိုင်အမာ ပြောလိုက်သည်။ “ကလေးကို ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ သင်ခန်းစာကို ပိုသိချင်ရင် အဘိုးရဲ့ လက်ထောက်ဆီကနေ သမီး သင်ယူလို့ရတယ်။”
ခဏလောက်နားလိုက်ပြီး အဘိုးသည် ဆက်၍ “ဒီ ‘နာကျင်တဲ့ကိုယ်’ (Pain Body) က လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တစ်မျိုးအဖြစ် ဖွဲ့စည်းထားတတ်ကြတယ်။ သူလည်း သူ့ရဲ့ရှင်သန်မှုအတွက် ရုန်းကန်ရတယ်။ သူ့ရဲ့ အစာကတော့ ‘နာကျင်မှု’ တွေပဲ။ တကယ်လို့ သမီးက သူလိုချင်တဲ့ အစာတွေ သူ့ကိုမကျွေးရင် သူက သူ့ရှင်သန်မှုအတွက် သမီးကို နာကျင်စေမယ့် ကိစ္စတွေ ဖြစ်ပေါ်လာအောင် ဖန်တီးလာတတ်တယ်။”
အဘိုးပြောနေသည်များကို လော့လင်း ကြားဖူးသလိုလို ရှိနေသည်။ “သြော်.. ဟို Peptides ဆိုတဲ့ အရာတွေရဲ့ လိုအပ်ချက်တွေလား!”
“အင်း.. ဟုတ်တယ်။ ‘နာကျင်တဲ့ကိုယ်’က သူ့ကိုယ်သူ ရှင်သန်နိုင်အောင် မတူညီတဲ့ Peptides မျိုးစုံကို စုဆောင်းထားလေ့ရှိတယ်။” အဘိုးအိုသည် အသေးစိတ် ရှင်းပြလိုက်သည်။ “ဒါကြောင့် တစ်ချို့ Peptides တွေရဲ့ လိုအပ်ချက်ကြောင့် လူတွေဟာ တစ်ချို့ကိစ္စတွေကို အလိုအလျောက် တုံ့ပြန်လေ့ရှိတယ်။ ဟို ရုပ်ရှင်ထဲမှာ ပြောထားသလိုပေါ့ ဆဲလ်တွေရဲ့ တုန့်ပြန်မှုက သတ်မှတ်ပြီးသား ဖြစ်တဲ့အတွက် အခြေအနေ တစ်ခုခုပေါ်လာချိန်မှာ လူတွေက ဘာမှ မစဉ်းစားဘဲ အလိုအလျောက် တုံ့ပြန်တတ်ကြတယ်။ ကိုယ်နေ့တိုင်း ကြုံတွေ့ရတဲ့ ကိစ္စတွေ၊ မြင်ရတဲ့အရာတွေ၊ ကြားရတဲ့ ကိစ္စတွေ အားလုံးဟာ ကိုယ့် Peptides ရဲ့ လိုချင်တဲ့ ခံယူချက်နဲ့ အတွေးအခေါ်တွေပဲ ဖြစ်နေတယ်။ ပြီးတော့ ကိုယ့်တွေးထားတာ မှန်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယမရှိတော့ဘဲ လုံးဝယုံကြည်သွားတော့တယ်။”
“ဒါဆို ကျွန်မရဲ့ Peptides တွေရဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်နေမှာလဲ?”
အဘိုးအိုမှ သူမကို ကြည့်လိုက်ပြီး.. “သမီး မကြာခင် သိလာတော့မှာပါ!” ဟုသာ ပြောလိုက်ပြီး သင်ခန်းစာကို ရပ်လိုက်လေသည်။
မိမိသိချင်နေသော မေးခွန်း၏ အဖြေကို သိနိုင်ရန် လော့လင်းသည် အဘိုး၏ လက်ထောက်ဆိုသောလူဆီသို့ လိပ်စာအတိုင်း ထွက်လာလိုက်သည်။ ထူးဆန်းသည်မှာ ယခုတစ်ခေါက် အဘိုးပေးလိုက်သော လိပ်စာသည် ဖုန်းနံပါတ်မရှိပါ။
ထို့ကြောင့် လော့လင်းသည် လိပ်စာအတိုင်း လိုက်ရှာရင်း အလွန်ရှုပ်ထွေးသော မြို့ပြင်ရပ်ကွက်တစ်ခုသို့ ရောက်သွားလေသည်။ သူမ ရှာနေသောလူသည် လမ်းဘေး ခေါက်ဆွဲဆိုင်မှ အဒေါ်ကြီး တစ်ယောက်ဖြစ်နေသည်ကို တွေ့ရသောအခါ လော့လင်း အလွန်အမင်း အံ့အားသင့်သွားသည်။
လော့လင်းသည် ခေါက်ဆွဲဆိုင်သို့ ၀င်လိုက်သောအခါ “မိန်းကလေး.. ခေါက်ဆွဲစားမလို့လား?” ဟု အဒေါ်ကြီးမှ ဖော်ရွေစွာ မေးလိုက်လေသည်။ “အင်း.. ဟို.. မဟုတ်ဘူး။ ကျွန်မက အဘိုးအို တစ်ယောက်ကနေ မိတ်ဆက်..” စကားပင် မဆုံးသေး အဒေါ်ကြီးသည် သူမလက်ထဲရှိ အလုပ်အားလုံးကို ချထားလိုက်ပြီး လော့လင်းရှေ့သို့ ချက်ချင်း ရောက်လာသည်။
“အဘိုး နေကောင်းရဲ့လား?” အဒေါ်ကြီး၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် လော့လင်း နည်းနည်းလေးလန့်သွားပြီး “ဟုတ်.. ဟုတ်.. ကောင်းပါတယ်။ အမကိုလည်း နှုတ်ဆက်ခိုင်းလိုက်ပါတယ်။” ဟု အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်သည်။
“ကြားရတာ ၀မ်းသာလိုက်တာ” ဟု အဒေါ်ကြီးသည် ပြုံးပြီး ပြောလိုက်သည်။ “လာ.. လာ.. မိန်းကလေး အိမ်ထဲမှာ သွားထိုင်ရအောင်..” ဟု ပြောကာ အဒေါ်ကြီးသည် လော့လင်း၏ လက်ကိုဆွဲ၍ အိမ်သို့ ၀င်သွားသည်။
“ဟို.. အမရဲ့ ခေါက်ဆွဲဆိုင်က ဘယ်လိုလုပ်မှာလဲ?” ဆိုင်ကြည့်မည့်သူမရှိမှာ စိုးရိမ်ပြီး လော့လင်း မေးလိုက်သည်။
“ရပါတယ်။ သားလေးရေ.. အမေ့ကို ဆိုင်ကြည့်ထားပေးအုံးနော်..” ဟု အဒေါ်ကြီးမှ အသံကျယ်နှင့် အော်လိုက်သောအခါ ရည်ရည်မွန်မွန် ကောင်လေး တစ်ယောက် အိမ်ထဲမှ ထွက်လာသည်။ ကောင်လေးသည် လော့လင်းကို မြင်သွားသောအခါ ရှက်သွားပြီး ခေါင်းညိတ်ပြကာ ဆိုင်သို့ သုတ်သုတ်လေး ထွက်သွားလိုက်လေသည်။
“အမရဲ့ သားလေးက လိမ္မာလိုက်တာနော်..” ဟု လော့လင်း ချီးကျူးလိုက်သည်။
“အင်း.. ဒါလည်း အဘိုးကို ကျေးဇူးတင်ရမှာ..” ဟု ပြောရင်း အဒေါ်ကြီးသည် အားရ၀မ်းသာစွာ ပြုံးလိုက်သောအခါ ရွှေသွားများပင် ပေါ်လာသည်။ အိမ်တွင်းသို့ ရောက်သော် လော့လင်းကို နေရာထိုင်ခင်း စီစဉ်ပေးပြီး ရေနွေးကြမ်း ငှဲ့ပေးလိုက်လေသည်။
“အမဆီမှာ အရမ်းကောင်းတဲ့ ပုံပြင်တစ်ပုဒ် ဆိုတယ်လို့ အဘိုးက ကျွန်မကို ပြောလိုက်တယ်။” ဟု လော့လင်းမှ စကား စတင်လိုက်လေသည်။
“ပုံပြင်မဟုတ်ပါဘူးကွယ်.. ဘ၀အတွေ့အကြုံတွေပါ။ အမရဲ့ အရင်ယောက်ျားက အရမ်းဆိုးတယ်လေ။ နေ့တိုင်း အရက်တွေသောက်တယ်။ မူးလာရင် လူတွေကို လိုက်ရိုက်တယ်။ အမနဲ့ ကလေးဆိုရင် နေ့တိုင်းလိုလိုပဲ အရိုက်ခံနေရတာ..” အဒေါ်ကြီးပြောနေသည့် ပုံစံသည် တစ်ခြားလူတစ်ယောက်၏ အကြောင်းကို ပြောနေသကဲ့သို့ ဖြစ်နေသည်။ “ဟင်း.. အဲ့တုန်းကဆိုရင် အမက ဘာမှ မလုပ်တတ်၊ မကိုင်တတ်ဘူးလေ.. ကိုယ့်ဝမ်းတောင် ကိုယ်မကျောင်းနိုင်တဲ့အတွက် ကလေးကို ခေါ်ပြီး ထွက်ပြေးသွားချင်လည်း ငတ်ပြတ်ပြီး သေသွားမှ ‘ကျားကြောက်လို့ ရှင်ကြီးကိုး.. ရှင်ကြီးကျားထက်ဆိုး’ ဆိုတဲ့ စကားပုံအတိုင်း ဖြစ်မှာလည်း စိုးရိမ်တယ်။ တခါတလေကျတော့ စိတ်အရမ်းညစ်ရတဲ့အတွက် ကလေးနဲ့အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့တောင် စဉ်းစားခဲ့ဖူးတယ်..”
လော့လင်းသည် နားထောင်ရင်းပင် ကျောချမ်းသလိုလိုဖြစ်သော်လည်း ကာယကံရှင် ဖြစ်သူ အဒေါ်ကြီးသည် သူမ ကြုံခဲ့ရတာ မဟုတ်သည့်အတိုင်း အေးဆေးစွာ ဆက်၍ ပြောနေလေသည်။ “နောက်ပိုင်း အဘိုးနဲ့ တွေ့တော့ အဘိုးက အကြားအမြင် ရထားတဲ့လူအတိုင်းပဲ အမကို တွေ့တာနဲ့ အမမှာ အရိုက်ကြမ်းတဲ့ အရက်သမား အဖေတစ်ယောက် ရှိလားလို့ မေးလိုက်တယ်။ ဟုတ်ပ့ါဟယ်.. အဘိုးပြောတာ မှန်တယ်တော့။ အမရဲ့ အဖေနဲ့ အမရဲ့ယောက်ျားက တစ်ပုံစံတည်းပဲ။ အရိုက်ကြမ်းတဲ့ အရက်သမားတွေပဲ။ အမ ငယ်ငယ်တုန်းကဆိုရင် အဖေ အရက်မူးပြီး ပြန်လာတဲ့ ခြေသံတွေကို အကြောက်ဆုံးပဲ.. အိမ်က ခွေးတောင် အဖေ မူးလာရင် ပုန်းနေတာ.. မဟုတ်ရင် ခွေးကိုလည်း မရှောင်ဘဲ အကုန်ရိုက်တယ်။”
“အဘိုးနဲ့တွေ့တော့မှပဲ အမရဲ့ မသိစိတ်ထဲမှာ ကိုယ်နဲ့နီးစပ်တဲ့ ယောက်ျားမှန်သမျှဟာ အဖေ့လိုပုံစံမျိုးတွေပဲ ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်ဆိုတာ သိရတော့တယ်။ ဒါကြောင့် အမက ကိုယ့်အဖေနဲ့တူတဲ့ ယောက်ျားမျိုးကို မသိစိတ်ကနေ ရှာဖွေနေခဲ့တယ်လေ။ ပြီးတော့ ငယ်ငယ်တုန်းကဆိုရင် အဖေ့ကို အရက်ကနေ လွတ်အောင် အရမ်းကယ်ချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကြီးလာတဲ့အချိန်မှာ အဖေ့လို ယောက်ျားမျိုးကို ရှာပြီး ကယ်ဖို့ကြိုးစားနေတာ။”
အဒေါ်ကြီးသည် အတန်းပညာများများ မတက်ခဲ့ဖူးသော်လည်း မသိစိတ်ရှိ လူတို့၏ ရွေးချယ်မှု ပုံစံကို အကြောင်းအရာ နည်းနည်းလေးနှင့်ပင် ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခဲ့သည်။ “ပြီးတော့ အဘိုးက အမနဲ့ ဖြစ်ရပ်တူ ကြုံတွေ့နေရတဲ့ သူ့ရဲ့ တပည့်တစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့သေးတယ်။ အဲ့တပည့်က ဘွဲ့ရပညာတတ် သူဌေးသမီး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အမျိုးသားကလည်း တက္ကသိုလ် ပါမောက္ခတစ်ယောက် ဖြစ်နေတယ်။ ဒါပေမယ့် သူ့အမျိုးသားက ဒေါသထွက်လာရင် တွေ့တဲ့လူတိုင်းကို ရိုက်တော့တာပဲ။ အဲ့သူဌေးသမီးမှာလည်း ငယ်ငယ်ကတည်းက အရိုက်ကြမ်းတဲ့ ဖခင်ရှိတယ်တဲ့.. ပြီးတော့ အမတို့လို ငယ်ငယ်ကတည်းက အရိုက်ခံရတဲ့လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာက ဘာဓာတ်ဆိုလား ရှိနေတယ်လို့ ပြောတာပဲ..”
“Peptides လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးလေ” ဟု လော့လင်း စကားဝင်ထောက်ပေးလိုက်သည်။
“အင်း.. ဟုတ်တယ် Peptide! အဲ့အရာတွေကလေ ဘိန်းအတိုင်းပဲ.. ဘိန်းစားက ဘိန်းစွဲသလို လူတွေရဲ့ ဆဲလ်တွေကလည်း သူတို့ကို စွဲလန်းသွားနိုင်တယ်။ အရမ်းကြောက်ဖို့ကောင်းတယ်နော်..” ဟု အဒေါ်ကြီးသည် မျက်လုံးမျက်ဆံပြူးပြီး ကြောက်လန့်နေသော ရုပ်နှင့် ပြောလိုက်သည်။
“ဒါဆို ဒီ Peptides အစွဲကို ဘယ်လို ချွတ်လို့ရလဲ?” ဟု လော့လင်းသည် မနေနိုင်တော့ဘဲ မေးလိုက်သည်။
“အင်း.. ဟိုသူဌေးသမီး ပြောတာကတော့ တရားရှာတာတို့၊ တရားထိုင်တာတို့၊ ဆုတောင်းတာတို့၊ ဓမ္မသီချင်းဆိုတာတို့ အဲ့ဒါတွေက ကူပေးနိုင်တယ်လို့ ပြောတာပဲ။ ဒါပေမယ့် အမက ဘာသာရေး အယုံအကြည်မှ မရှိတာ။ အဲ့ဒါတွေ မလုပ်ချင်ဘူး။ ပြီးတော့ သူပြောတာက ယောဂတွေ၊ လေ့ကျင့်ခန်းတွေ ဘာတွေဆိုလားပဲ။ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အမမှာ အဲ့ဒါတွေလုပ်ဖို့ အချိန်နဲ့ ပိုက်ဆံမှ မရှိတာ..”
“ဒါဆို အမ ဘယ်လိုလုပ်ခဲ့သလဲ?” လော့လင်းသည် အလွန် သိချင်နေပြီ။
“အဘိုးက အမကို အချိန်ကော ပိုက်ဆံကော သိပ်မကုန်တဲ့ နည်းလမ်းတစ်ချို့ သင်ပေးလိုက်တယ်။” အဒေါ်ကြီးသည် အားရစွာ ပြောလိုက်သည်။ လော့လင်းသည် ခါးကို မတ်လိုက်ပြီး နားထောင်ရန် အသင့်ပြင်လိုက်လေသည်။
“အဘိုး သင်ပေးလိုက်တဲ့ နည်းလမ်းကတော့ ‘နှိပ်စက် အရိုက်ခံရခြင်းကို ကျွန်မကအမြဲ အလိုရှိနေတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီလိုခံစားချက်ကို ကျွန်မ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ဒီခံစားချက်ကို ကျွန်မ မလိုအပ်တော့ပါဘူး..’ ဆိုတဲ့ စာသားကို ရေးပြီး၊ ဖတ်ဖို့ပဲ..”
“ဟင်??? ဒါက ဘာကို ဆိုလိုတာလဲ?” လော့လင်း နားမလည်ပါ။
“အမလည်း အစက သိပ်နားမလည်ခဲ့ဘူး။ အဘိုးပြောတာကတော့ လူတွေ စိတ်ဆင်းရဲစရာတွေ ကြုံရတာဟာ မကောင်းတဲ့ ခံစားချက်တွေကို လိုလားနေလို့တဲ့..ဆိုလိုတာက အမတို့ ကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးဟာ အမတို့ မသိစိတ်ထဲမှာ လိုချင်နေတဲ့ ခံစားချက်တွေ ဖြစ်နေတယ်။ အဲ့ဒါတွေက အမတို့ ဘ၀ရဲ့ ဖြစ်စဉ်တစ်ခု၊ အကျင့်တစ်ခုလို ဖြစ်နေပြီ။ ဒီဖြစ်စဉ်နဲ့ အကျင့်တွေကို ဖျက်ချင်ရင် ခုနက အမပြောသွားတဲ့ စာကြောင်းတွေရေးပြီး ဖတ်လို့ရတယ်။ ဥပမာအနေနဲ့ ညီမက အမြဲလိုလို သူများအမုန်းခံနေရတယ်လို့ ဆိုပါစို့.. ဒါဆို ညီမက ဒီလိုစာကြောင်းတွေ ရေးလို့ရတယ်။”
‘အချစ်မခံရတဲ့ ခံစားချက်တွေက ငါ့ဆီမှာ ရှိနေတယ်ဆိုတာကို ငါသိနေတယ်။ ငါ့စိတ်ရောကိုယ်ပါ ဒီခံစားချက်တွေကို လက်ခံတယ်။ ဒါပေမယ့် ဒီခံစားချက်တွေကို ငါမလိုအပ်တော့ဘူး..’ “ခံစားချက်တွေရှိနေတယ်ဆိုတာကို သိတယ်၊ လက်ခံတယ်၊ ဒါပေမယ့် မလိုအပ်တော့ဘူး?” လော့လင်း နားမလည်နိုင်သေးပါ။
“အဘိုးပြောတာကတော့ ဒီလိုမကောင်းတဲ့ ခံစားချက်တွေက သူတို့ကို ဥပေက္ခာပြုထားလေလေ၊ သူတို့က ကြီးမားလာလေလေပဲတဲ့.. ဒါကြောင့် ဒီခံစားချက်တွေ ရှိနေတယ်ဆိုတာ သိရမယ်။ လက်ခံရမယ်။ ပြီးတော့ ဒီလိုခံစားချက်တွေကို မလိုအပ်တော့ဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ် ပြောပေးရမယ်။ ဒီလို ပြောပေးတယ်ဆိုတာ ကိုယ့်ရဲ့ မသိစိတ်ကို အကြောင်းကြားပေးတယ်လို့ အဘိုးက ပြောတာပဲ။ ဒီလိုလုပ်ပေးရင် အမတို့ရဲ့ မသိစိတ် ၅% ကို တိုးချဲ့နိုင်တယ်လို့ ပြောတယ်။” အဒေါ်ကြီးသည် သူမ မှတ်မိသလောက် အတတ်နိုင်ဆုံး ပြောပြနေသည်။
“အဘိုးဆီက ဒီနည်းလမ်း သင်ယူပြီးနောက် အဲ့လိုစာပိုဒ်တွေကို အမ နေ့တိုင်း ရေးတယ်။ ဖတ်တယ်။”
“သြော်!” လော့လင်း နားလည်သွားသည်။ အလွန်လွယ်ပြီး ကောင်းသော နည်းလမ်းဟု တွေးလိုက်သည်။
“ပြီးတော့ ခွင့်လွှတ်တတ်ဖို့လည်း အမကို အဘိုးသင်ပေးလိုက်သေးတယ်။ အမရဲ့ အရက်သမား ယောက်ျားဟောင်းကို ခွင့်လွတ်ပေးဖို့လေ..”ဟု အဒေါ်ကြီးသည် ဆက်၍ ပြောနေသည်။
“ဒါပေမယ့် အဲ့လို လူစားမျိုးကို အမ ခွင့်လွတ်နိုင်ခဲ့လို့လား?” ဟု လော့လင်း မေးလိုက်သည်။
“ကိုယ့်ကိုယ် အဲ့လောက် နှိပ်စက်ခဲ့တဲ့သူကို ချက်ချင်းကြီးတော့ ဘယ်ခွင့်လွှတ်နိုင်မှာလဲ.. ဒါပေမယ့် အဘိုးပြောတာကတော့ ဒီလောကကြီးကို ရောက်လာတဲ့ လူတိုင်းမှာ မတူညီတဲ့ သင်ခန်းစာတွေ သင်ယူဖို့ရှိနေတယ်။ အမရဲ့ ယောက်ျားဟောင်းကလည်း အမကို သင်ခန်းစာတွေ သင်ယူနိုင်ဖို့ လာပြီး ကူညီပေးခဲ့တဲ့လူအများထဲက တစ်ယောက်ပဲလေ..” အဒေါ်ကြီးသည် သဘောထားကြီးစွာ ပြောလိုက်လေသည်။
“အခုချိန်မှာ အမ ကိုယ်တိုင် ရပ်တည်နိုင်ပြီး ကလေးကိုလည်း ကောင်းကောင်း ကျွေးမွေးထားနိုင်ပြီလေ။ အမရဲ့ အခုလက်ရှိ ဘ၀ကို ကျေနပ်အားရတယ်။ ဒါတွေအားလုံးက အမရဲ့ ယောက်ျားဟောင်းရဲ့ ကျေးဇူးတွေကြောင့်လေ။ သူ့ကိုမုန်းမယ့်အစား ကျေးဇူးတောင် တင်ရအုံးမယ်။” ဟု အဒေါ်ကြီးသည် ရယ်မောစွာ ပြောလိုက်သည်။ အဒေါ်ကြီး၏ အကောင်းမြင်နိုင်သော စိတ်ထားကို တွေ့ပြီး လော့လင်း မချီးကျူးဘဲ မနေနိုင်တော့ပါ။
“အဘိုးပြောတာ ရှိသေးတယ်။ အမက ပညာသိပ်မတတ်တော့ အတွေးအခေါ်တွေက ရိုးရှင်းတယ်။ ဒါကြောင့် ဒီလို နည်းလမ်းတွေကို အလွယ်တကူ လက်ခံနိုင်တယ်။ ဟို ပညာတတ်တွေဆိုရင် စဉ်းစားတာတွေ အရမ်းများပြီး မဖြစ်နိုင်ဘူးဆိုပြီး လက်မခံကြဘူး။ အဲ့လို လူတွေဆိုရင် စိတ်ကျင့်စဉ်တွေ လေ့ကျင့်ခန်းတွေ များများ လုပ်ပေးမှ ရတယ်။” ဟု ထပ်မံ ဖြည့်စွက်လိုက်သည်။
လော့လင်း အချိန်ကြည့်လိုက်တော့ နောက်ကျနေပြီ ဖြစ်သောကြောင့် သူမ သိချင်သော မေးခွန်းနောက်တစ်ခုကို မေးလိုက်လေသည်။ “ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုပြီး အလိုလိုက်ပေးရင် ကလေးဆိုးသွားမှာလား?”
“အဲ့လို မဟုတ်ပါဘူး..” အဒေါ်ကြီးသည် ပြုံးရင်း ပြန်ပြောလိုက်သည်။ “စိတ်ခံစားချက်ကို အသိအမှတ်ပြုပြီး လိုက်လျောပေးတယ်ဆိုတာ ကလေးရဲ့ စိတ်ခံစားချက်ကို လက်ခံတာကို ပြောတာပါ။ အဲ့ဒီခံစားချက်တွေကို ပိတ်ပင်တားဆီးပြီး လျစ်လျူရှုဖို့ မဟုတ်ပါဘူး.. လိုက်နာသင့်တဲ့ စည်းကမ်းတွေကိုတော့ လိုက်နာဖို့ လိုတာပေါ့..”
အဒေါ်ကြီးသည် ခဏလောက်စဉ်းစားပြီး.. “ဥပမာအနေနဲ့ ပြောရရင် ကလေးက ညစာစားခါနီးမှာ သကြားလုံးစားမယ် ဆိုပြီး လုပ်တယ်။ သူ့ကို သကြားလုံးမပေးတော့ စိတ်တိုပြီး ကြမ်းပြင်ပေါ် ငိုယိုပြီး လူးလိမ့်နေမယ်။ ဒီအချိန်မှာ သူ့ကို ချီပြီး ‘သားလေး သကြားလုံးစားချင်နေတယ်ဆိုတာ မေမေသိပါတယ်။ အဲ့သကြားလုံးက အရမ်း စားလို့ကောင်းတယ်။ မေမေလည်း စားချင်ပါတယ်။ ဒါပေမယ့် အခု ထမင်းစားချိန်နီးနေပြီလေ.. ထမင်းစားပြီးနောက်ပိုင်း အတူတူ စားကြရအောင်လေ’ လို့ချော့ပေးလို့ရတယ်။ တကယ်လို့ ကလေးက ငိုနေတုန်းပဲဆိုရင် ဒီလိုထပ်ပြီး ပြောလို့ရတယ်။ ‘သားလေး သကြားလုံးမစားရလို့ စိတ်အရမ်းတိုပြီး ၀မ်းနည်းနေတယ်ဆိုတာ မေမေသိပါတယ်။ ဒီလိုလုပ်မယ်လေ.. သားလေးကို သကြားလုံး ပေးထားမယ်။ ဒါပေမယ့် ထမင်းစားပြီးမှ စားရမယ်နော်..’ ဒီလိုလုပ်ပေးတယ်ဆိုတာ ကလေးရဲ့ စိတ်ခံစားချက်ကို နားလည်ပေးနိုင်တဲ့အပြင် ကလေးကလည်း သူ့ခံစားချက်ကို စိတ်ကြိုက် ပေါက်ကွဲလို့ ရတဲ့အတွက် စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ မကျန်ခဲ့တော့ဘူးပေါ့။”
မျက်နှာအမူအရာအပြည့်နှင့် အသံကို မြင့်တစ်လှည့် နိမ့်တစ်လှည့် ပြောနေသော အဒေါ်ကြီးကို လော့လင်း သဘောကျသွားသည်။ ခေါက်ဆွဲရောင်းမည့်အစား သရုပ်ဆောင်လုပ်သင့်သည်ဟု လော့လင်း စိတ်ထဲ တွေးလိုက်သည်။
လော့လင်းကို ကြည့်လိုက်ပြီး အဒေါ်ကြီးသည် ဆက်၍.. “အဘိုးပြောတာကတော့ ခံစားချက်ဆိုတာ စွမ်းအင်တစ်မျိုးပဲတဲ့.. လာပြီးရင် ထွက်သွားစမြဲ..။ ဒါကြောင့် ကလေးတွေရဲ့ ကိစ္စတွေမှာ လူကြီးတွေက ၀င်မပါဘဲ ကလေးတွေကို သူတို့ရဲ့ ခံစားချက်တွေ သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ လွတ်ထားသင့်တယ်တဲ့။ လူကြီးတွေ လုပ်ပေးရမှာက ကလေးတွေကို အဆုံးမဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးထောက်ခံမှုတွေ ပေးနေရင် လုံလောက်ပြီတဲ့။ တကယ်လို့ ကလေးတွေကို မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာရင် ရှောင်ပြေးဖို့ သင်ထားမယ်ဆိုရင် ကလေးကြီးလာရင် စိတ်ညစ်စရာ တစ်ခုခု ကြုံရတိုင်း တခြား အရာတွေနဲ့ အစားထိုးဖို့ ကြိုးစားကြလိမ့်မယ်။ ဥပမာ - ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့၊ ဆေးသုံးတာတို့၊ ပြီးတော့ အလုပ်ကို မနားစတမ်း လုပ်နေတာတို့ စတဲ့ ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ စိတ်ညစ်စရာတွေကို ရှောင်ပြေးကြလိမ့်မယ်။ ကလေးတွေရဲ့ စိတ်ခံစားချက်ကို ဖိနှိပ်ချုပ်ချယ်ထားမယ်ဆိုရင် အခြေအနေက ဒီထက်ပိုဆိုးသွားနိုင်တယ်နော်။ ဥပမာ - စိတ်မထိန်းနိုင်ဘဲ ခိုက်ရန်ဖြစ်ပွားတာတို့၊ တစ်ခြားလူတွေကို နှိပ်စက်တာတို့ စတာတွေ လုပ်ကြလိမ့်မယ်.” ဟု လေးလေးနက်နက် ပြောလိုက်သည်။
အဒေါ်ကြီး၏ စကားကို နားထောင်ပြီး အဒေါ်ကြီးကို မလေးစားဘဲ မနေနိုင်တော့ပါ။ ဤကဲ့သို့ အသင်အပြ ကောင်းမွန်တော့ မိခင်ရှိနေလျှင် ဆင်းရဲသော အိမ်မှလည်း ပညာတတ် လူရည်ချွန်များ ဧကန်မုချ ဖြစ်ထွန်းလာမည်ဟု လော့လင်း တွေးလိုက်လေသည်။
“သြော်.. အိမ်က မိဘတွေရဲ့ အပြုအမူနဲ့ အဆုံးအမတွေက ကလေးတွေအတွက် တော်တော် အရေးကြီးပါလား..” ဟု လော့လင်း မှတ်ချက်ချရင်း ပြန်လာလိုက်သည်။
နေ့လယ်စာ ထွက်စားပြီးနောက် လော့လင်း ရုံးခန်းထဲဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်၏ လေထု အနေအထားသည် တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဒီနေ့က ဘယ်လိုဖြစ်ပြီး စိတ်လေးတယ်လို့ ခံစားနေရတာလဲ? ငါပဲ စွမ်းအင်တွေကို အရမ်း Sensitive ဖြစ်နေလို့လား?” ဟု စိတ်ထဲ တွေးနေခိုက် သူဌေး ၀မ်လီ့ ခေါ်နေသည်ဟုဆို၍ သူဌေး၏ရုံးခန်းသို့ ထွက်လာလိုက်သည်။
သူဌေး၏ ရုံးစားပွဲရှေ့တွင် ထိုင်လိုက်သည်နှင့် ၀မ်လီ့သည် လော့လင်း၏ မျက်လုံးကို ကြည့်ပြီး.. “ဒီနှစ်အတွင်း ညီမရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကောင်းပါတယ်။ ရလဒ်က ပထမဆုရမယ်လို့တောင် ထင်ထားပါတယ်။ ဒါပေမယ့် အရောင်းဌာနရဲ့သူဌေးက ချန်ယွိမေရဲ့ စွမ်းဆောင်ရည်က ပိုကောင်းတယ်လို့ ပြောပါတယ်။ ပြီးတော့ ညီမက တစ်ခြားလူတွေ ကြိုးစားထားတွေကို ကိုယ်လုပ်ထားတယ်လို့ပြောပြီး နာမည်ကောင်းယူနေတယ်လို့ ချန်ယွိမေက ပြောတယ်..” ဟု ပြောလိုက်သည်။
အံ့အားသင့်သွားသော လော့လင်းကို ကြည့်လိုက်ပြီး ၀မ်လီ့သည် ဆက်၍.. “အကိုက ဒီဌာနရဲ့ ခေါင်းဆောင်ဖြစ်ပေမယ့် ကိုယ့်ဆုံးဖြတ်ချည်းနဲ့ပဲ လုပ်လို့မရပါဘူး။ ပြီးတော့ အရောင်းဌာနကိုလည်း လျစ်လျှူရှုထားလို့ မရဘူးလေ။ သူတို့တွေက ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အပိုင်းမှာ ပါနေတယ်လေ။ ဒါကြောင့် မန်နေးဂျင်း ဒါရိုက်တာက နောက်ဆုံးတော့ ပထမဆုကို ချန်ယွိမေကို ပေးဖို့ ဆုံးဖြတ်လိုက်တယ်..” ဟု ထပ်မံ ပြောလိုက်သည်။
သူဌေး ၀မ်လီ့၏ စကားများကို ကြားပြီး လော့လင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေသည်။ “ချန်ယွိမေ.. ဒင်းကို ငါက သူငယ်ချင်းကောင်းလို့ သတ်မှတ်ခဲ့တာ။ ခုတော့ ဒင်းက.. ဒင်းက.. ” ဟု စိတ်ထဲတွင် တွေးပြီး ဒေါသထွက်နေသည်။
လော့လင်း ဒေါသဖြစ်နေသည်ကို သတိထားမိပြီး သူဌေးဝမ်လီ့သည်.. “ညီမရဲ့ ကြိုးစားမှုကို အကို သိပါတယ်။ ညီမကို ဒီနှစ်ရဲ့ ပထမဆုကို မပေးနိုင်တဲ့အတွက်လည်း အကို တစ်ကယ် စိတ်မကောင်းဘူး..” ဟု ပြောရင်း ၀မ်လီ့ သည် မတ်တပ်ရပ်လိုက်ကာ လော့လင်း၏ ပုခုံးကို အသာလေးပုတ်၍ အားပေးလိုက်သည်။ လော့လင်းသည် ခေါင်းသာ ညိတ်လိုက်သော်လည်း ချန်ယွိမေကို စိတ်ထဲ မကျေနပ်နိုင်သေးပါ။ သို့သော် ဆုံးဖြတ်ပြီးသား ကိစ္စဖြစ်နေ၍ သူဌေးဝမ်လီ့ကိုလည်း စောဒက မတက်လိုတော့ဘဲ ၀မ်လီ့၏ ရုံးခန်းမှ ထွက်လာလိုက်သည်။
မိမိ၏ထိုင်ခုံတွင် ၀င်ထိုင်ရန်အပြု ဘေးကပ်ရပ်တွင် ထိုင်နေသော ချန်ယွိမေကို ဘာမှမသိသည့်အတိုင်း တွေ့လိုက်ရသောအခါ လော့လင်းသည် မနေနိုင်တော့ဘဲ ချန်ယွိမေ၏ အရှေ့သို့ သွားကာ.. “ဟဲ့.. ယွိမေ နင်ဘာလို့ သူဌေးတွေကို ငါ့အကြောင်း မဟုတ်မဟပ် ပြောလိုက်တာလဲ?”
ချန်ယွိမေ အံ့အားသင့်သွားပြီး.. “ဟင်? ငါဘာလုပ်ထားလို့လဲ?” ဟု မသိချင် ဟန်ဆောင်ကာ ခြောက်ပြစ်ကင်း သဲလဲစင်သော မျက်နှာထားနှင့် လော့လင်းကို ပြန်မေးလိုက်သည်။ “ငါက တစ်ခြားလူတွေရဲ့ ကြိုးစားမှုကိုယူပြီး ဟန်လုပ်နေတယ်လို့ သူဌေးကို နင်ပြောလိုက်တာ မဟုတ်လား? ငါဘယ်တုန်းက အဲ့လို အောက်တန်းကျတဲ့အလုပ် လုပ်ဖူးလို့လဲ?” လော့လင်းသည် မိမိ၏ဒေါသကို မနည်းထိန်းပြီး ချန်ယွိမေကို မေးလိုက်သည်။
“ငါမပြောဖူးပါဘူး။ ငါပြောလိုက်တယ်လို့ နင့်ကို ဘယ်သူက ပြောလို့လဲ?” ဟု ချန်ယွိမေသည် မျက်နှာပြောင်နှင့် လော့လင်းကို ပြန်မေးနေသည်။
“ဟန်ဆောင်မနေနဲ့!!!” ဟု အော်ဟစ်လိုက်ချင်သော်လည်း ဒေါသကြောင့် အသံပင် မထွက်နိုင်တော့ပေ။ ချန်ယွိမေ၏ မျက်နှာထားကို ကြည့်မရတော့၍ လော့လင်းသည် လက်ကိုင်အိတ်ကို ယူပြီး ရုံးမှ ထွက်လာလိုက်သည်။ “လူ့စိတ်ဆိုတာ တော်တော် ကြောက်ဖို့ကောင်းပါလား..” ဟု စိတ်ထဲတွင်လည်း ကောက်ချက်ချလိုက်သည်။
လော့လင်းတစ်ယောက် ဦးတည်ချက်မရှိဘဲ လမ်းပေါ်တွင် ဟိုဆိုင်ဒီဆိုင်ငေးကာ လျှောက်နေမိသည်။ ရုံးပိတ်ရက်မဟုတ်သော ဤကဲ့သို့ ကြားရက်များတွင် ဘာမှ လုပ်စရာမရှိဘဲ လမ်းပေါ်တွင် လျှောက်သွားနေရသည်ကို လော့လင်း မနေတတ်ပါ။
“ဟင်း.. ငါကိုယ်က ဒီအလုပ်ကို အရမ်း စွဲလမ်းနေလို့ နေမှာပါ..” ဟု လော့လင်း တွေးမိသည်။ မှန်ပါသည်။ အလုပ်သည် လော့လင်းအတွက် အရေးကြီးသော ကဏ္ဍတွင် ပါဝင်နေသည်။ ယနေ့ဖြစ်သွားသော ကိစ္စတွင် ပထမဆု ရသည် မရသည်ထက် အလုပ်တွင် ယုံကြည်ရသူဟု မှတ်ယူထားသော အကောင်းဆုံး သူငယ်ချင်းသည် မိမိ၏ နောက်ကျောကို ဓားနှင့်ထိုးလိုက်ခြင်းသည် လော့လင်းအတွက် ပိုမိုစိတ်ထိခိုက်ဖွယ်ရာ ဖြစ်နေသည်။ အတော်ကြာသည်ထိ လမ်းလျှောက်နေပြီး နာရီကြည့်လိုက်သော် ညနေ (၃) နာရီပင် ရှိပါသေးသည်။ လော့လင်း သွားရန် နေရာလည်း မရှိတော့ပါ။ “အိမ်ပြန်ပြီး အနားယူတာပဲ ကောင်းပါတယ်လေ..” ဟု တွေးလိုက်ပြီး အိမ်သို့ ခြေဦးလှည့်လိုက်သည်။
အိမ်နှင့် မလှမ်းမကမ်း ရောက်လာသောအခါ မြင်ကွင်းတစ်ခုကြောင့် လော့လင်း၏ ခြေလှမ်းများ ရပ်တန့် သွားလေသည်။ ကျင့်မင်သည် ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက်နှင့် အိမ်မှ ထွက်လာပြီး လော့လင်း ရှိသည့်ဖက်သို့ လျှောက်လာနေသည်။ ကျင့်မင် မြင်သွားမည်ကို စိုး၍ လော့လင်းသည် ချုံတွင် ပုန်းနေလိုက်သည်။ သူတို့ဖြတ်သွားမှ ထွက်လာပြီး နှစ်ယောက်သား၏ အခြေအနေကို သေချာအကဲခတ်ကြည့်လိုက်သောအခါ သာမန် သူငယ်ချင်း အဆင့် မဖြစ်နိုင်သော အတွဲများကဲ့သို့ ဖြစ်နေသည်။
“သူ..သူ..သူတို့တွေက သူငယ်ချင်းတွေပဲ ဖြစ်မှာပါလေ” ဟု လော့လင်းသည် မိမိကိုယ်ကိုယ် နှစ်သိမ့်ပေးလိုက်သည်။ ပိုမိုသေချာစေလို၍ တံခါးစောင့် ဦးလေးကြီးကို အကျိုးအကြောင်း မေးမြန်းရန် လော့လင်းသည် ကွန်ဒိုသို့ အပြေးအလွှားလေး ရောက်လာသည်။ တံခါးစောင့် ဦးလေးကြီးသည် လော့လင်းကို မြင်သွားသောအခါ.. “ဟင် သမီး လော့လင်း.. ဒီနေ့ဘယ်လိုဖြစ်ပြီး အစောကြီး ပြန်လာတာလဲ?” ဟု အလန့်တကြား မေးလိုက်သည်။
ဦးလေးကြီး၏ မေးခွန်းကို ပြန်မဖြေနိုင်သေးဘဲ.. “ကျင့်မင်က အဲ့ဒီ ကောင်မလေးကို အမြဲခေါ်လာတာလား?” ဟု အမောတကြီး မေးလိုက်သည်။
တံခါးစောင့် ဦးလေးကြီးသည် မဖြေချင် ဖြေချင်နှင့်.. “ဒါသမီးတို့ရဲ့ အိမ်ထောင်ရေးကိစ္စလေ.. ဦးကို မမေးပါနဲ့ကွယ်..” ဟု သနားစာနာသော အသံနှင့် ပြန်ပြောလိုက်သည်။
ဦးလေးကြီး ဘာကို ဆိုလိုချင်သည်ကို လော့လင်း နားလည် သဘောပေါက်သွားသည်။ သူမ၏ ရင်အစုံသည် ဟိုး အောက်သို့ ထိုးကျသွားပြီး ကြေကွဲသွားလေပြီ။ ဘာမှ မကြား၊ မမြင်နိုင်တော့ဘဲ အခန်းသို့သာ ကမူးရူးထိုး ပြေးသွားပြီး အိပ်ခန်း၊ ရေချိုးခန်း၊ စာကြည့်ခန်း၊ ဧည့်ခန်း စသည်တို့တွင် သဲလွန်စများ တွေ့လိုတွေ့ငြား သွေးပျက်မတတ် ရှာနေလေသည်။ သို့သော် မည်သည့် သဲလွန်စမျှ ရှာမတွေ့ပါ။ “ဒင်းတို့ရဲ့ သဲလွန်စကို ငါမရ ရအောင်ရှာမယ်..” ဟု ကြိမ်းမောင်းရင်း ဆိုဖာပေါ်တွင် မောပန်းစွာ ထိုင်နေရင်း အိပ်မောကျသွားလေသည်။
အိပ်နေချိန်တွင် ထူးဆန်းသော အိပ်မက်တစ်ခု မက်လိုက်သည်။ အိပ်မက်ထဲတွင် လော့လင်းသည် သူမ ကျောင်းတက်တုန်းက နေခဲ့ဖူးသော အိမ်တွင် ပြန်လည် ရောက်ရှိနေပြီး ထိုအိမ်ရှိ စတိုခန်းတွင် ပစ္စည်းများ ရှင်းလင်းနေသည်။ ပစ္စည်းရှင်းနေရင်း ၀ယ်ထားတာ ကြာပြီဖြစ်သော စက်ဘီးအဟောင်း တစ်စီးကို တွေ့၍ အသုံးမလိုတော့ဘူး ဆိုကာ စတိုခန်း အပြင်ဖက်သို့ ရွေ့ထားလိုက်သည်။ ခဏနေသော် လူတစ်ယောက်သည် စက်ဘီးဟောင်းကို ကောက်ယူပြီး စီးသွားသည်ကို တွေ့ရသောအခါ လော့လင်းသည် နောက်မှ လိုက်၍ “ဟေ့…ဘာလို့ ငါ့စက်ဘီးကို ယူသွားတာလဲ?” ဟု မေးနေသည်။ ထိုလူသည်.. “ရှင်အပြင်ဖက်မှာ ရွေ့ထားလို့ ရှင်စွန့်ပစ်လိုက်ပြီထင်ပြီး ကျွန်မယူလိုက်တာပါ..” ဟု ပြန်ပြောလိုက်သည်။
လော့လင်းသည် အိပ်မက်မှ လှန့်နိုးလားကာ.. “တော်တော် ထူးဆန်းတဲ့ အိပ်မက်ပါလား..” ဟု တွေးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် အမှောင်ဖုံးနေပြီ ဖြစ်သည်။ နာရီကို ပြန်ကြည့်လိုက်သောအခါ ည (၇) နာရီ ထိုးနေပြီ။ ထိုအချိန်မှ ကနေ့ တစ်ရက်တည်းတွင် ရုံးမှ ဖြစ်ပျက်ခဲ့သော ကိစ္စနှင့် ကျင့်မင်၏ ကိစ္စများကို သတိရသွားပြီး ဤကဲ့သို့ စိတ်ဆင်းရဲဖွယ်ရာ ဖြစ်ရပ်များကို ကြုံတွေ့ရမည့်အစား သေသွားလျှင် သာ၍ ကောင်းမည်ဟု တွေးမိသည်။
“ဒါတွေဟာ ငါ့ရဲ့ Peptide တွေကြောင့်လား?” ဟု လော့လင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေသည်။ တစ်ရက်တည်းတွင် အနီးဆုံး လူနှစ်ယောက်ဖြစ်သော အကောင်းဆုံး သူငယ်ချင်းနှင့် အချစ်ဆုံး အမျိုးသား တို့၏ သစ္စာဖောက်မှုကို ကြုံရခြင်းသည် လော့လင်းအတွက် အရှင်လတ်လတ် ငရဲခံနေရခြင်းနှင့် တူနေပါသည်။
“ဘာလို့ အဲ့လောက်တိုက်ဆိုင်နေရတာလဲ? ကိစ္စနှစ်ခုလုံးက တစ်ရက်တည်းမှာပဲ ဖြစ်သွားခဲ့တယ်။ ကိစ္စနှစ်ခုလုံးကနေ ငါခံစားလိုက်ရတဲ့ ခံစားချက်ကလည်း အတူတူပဲ ဖြစ်နေတယ်.. ‘သစ္စာဖောက်ခံရခြင်း’ နဲ့ ‘အလိမ်ခံရခြင်း’ တွေ.. အခုချိန်မှစပြီး ဟို အမကြီး ပြောတဲ့အတိုင်း ‘ငါက သစ္စာဖောက်ခံရခြင်းနဲ့ အလိမ်ခံရခြင်း ခံစားချက်တွေကို ရှာဖွေနေတယ်ဆိုတာ သိပါတယ်။ ပြီးတော့ အဲ့ဒါကိုလည်း အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ငါမလိုအပ်တော့ဘူး..’ ဆိုတဲ့ စာကြောင်းတွေရေးရင်ကော အချိန်မှီသေးလို့လား? ဒီလို ခံစားချက်တွေက ဘယ်ကနေ ဘယ်လိုစပြီး ရှိနေခဲ့တာလဲ?” စသဖြင့် လော့လင်းသည် တွေးမိတွေးရာ ပြန်လည် တွေးနေမိသည်။
လော့လင်းသည် ငယ်ငယ်တုန်းတွင်လည်း သူမ၏ မိခင်ကြောင့် ယခုကဲ့သို့ ခံစားချက်များကို အမြဲ ခံစားခဲ့ရသည်။ သူမ၏ မိခင်သည် သူမကို အပြင်သို့ ခေါ်သွားလည်မည်ဟု (၁၀) ခေါက် ကတိပေးထားလျှင် (၈) ခေါက်လောက်သည် ကတိပျက်နေတတ်သည်။ ပျက်သွားသည့် အခေါက်တိုင်းတွင်လည်း အကြောင်းပြချက် အမျိုးမျိုး ရှိနေသည်။ နောက်ပိုင်းတွင် သူမ၏ မိခင်သည် နောက်အိမ်ထောင်ပြုပြီး ကလေးနောက်တစ်ယောက် ရလာသောအခါ မိဘများသည် မိမိကို သစ္စာဖောက် စွန့်ပစ်လိုက်ပြီဟု လော့လင်း ခံစားခဲ့ရသည်။
ငယ်ငယ်တုန်းက စွန့်ပစ်ခံရမှု၊ ယနေ့ ထပ်မံ ကြုံတွေ့ခဲ့ရသော သစ္စာဖောက်ခံရမှု၊ လိမ်လည်ခံရမှု စသည်တို့ကို တွေးရင်း လော့လင်း မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုနေမိတော့သည်။
“ဘာကြောင့်လဲ? သူတို့အားလုံးက ငါ့ကို ဘာလို့ အဲ့လိုဆက်ဆံတာလဲ? ငါ့မှာ ဘာအပြစ်ရှိနေလို့လဲ?” ဟု ပြောရင်း လော့လင်းသည် ဆိုဖာကို ရှိသမျှအားဖြင့် ထုနေလေသည်။ တံခါးဖွင့်သံကြားလိုက်ပြီး ကျင့်မင် ပြန်ရောက်လာသည်။ ဆိုဖာပေါ်တွင် မျက်ရည်အပြည့်နှင့် ထိုင်နေသော လော့လင်းကို တွေ့လိုက်ရသောအခါ လန့်သွားသည်။
“ဘာဖြစ်လို့လဲ?” ဟု ကျင့်မင်သည် စိတ်ပူစွာ မေးလိုက်သည်။ လော့လင်းသည် ခါတိုင်းထက် အိမ်ကို စောရောက်နေပြီး ငိုထားသည်ကိုလည်း တွေ့လိုက်ရသောကြောင့် ကျင့်မင် အံ့အားသင့်နေသည်။ “အလုပ်ထုတ်ခံလိုက်ရလို့လား?” ဟု ကျင့်မင်သည် သူ့အထင်နှင့် မေးလိုက်သည်။
“ဟန်ဆောင်တတ်လိုက်တာ..” ဟု ကျင့်မင်ကို ကြည့်ပြီး လော့လင်း စိတ်ထဲ တွေးလိုက်သည်။
ရုပ်ရှင်ကားများထဲတွင် လင်ဖောက်ပြန်သည်ကို မယားက မိသွားသောအခါ အော်ကြီးဟစ်ကျယ်နှင့် ရန်ရှာတတ်သည်ကို အမြဲ ကြည့်ဖူးသော်လည်း ယခုမိမိကိုယ်တိုင် ကြုံတွေ့ရသောအခါ လော့လင်းတစ်ယောက် ရန်ရှာဖို့ မပြောနှင့်.. စကားပြောဖို့တောင် အနိုင်နိုင် ဖြစ်နေသည်။ လော့လင်းသည် ခေါင်းငုံ့နေပြီး မျက်ရည်သွင်သွင် ကျနေသည်။ အားတော်တော်လေးယူပြီး.. “အဲ့ဒီ မိန်းကလေးက ဘယ်သူလဲ?” ဟု ကျင့်မင်ကို မေးလိုက်သည်။
ကျင့်မင် အတော်ကြာ တိတ်ဆိတ်သွားပြီး … “ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ..” ဟု လေးဖင်းစွာ ပြန်ဖြေလိုက်သည်။ လော့လင်းသည် ကျင့်မင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
လော့လင်း၏ အကြည့်ကို ကျင့်မင် မရင်ဆိုင်ရဲပါ။ တစ်ခုခု ရှင်းပြရန် ကြိုးစားသော်လည်း လော့လင်း၏ စူးရှသော အကြည့်ကြောင့် လိမ်လည်ရင်လည်း ထူးမည်မဟုတ်ဟု ကျင့်မင် သဘောပေါက်နေသည်။
တစ်ခန်းလုံး ခဏလောက် တိတ်ဆိတ်သွားပြီး လော့လင်းသည် အားတင်း၍.. “ရှင် ဘယ်လို လုပ်ချင်လဲ?” ဟု ကျင့်မင်ကို မေးလိုက်သည်။
တစ်ခန်းလုံး အပ်ကျသံပင် ကြားရတော့မည့်အတိုင်း တိတ်ဆိတ် အေးစက်နေသည်။ ခါတိုင်းတွင် ပြဿနာ သေးသေးမွှားမွှား ဖြစ်ပါက သူတို့နှစ်ယောက်သည် (၇) အိမ် (၈) အိမ် ကြားလောက်အောင် အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်သော်လည်း ယခုကိစ္စတွင် (၂) ယောက်လုံး တိတ်ဆိတ် တည်ငြိမ်နေသည်။
ကျင့်မင်သည် ပြောမည်ဟု အတန်တန် ကြိုးစားလိုက်သော်လည်း ပါးစပ်မဟနိုင် ဖြစ်နေသည်။
လော့လင်းသည် ခါးကို မတ်လိုက်ပြီး ကျင့်မင် ပြောသမျှကို လက်ခံရန် အသင့်အနေအထားဖြင့် “ပြောပါ..” ဟု ဆိုလိုက်သည်။
နောက်ဆုံးတွင် ကျင့်မင်သည် ရှိသမျှ အားယူကာ .. “ငါကွာရှင်းချင်တယ်..” ဟု ပြောလိုက်သည်။
ကျင့်မင်၏ စကားကို ကြားလိုက်ရသောအခါ လော့လင်း၏ ရှိသမျှ မျှော်လင့်ချက်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အဆုံးမရှိသော ကောင်းကင်တွင် လွှင့်မျောသွားပြီး တိမ်များကြားတွင် ပျောက်ကွယ် သွားလေတော့သည်။
လော့လင်းသည် ၀မ်းနည်းကြေကွဲနေသော မျက်နှာထားနှင့် အဘိုးအို၏ ရှေ့တွင် ထိုင်နေသည်။ သူမ၏ မျက်ဝန်းမှလည်း မျက်ရည်များ တသွင်သွင် စီးဆင်းနေပါသည်။
အဘိုးအိုသည် သူမကို သနားစွာ ကြည့်နေလေသည်။ လဲကျသွားသော ကလေးငယ်ကို ထူပေးလိုသော်လည်း ကလေးကိုယ်တိုင် ပြန်ထနိုင်ရန် မျှော်လင့်ချက်နှင့် ဘေးတွင်သာနေ၍ အားပေးသော အကြည့်နှင့် ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက်မှ လော့လင်းသည် အားယူပြီး ခေါင်းမော့လိုက်ကာ အဘိုးအိုကို ကြည့်လိုက်သည်။ “အင်း.. ကျွန်မသိပါတယ်.. ကျွန်မရဲ့ဘ၀မှာ သစ္စာဖောက်ခံရခြင်း၊ လိမ်လည်ခံရခြင်းတွေကို ကြုံတွေ့ရမယ်ဆိုတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်မငယ်စဉ်ကတည်းက ဒီလိုခံစားချက်တွေကို မွေးထားလိုက်မိလို့ပဲ.. ဒါပေမယ့် အခု ကျွန်မ ဘာလုပ်ရမှာလဲ? ဟင့်.. ဟင့်..” ပြောရင်း လော့လင်းသည် ပြန်ငိုနေမိသည်။
“ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းက ကျွန်မကို လိမ်တယ်။ ကျွန်မရဲ့ အမျိုးသားက ကျွန်မကို သစ္စာဖောက်တယ်။ ကျွန်မ.. ကျွန်မ.. အရမ်းနာကျင်နေရတယ်!!! ဟင့်.. ဟင့်.. ကျွန်မ ဘယ်လို အသက်ဆက်ရှင်ရတော့မှာလဲ? ကျွန်မအတွက် သေတာမှ ပိုကောင်းမယ်!” လော့လင်းသည် အဘိုးအိုနှင့် မတွေ့ခဲ့လျှင် ကောင်းမည်ဟုတောင် တွေးနေမိသည်။ အနည်းဆုံးတော့ အပြစ်များ အားလုံးကို တစ်ခြားသူများအပေါ် ပုံချနိုင်၍ မိမိသည် အပြစ်မဲ့ ခံရသည့်သူအဖြစ် မှတ်ယူ နိုင်သေးသည်။
လော့လင်း၏ ယခုအနေအထားသည် အပြစ်များကို တစ်ခြားသူများအပေါ် လုံးလုံးပုံချပြီး စိတ်ကြိုက် ပေါက်ကွဲ၍ မရသည့်အပြင် မိမိ၏ မသိစိတ်တွင် မည်ကဲ့သို့သော စိတ်ဒဏ်ရာများ ကိန်းအောင်းနေသည်ကို ဆန်းစစ်နိုင်ရန် မိမိကိုယ်ကိုယ် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးပမ်းနေရသည်။ ထိုအခြေအနေသည် ထုံဆေးမထည့်ဘဲ ခွဲစိတ်ခံနေရခြင်းနှင့် တူနေလေသည်။
“ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ကျွန်မ ကျော်လွှားနိုင်ပါ့မလား? ကျွန်မအရမ်း နာကျင်ခံစားနေရတယ်။ ဒီအတွက် ဘယ်လိုအကျိုးရလဒ်တွေ ပြန်ရနိုင်မှာလဲ? ဒီကိစ္စတွေကြောင့် ကျွန်မပိုပြီး ရင့်ကျက်လာမှာလား?” ဟု ကြေကွဲငိုယိုနေသော အသံနှင့် လော့လင်း မေးလိုက်သည်။
“နာကျင်မှုမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။” ဟု အဘိုးအိုသည် တည်ငြိမ်စွာ ပြောပြနေသည်။ “တစ်မျိုးက အကြောင်းရင်း မသိဘဲ ရရှိလာတဲ့ နာကျင်မှုမျိုး.. ကိုယ့်ရဲ့ မသိစိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်ပေါ်လာတဲ့ နာကျင်မှုမျိုးပေါ့။ အဲဒီ နာကျင်မှုကို ခံစားရတဲ့အတွက်ကြောင့် တစ်ခြားလူတွေ၊ အရာတွေပေါ် အပြစ်တင်မယ်၊ နာကျင်မှုကို ခုခံမယ်.. ဒီလို နာကျင်မှုမျိုးက ကိုယ့်ကို ရင့်ကျက် လာစေမှာ မဟုတ်ဘူး..” လော့လင်းသည် မျက်ရည်များ ပြည့်လျှံနေသော မျက်ဝန်းမှ အဘိုးအိုကို ကြည့်လိုက်သည်။
“နောက်နာကျင်မှု တစ်မျိုးကျတော့ အသိတရားရှိတဲ့ နာကျင်မှုမျိုးပဲ.. သမီးက ရင်ကွဲမတတ်ခံစားနေရပေမယ့် မရှောင်ပြေးဘူး.. အပြစ်မတင်ဘူး.. ဒီနာကျင်မှု ဖြစ်လာရတဲ့ အကြောင်းရင်းကို ရှာဖွေ ဆန်းစစ်မယ်။ ချစ်ခြင်းမေတ္တာ၊ လက်ခံမှုတွေနဲ့ သမီး ကြုံတွေ့ရတဲ့ နာကျင်မှု ခံစားချက်တွေကို လက်ခံမယ်.. ဒီလို နာကျင်မှုမျိုးက သမီးကို လောကဓံ အကြောင်းတွေ ပိုမိုနားလည်လာစေပြီး ရင့်ကျက်လာအောင် ကူညီပေးနိုင်တယ်။”
“ဒါဆိုကျွန်မဘယ်လိုလုပ်ရမှာလဲ?” လော့လင်းသည် မျှော်လင့်ချက်အသံလေးနှင့် မေးလိုက်သည်။
“သမီးရဲ့ သူငယ်ချင်းနဲ့ အမျိုးသားကို သမီးအခု အရမ်းစိတ်ဆိုးနေလား?” ဟု အဘိုးအိုမှ မေးလိုက်သည်။
“စိတ်ဆိုးရုံမကဘူး.. ကျွန်မသူတို့ကို အရမ်းမုန်းတယ်!” ဟု လော့လင်းသည် လွန်စွာ မုန်းတီးနေသော အသံမာနှင့် ပြောလိုက်လေသည်။
“ဒါဆို မျက်လုံးမှိတ်လိုက်ပြီး သူတို့အပေါ်ဖြစ်နေတဲ့ ဒေါသနဲ့ အမုန်းတွေကို ခံစားကြည့်ပါ..” ဟု အဘိုးအိုသည် စေခိုင်းလိုက်သည်။
လော့လင်းလည်း အဘိုးအို ခိုင်းသကဲ့သို့ မျက်လုံးမှိတ်လိုက်ချိန်တွင် ချန်ယွိမေ၏ ဟန်ဆောင်အပြုံးနှင့် ကျင့်မင်သည် ဆံပင်ရှည် ကောင်မလေးကို ဖက်ထားသော ရုပ်ပုံများ ပေါ်လာသည်။ လော့လင်း၏ တစ်ကိုယ်လုံးသည် ဒေါသကြောင့် တဆတ်ဆတ် တုန်လာသည်။
“သမီး ဒေါသဖြစ်တဲ့ အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းက အခံရခက်ဆုံး ဖြစ်နေလဲ?” ဟု အဘိုးအို မေးလိုက်သည်။
လော့လင်းသည် သူမ၏ အစာအိမ်ကို နှိပ်နှယ်ရင်း “ကျွန်မရဲ့ အစာအိမ်ပါ” ဟု ပြောလိုက်သည်။
အဘိုးအိုသည် ခေါင်းအုံးနှစ်လုံးကို ယူပြီး လော့လင်း၏ရှေ့တွင် ထားလိုက်သည်။ ထို့နောက် လော့လင်းကို .. “သမီးရဲ့ အစာအိမ်မှာ ခံစားနေရတဲ့ နာကျင်မှုနဲ့ ဒေါသကို အပြည့်အ၀ ခံစားလိုက်ပါ။ ဒီခေါင်းအုံးနှစ်လုံးကို သမီးမုန်းတဲ့သူတွေလို့ သတ်မှတ်ပြီး ဒေါသကို အားရပါးရ ပေါက်ကွဲပစ်ရမယ်။” ဟု ပြောလိုက်သည်။
အဘိုး၏ စကားကြောင့် လော့လင်းသည် အံ့အားမှင်သက်သွားသည်။ ခေါင်းအုံးကိုလည်း မထုရဲသောကြောင့် အဘိုးအိုသည် သူမ၏ လက်ကို ကိုင်၍ ခေါင်းအုံးအား ထုပေးခြင်းအားဖြင့် အစပြုပေးလိုက်သည်။
အစပိုင်းတွင် လော့လင်းသည် ဖြည်းညှင်းစွာသာ ထုနေသော်လည်း သူမ၏ သူငယ်ချင်းနှင့် အမျိုးသား ပြုလုပ်ခဲ့သော အကြောင်းအရာများကို ပိုစဉ်းစားမိလေလေ ဒေါသထွက်လေလေ ဖြစ်ပြီး တဖြည်းဖြည်းနှင့် ပြင်းသထက် ပြင်းလာသည်။ နှုတ်မှလည်း .. “နင်တို့ကို မုန်းတယ်.. အရမ်းမုန်းတယ်.. အရှက်မရှိတဲ့သူတွေ.. နင်တို့ကို ငါအရမ်းမုန်းတယ်.. နင်တို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး.. ငါ့ကို ထပ်ခါ ထပ်ခါ လိမ်တယ်..” ဟု အော်ဟစ်ရင်း ခေါင်းအုံးများကို ပြင်းထန်စွာ ထုနေသည်။ မျက်ရည်များသည်လည်း တသွင်သွင် စီးဆင်းနေသည်။
ထိုသို့အားရပါးရ ပေါက်ကွဲနေချိန်တွင် လော့လင်း၏ အမြင်တွင် သူမ၏ မိဘနှစ်ပါးပုံများကို ရုတ်တရက် မြင်လိုက်ရ၍ ခေါင်းအုံးထုနေသော လက်သည်လည်း တွန့်သွားသည်။ “မဝေဖန်နဲ့.. မဟန့်တားနဲ့.. ဒီဒေါသတွေကို လက်ခံရင်ဆိုင်ရမယ်! ဒီစွမ်းအင်တွေ သူ့ဟာသူ ထွက်သွားပါစေ.. မဖိနှိပ်ထားနဲ့..” ဟု အဘိုးအိုသည် ဘေးမှ နေ၍ သတိပေးလိုက်သည်။
လော့လင်းသည် မိမိ၏မသိစိတ်တွင် မိဘနှစ်ပါးကို လွန်စွာ မုန်းတီးနေသည်ကို ယခုမှ သိလာပြီး သူမ၏ ဒေါသများသည် မိဘနှစ်ပါးပေါ်သို့ ကူးစက်သွားလေသည်။ “ရှင်တို့ ကျွန်မကို စွန့်ပစ်ခဲ့တယ်။ ရှင်တို့ကြောင့် ကျွန်မဟာ မိဘမရှိတဲ့ ကလေးဆိုပြီး သူငယ်ချင်းတွေကြားမှာ အားငယ်ခဲ့ရတယ်။ ရှင်တို့ကို ကျွန်မ မုန်းတယ်။ မုန်းတယ်!!!” ဟု ၀မ်းနည်းစွာ အော်ဟစ်ကာ ငိုယိုနေလေသည်။
လော့လင်း၏ ရင်ဘတ်သည် အလွန်အောင့်လာပြီး နာကျင်နေရသည်။ မျက်ရည်၊ နှာရည်များသည်လည်း အဆက်မပြတ် စီးဆင်းနေသည်။ လော့လင်း၏ ယခုပုံစံသည် အရူးသဖွယ် ဖြစ်နေလေသည်။
“ဘာမှမစဉ်းစားနဲ့.. ဖြစ်နေတဲ့ ခံစားချက်တွေကို ရင်ဆိုင်လိုက်ပါ.. သမီး နှစ်ပေါင်းမြောက်များစွာ ဖိနှိပ်ထားခဲ့တဲ့ ဒေါသနဲ့ ၀မ်းနည်းမှုတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ လက်ခံလိုက်ပါ။” ဟု အဘိုးအိုသည် ဘေးမှနေ၍ ထပ်မံ သတိပေးလိုက်သည်။
အဘိုးအို၏ စကားကြောင့် လော့လင်း၏ လျော့သွားသော အရှိန်သည် ပြန်တက်လာပြီး နှစ်ပေါင်းမြောက်များစွာ ဖိနှိပ်ထားခဲ့သော ဒေါသနှင့် နာကျင်မှုများကို ဆက်၍ ပေါက်ကွဲနေလေသည်။ လော့လင်း၏ ထုနှက်ဒဏ်များကြောင့် ခေါင်းအုံးနှစ်လုံးသည်လည်း ပြဲလုခါနီး ဖြစ်နေပြီး မျက်ရည်၊ နှာရည်များနှင့် စိုရွဲနေပါပြီ။
အချိန် အတော်ကြာပြီးနောက် လော့လင်း၏ ပုံစံသည် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ကဲ့သို့ပင် ဆံပင်များ ရှုပ်ထွေးနေပြီး မျက်လုံးများသည်လည်း နီရဲမို့အိနေသည်။ မျက်နှာပေါ်တွင် လိမ်းခြယ်ထားသော မိတ်ကပ်များသည်လည်း ပျက်ကုန်ပြီ။ ယခုလိုရုပ်နှင့် လော့လင်း အပြင်ထွက်သွားပါက မြင်သူတိုင်း လန့်သွားနိုင်ပါသည်။
အဘိုးအိုသည် လော့လင်းကို မျက်ရည်များ သုတ်နိုင်ရန် တစ်ရူးဘူး လှမ်းပေးလိုက်ရင်း.. “ဘယ်လိုနေလဲ?” ဟု မေးလိုက်သည်။
အသက်ကို တ၀ကြီး ရှူလိုက်ပြီးနောက် လော့လင်း၏ ရင်ဘတ်သည် နေသာထိုင်သာ ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ အစာအိမ်ရှိ နာကျင်မှု အလုံးခဲကြီးကိုလည်း မခံစားရတော့ပါ။ “တော်တော်လေး နေလို့ထိုင်လို့ ကောင်းသွားပါပြီ” ဟု လော့လင်းသည် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
အဘိုးအိုသည် လော့လင်းကို ခဏလောက် အချိန်ထပ်ပေးလိုက်ပြီးနောက်.. “သမီးရဲ့ ရင်ထဲမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ ခံစားချက်တွေဟာ အမှောင်ထု စွမ်းအင်တွေနဲ့ တူတယ်။ အဲ့ဒီ အမှောင်ထုကို ချစ်ခြင်းမေတ္တာ အလင်းတန်းတွေနဲ့မှ ဖြိုခွင်းပစ်လို့ ရမှာပါ..” ဟု ပြောလိုက်သည်။
“ဒါပေမယ့်..” လော့လင်းသည် ယုံကြည်မှု မရှိသောအသံနှင့်.. “ကျွန်မ မနက်ဖြန်ကျရင် အဲ့ဒီ ကိစ္စတွေနဲ့ ရင်ဆိုင် ရအုံးမှာလေ!” ဟု ပြောလိုက်သည်။
“အင်း.. မှန်ပါတယ်။ သမီးကို ‘အရှုံးပေး လက်ခံ’ ရမယ့် အကြောင်း သင်ပေးဖို့ အချိန်တန်ပါပြီ..” ဟု အဘိုးအိုသည် လေးလေးနက်နက် ပြောလိုက်သည်။
“အရှုံးပေး လက်ခံရမယ်? ချန်ယွိမေနဲ့ ကျင့်မင်တို့နှစ်ယောက်ကို ကျွန်မက အရှုံးပေး လက်ခံပေးရမယ်? ဟုတ်လား?” ဟု ပြောရင်း လော့လင်း၏ မျက်ခုံးများ မြှင့်တက်သွားသည်။
“လူတွေကို အရှုံးပေး လက်ခံရမှာကို ဆိုလိုတာ မဟုတ်ဘူး.. ဖြစ်ပေါ်လာတဲ့ကိစ္စ (What is..) တွေကို အရှုံးပေး လက်ခံတာကို ပြောတာပါ။” ဟု အဘိုးအိုသည် စိတ်ရှည်စွာ ရှင်းပြနေသည်။
“ဒါ.. ဒါပေမယ့်.. ချန်ယွိမေ လုပ်ထားတဲ့အလုပ်နဲ့ ကျင့်မင်က ကျွန်မနဲ့ ကွာရှင်းတော့မယ့် ကိစ္စတွေကို ကျွန်မက ဘယ်လိုလုပ်ပြီး အရှုံးပေးလက်ခံနိုင်မှာလဲ?” ဟု လော့လင်းသည် နားမလည်နိုင်စွာနှင့် ပြန်မေးလိုက်သည်။
“ဒါပေမယ့် ဒီကိစ္စတွေအားလုံးဟာ ဖြစ်ပြီးသွားပြီလေ.. အရှုံးပေးဖို့ကလွဲပြီး သမီး ဘာလုပ်နိုင်အုံးမှာလဲ?”
“အဘိုးရဲ့ အဓိပ္ပာယ်က ကျွန်မကို ဘာမှပြန်မပြောဖို့နဲ့ ဘာမှပြန်မလုပ်ဘဲ သူများ လုပ်တိုင်း ခံနေရမှာပေါ့? ဒါဆိုကျွန်မရဲ့ ရင်ထဲ ဘယ်လိုလုပ် ခံသာမှာလဲ?” ဟု လော့လင်းသည် မကျေနပ်စွာ ပြောလိုက်သည်။
“သမီးရဲ့ စိတ်မှာ အရင်ဆုံး ဖြစ်ပြီးသား ကိစ္စတွေကို လက်ခံနိုင်ရမယ်။ ချန်ယွိမေက သမီးကို နောက်ကျောဓားနဲ့ ထိုးခဲ့တယ် ဆိုတဲ့ အဖြစ်ကို သမီးက လက်မခံနိုင်ဘဲ စိတ်ဆိုးနေမယ် ဆိုရင်တောင် အဲ့ဒီကိစ္စကို သမီး ပြောင်းလဲလို့မှ မရနိုင်တော့တာ။ ဒါတွေက ဖြစ်ပြီးသွားပြီလေ..” အဘိုးသည် လော့လင်းနားလည်နိုင်အောင် ထပ်မံ ရှင်းပြနေသည်။ သို့သော် လော့လင်းသည် အဘိုးပြောသည်ကို လက်မခံနိုင်စွာနှင့် သက်ပြင်းရှည်ကြီးတစ်ခုသာ ချလိုက်သည်။
အဘိုးအိုသည် ဆက်၍.. “အရင်ဆုံး ဖြစ်ပြီးသား ကိစ္စကို လက်ခံပြီးသွားရင် သမီးက ချန်ယွိမေကို ခွင့်လွှတ်ပြီး သူနဲ့ သူငယ်ချင်း ဆက်လုပ်မှာလား၊ ဝေးဝေး ရှောင်နေမှာလား ဆိုတာကို ရွေးချယ်လို့ရတယ်။ သမီးရဲ့ နောက်ဆက်တွဲ ရွေးချယ်မှုက ဘယ်လိုပဲ ဖြစ်ဖြစ် သူက သမီးကို ချောက်တွန်းခဲ့တယ် ဆိုတဲ့ကိစ္စကို သမီး အရှုံးပေး လက်ခံနိုင်ရမယ်” ဟု ဖြည့်စွက် ပြောလိုက်သည်။
“ဘာကြောင့်လဲ?” အရှုံးပေး လက်ခံရမည် ဆိုသော စကားလုံးကို ကြားရတိုင်း လော့လင်း မခံချင်ဖြစ်နေသည်။
“ဘာကြောင့်လဲဆိုတော့ ပြီးသွားတဲ့ကိစ္စက ပြောင်းလဲလို့မှ မရတော့တာ.. သမီးက အဲ့ကိစ္စကို လက်မခံနိုင်ရင် ကိုယ့်ခေါင်းကို နံရံနဲ့ဆောင့်နေတဲ့ အဖြစ်နဲ့ တူတယ်။ သမီးပဲ အနာရပြီး ကိစ္စတွေကတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး..”
အဘိုးအိုသည် ခေါင်းခါလိုက်ရင်း.. “လူတွေနာကျင်ရတဲ့ အဓိက အကြောင်းရင်းက ဖြစ်ရပ်မှန်ကို လက်မခံနိုင်ဘဲ လွန်ဆန်ချင်လို့ပဲ..” ဟု ပြောလိုက်သည်။
“ဒါဆို ချန်ယွိမေကို ကျွန်မက အနိုင်ပေးရတော့မှာပေါ့?” ဟု လော့လင်းသည် ခုချိန်ထိ မကျေနပ်စွာ ပြောနေသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး သူဌေးတွေကို ရှင်းပြဖို့ သမီး လုပ်နိုင်တယ်လေ။ သမီး ရှင်းပြလိုက်တာတောင် သူဌေးတွေက လက်မခံရင် နောက်နှစ်မှာ ပိုကောင်းအောင် ကြိုးစားလို့ ရတယ်လေ။ ဒါမှမဟုတ် ဒီလုပ်ငန်းခွင်က မတရားဘူးလို့ထင်ရင် နောက်အလုပ် ပြောင်းလိုက်လို့ရတယ်လေ။ သမီးရဲ့ နောက်ဆက်တွဲ ရွေးချယ်မှုက ဘယ်လိုပဲ ဖြစ်နေပါစေ.. ဖြစ်ပြီးသား ကိစ္စတွေကို အခဲမကျေနိုင်ဘဲ မကောင်းတဲ့ စိတ်ခံစားချက်တွေ ပါနေဖို့မှ မလိုတာ” ဟု အဘိုးအိုသည် လော့လင်းကို အမြင်မှန်ရအောင် ဆက်လက် ပြောပြနေသည်။
နောက်ဆုံးတွင် “မှန်ပါတယ်လေ.. နောက်ပိုင်းကိစ္စတွေကို ရှင်းဖို့ဆိုရင် အမြင်စောင်းပြီး စိတ်ခံစားချက်တွေကို အရမ်း အလေးထားနေမယ်ဆိုရင် အမှားများတတ်ပါတယ်” ဟု ဆိုရင်း လော့လင်းသည် လက်ခံနိုင်သလိုလို ရှိလာသည်။
“ကောင်းတယ်..” ဟု အဘိုးအိုသည် ချီးကျုးလိုက်ပြီး လေးနက်စွာနှင့်.. “အရှုံးပေး လက်ခံခြင်းရဲ့ ပထမဆုံး ခြေလှမ်းက ကိုယ့်ရဲ့ မခံချင်ဘဲ လွန်ဆန်နေတဲ့ စိတ်ကို သိရမယ်။ ပြီးတော့ ဖြစ်ပြီးသား ကိစ္စအပေါ် ကိုယ့်ရဲ့ လွန်ဆန်မှုက ဘာမှ အရေးပါ အရာရောက်မှာ မဟုတ်ဘူး ဆိုတာကို နားလည်ရမယ်။ ဖြစ်ပြီးသား ကိစ္စတွေကို လက်ခံလိုက်ပြီး အဲ့ဒီအပေါ် စိတ်ခံစားချက်တွေ နစ်မျှောမနေစေဘဲ ရှေ့ဆက်ဖြစ်လာမယ့် ကိစ္စတွေအတွက် ဘာလုပ်မှာလည်း ဆိုတာ သေချာ ရွေးချယ်ရမယ်။ ဖြစ်သမျှ အကြောင်းဟာ ဘ၀က ကိုယ့်ကို ရင့်ကျက်လာနိုင်ဖို့ သင်ခန်းစာ ပေးလိုက်တယ်လို့ပဲ မှတ်ယူထားလိုက်ပါ။ သမီးကော ဘ၀က ပေးလိုက်တဲ့ ဒီသင်ခန်းစာတွေကို ကျော်လွန် နိုင်မှာလား?” ဟု လော့လင်းကို မေးလိုက်သည်။
“ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်!” လော့လင်းသည် အားတင်းလိုက်ပြီး.. “ဘ၀က ကျွန်မကို ဒီလောက် ကြီးမားတဲ့ ဒဏ်ရာတွေ ပေးလိုက်ပြီ။ အဲ့ဒီဒဏ်ရာတွေအပေါ် ကျွန်မ ဆားထပ်မဖြူးတော့ပါဘူး။ ဒဏ်ရာတွေ တဖြည်းဖြည်း သက်သာလာအောင် ကျွန်မ ကြိုးစားပြီး ကျွန်မရဲ့ စိတ်ကိုပြန်လည် ရွှင်လန်းလာအောင် လုပ်ပါ့မယ်” ဟု အဘိုးအိုကို ကတိပေးလိုက်ပြီး ပြဿနာများကို ရင်ဆိုင်ရန်စိတ်နှင့် အဘိုးအို၏ အိမ်မှ ပြန်ထွက်လာခဲ့လေသည်။
လော့လင်းသည် စိတ်ကိုပြင်ဆင်လိုက်ပြီး အားတင်းကာ ကုမ္ပဏီထဲ လှမ်းဝင်လိုက်လေသည်။ လုပ်ဖော်ကိုင်ဖက် တစ်ချို့သည် သူမကို သနားသော အကြည့်နှင့် ကြည့်နေသော်လည်း တစ်ချို့သည်မူ ဒုက္ခရောက်သည်ကို ပျော်နေသော အကြည့်နှင့် ကြည့်နေကြသည်ဟု လော့လင်း ခံစားလိုက်ရသည်။ ထိုသူတို့၏ အကြည့်ကို လော့လင်း မမှုနိုင်သေးပါ။ မည်သူ့ကိုမျှ မကြည့်ဘဲ မိမိ၏ နေရာကိုသာ တန်းသွားလိုက်သည်။ ဘေးခုံတွင် ထိုင်နေသော ချန်ယွိမေကို ကြည့်လိုက်သော် လော့လင်းကို မမြင်ချင် ဟန်ဆောင်ပြီး စာရိုက်နေသည်ကို တွေ့လိုက်ရသည်။
ချန်ယွိမေကို မြင်သည်နှင့် လော့လင်းသည် အဘိုးအို၏ စကားသံကို ပြန်ကြားယောင်လာသည်။ “ဖြစ်ပြီးသား ကိစ္စကို အရှုံးပေး လက်ခံရမယ်။ ဘာကြောင့်လဲဆိုတော့ ဘာပဲလုပ်လုပ် ဖြစ်ပြီးသားကိစ္စကို ပြန်ပြင်လို့ရမှာ မဟုတ်ဘူး..” ထို့ကြောင့် လော့လင်းသည် ချန်ယွိမေက မိမိကို ချောက်တွန်းခဲ့သည့် ဖြစ်ရပ်ကို လက်ခံလိုက်သည်။ သို့သော် နောက်နောင်တွင် ချန်ယွိမေကို ဝေးဝေးရှောင် နေတော့မည်ဟု စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။
ခေါက်ဆွဲဆိုင် ပိုင်ရှင် အဒေါ်ကြီးသည် သူမ၏ ယောက်ျားကို ခွင့်လွှတ်နိုင်သကဲ့သို့ ချန်ယွိမေကို ခွင့်လွှတ်ရန် လော့လင်း သဘောထား မကြီးနိုင်သေးပါ။ ချန်ယွိမေသည် မိမိကို ဘ၀ သင်ခန်းစာ သင်ယူနိုင်ရန် လာရောက် ကူညီပေးသောသူ ဖြစ်သည်ကို လော့လင်း သိပါသည်။ သို့သော် ချန်ယွိမေ မိမိအပေါ် လုပ်ခဲ့သည့်ကိစ္စကို စဉ်းစားမိတိုင်း အခဲမကျေနိုင်သေး၍ ခွင့်မလွှတ်နိုင်သေးပါ။ ချန်ယွိမေဖက်မှ နေ၍ ကြည့်မည်ဆိုလျှင်လည်း သူမသည် ရာထူးတက်ချင်လွန်း၍ သူငယ်ချင်းကောင်းကိုပင် သစ္စာဖောက်သည်ထိ ပြုလုပ်ခဲ့ရသည်ကို စဉ်းစားမိလျှင် လော့လင်းသည် ချန်ယွိမေကို သနားသလိုလိုပင် ဖြစ်လာသည်။
လော့လင်းသည် ချန်ယွိမေနှင့် ဖြစ်သောပြဿနာကို သိပ်မမှုနိုင်သေးသည့် နောက်အကြောင်းရင်းတစ်ခုမှာ သူမနှင့် ကျင့်မင်၏ ကိစ္စကို အာရုံစိုက်ပြီး ဖြေရှင်းချင်သောကြောင့် ဖြစ်သည်။ ကျင့်မင် ဖောက်ပြန်နေသည့် ဖြစ်ရပ်ကိုလည်း လက်ခံနိုင်အောင် လော့လင်း ကြိုးပမ်းရအုံးမည်။
ကျင့်မင် ဖောက်ပြန်ခြင်းသည် လော့လင်းကို စိုးရိမ်ပူပန်မှု ဖြစ်စေပြီး အတွေးပိုလာစေသည်။ ထို့ကြောင့် ပြဿနာဖြစ်စေသည့် အကြောင်းရင်းများကို စဉ်းစားကြည့်နေသည်။ (၁) မိမိသည် အမှားတစ်ခုခု (သို့) ကျင့်မင် မကြိုက်သောအရာ တစ်ခုခု လုပ်ထား၍ ကျင့်မင်သည် တစ်ခြား အသစ်တစ်ယောက်ကို ရှာရခြင်း ဖြစ်နိုင်သည်။ (၂) မိမိသည် အမြဲလိုလို ရှေ့ရေးအတွက် တွေးပြီး စိုးရိမ်ပူပန် နေတတ်သည်။ ဘ၀ထဲတွင် ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်လာမည်ကိုလည်း ကြောက်ရွံ့နေတတ်သည်။ (၃) ကျင့်မင်ကို မိမိ ချစ်နေသေးလား ဆိုသည်ကို လော့လင်း ရေရေရာရာ မသိတော့ပါ။ အိမ်ထောင် သက်တမ်း ကြာသွားသောကြောင့်သာ သံယောဇဉ်များ ရှိနေပြီး ကျင့်မင်ကို မိမိဘ၀၏ တစ်စိတ်တစ်ပိုင်း အဖြစ် သတ်မှတ်ထားတာတော့ အမှန်ပါ။ ထိုတစ်စိတ်တစ်ပိုင်းကို ယခုချိန်မှ ခွဲထုတ်ရမည်ဆိုပါက ထင်ထားသည်ထက် လွန်စွာ ခက်ခဲနေပါပြီ။
ပြဿနာ ဖြစ်ပြီး နောက်ပိုင်း လော့လင်းသည် အကောင်းဘက် မတွေးနိုင်တော့ပါ။ “ငါ့ဘ၀က ဒီလောက်တောင် ဆိုးရလား? အဲဒီ မိန်းကလေးက ဘာကောင်းလို့လဲ? ကိုယ့်ယောက်ျားတောင် ကိုယ်နိုင်အောင် မထိန်းနိုင်ဘူးဆိုတော့ ငါကတော်တော်တုံးတဲ့ မိန်းမပါလား..” အစရှိသည့် အတွေးများသည် သူမ၏ ခေါင်းတွင် တားမနိုင် ဆီးမရ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြီး သူမကို နှိပ်စက်နေသည်။
စာအုပ်ထဲတွင် ဖတ်ဖူးသော ရေနှင့် စမ်းသပ်ချက်၊ ထမင်းနှင့် စမ်းသပ်ချက် စသည်တို့တွင် ဖော်ပြထားသကဲ့သို့ မကောင်းသော အတွေးအခေါ်များသည် ပြဿနာကို ပိုမို ကြီးထွားအောင်သာ လုပ်ပေးလိမ့်မည်ကို လော့လင်း သိနေသော်လည်း သူမ၏ အတွေးအခေါ်များကို ရပ်တန့်၍ မရနိုင် ဖြစ်နေသည်။
သို့သော် အဘိုးအို၏ ခံယူချက်မှာ အပူများများ ပေးခံရသော ရွှေသည် ပိုမို တောက်ပလာသကဲ့သို့ လူသည်လည်း အခက်အခဲ ပြဿနာ များများ ကြုံတွေ့ဖူးမှသာ ပိုမို ရင့်ကျက် တည်ငြိမ်လာမည်ဖြစ်သည်။
ထို့အပြင် လူ့ဘ၀တွင် ကြုံတွေ့ရသော ကိစ္စတိုင်းသည် သေချာစွာ ထုပ်ပိုးထားသော လက်ဆောင်များ ဖြစ်ကြပါသည်။ သို့သော် တစ်ချို့လက်ဆောင်များ၏ ထုပ်ပိုးထားမှုပုံစံသည် ရုပ်ဆိုးအကျည်းတန်လှပါသည်။ မိမိသာ ထိုအကျည်းတန်သော ထုပ်ပိုးထားမှုပုံစံကို လက်ခံပြီး စိတ်ရှည်စွာနှင့် တစ်လွှာချင်း ဖြည်လိုက်မည်ဆိုပါက အတွင်းတွင် လှပသော လက်ဆောင်များကို တွေ့ရမည် ဖြစ်ပါသည်။
အဘိုးအို၏ စကားတိုင်းကို လော့လင်း လက်ခံနိုင်ခြင်း မရှိသေးသော်လည်း အဘိုးအိုကို ယုံကြည်ပြီး စိတ်ရှည်စွာ စောင့်ကြည့်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
“မန်နေဂျာလီ.. သူဌေးခေါ်နေတယ်” ဟု ၀န်ထမ်းတစ်ယောက်မှ ပြောသံ ကြားလိုက်ရသောအခါ လော့လင်းသည် အံ့အားသင့်သွားပြီး မည်သည့် အကြောင်းကြောင့်နည်း? သူဌေးဆုံးဖြတ်ချက် ပြောင်းသွား၍လား? စသဖြင့် အမျိုးမျိုး တွေးနေမိသည်။
သူဌေးဝမ်လီ့၏ ရုံးခန်းတွင် ထိုင်လိုက်သည်နှင့် သူဌေးမှ စ၍ “မနေ့က အကို သေချာစဉ်းစားလိုက်တယ်။ ညီမကို ပထမဆု မပေးရင် တော်တော်လေး တရားမမျှတပါဘူး။ ဒါကြောင့် မနေ့က အကို မန်းနေးဂျင်း ဒါရိုက်တာနဲ့ သွားပြီး တော်တော်လေး ငြင်းခုန်လိုက်ပြီးတဲ့နောက်မှာ ချန်ယွိမေနဲ့ ညီမတို့ နှစ်ယောက်စလုံးကို ပထမဆု ချီးမြှင့်ပေးဖို့ သဘောတူလိုက်တယ်။ အကိုတို့ ဌာနလည်း ဒီနှစ်အတွင်း ကုန်ပစ္စည်းအသစ်တွေ ဈေးကွက်ပေါ် တင်နိုင်ခဲ့တယ်လေ။ အားလုံး ပင်ပန်းတဲ့အတွက် ဆုတွေရသင့်တာပေါ့..” ဟု လော့လင်းကို အားပေးသည့် အကြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။
သူဌေး၏ ဂရုစိုက်မှုကို သိလိုက်ရသောအခါ လော့လင်းသည် ပီတိကြောင့် မျက်ရည်များ ၀ဲလာပြီး.. “ကျေးဇူးတင်ပါတယ်” ဟု တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။
သူဌေးဝမ်လီ့သည် လော့လင်း၏ ပုခုံးကို ပုတ်ပြီး.. “ဆက်ကြိုးစားပါ ညီမ.. ကိစ္စအသေးအမွှားကြောင့်နဲ့ မယိုင်သွားစေနဲ့!” ဟု အားပေးလိုက်သည်။
ရုံးခန်းတွင် ဆက်၍ ထိုင်နေမည်ဆိုပါက မိမိကိုယ်ကိုယ် မထိန်းနိုင်ဘဲ ငိုမိတော့မည်ကို သိ၍ လော့လင်းသည် ကမန်းကတန်းထွက်လာပြီး အိမ်သာသို့သွားကာ အားပါးတရ ငိုနေလေတော့သည်။ သူဌေး၏ အမှတ်မထင် ပြောလိုက်သော စကားသည် လော့လင်းအတွက် ယခုကြုံတွေ့နေရသော အလုပ်နှင့် အိမ်ထောင်ရေး ပြဿနာများကို ရင်ဆိုင်နိုင်ရန် များစွာ ခွန်အားရရှိသွားစေပါသည်။
မိမိ၏ စားပွဲခုံသို့ ပြန်ထိုင်လိုက်သောအခါ ရုံးသို့ဝင်လာချိန် လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်ကို အဓိပ္ပာယ်ဖော်ခဲ့ပုံကို ပြန်လည် စဉ်းစားမိသည်။ လော့လင်းလည်း ပထမဆုရမည်ကို အားလုံး ကြိုသိနှင့်နေလောက်ပြီ။ (ဤကဲ့သို့ သတင်းသည် ရုံးတွင်း၌ အလွန်ပြန့်လွယ်သည်။) ထို့ကြောင့် လော့လင်း ၀င်လာချိန်တွင် တွေ့လိုက်သော သနားသော အကြည့်၊ ဒုက္ခရောက်၍ ၀မ်းသာနေသော အကြည့် စသည်တို့သည် လော့လင်း၏ အထင်အမြင်များသာ ဖြစ်နေသည်။ အမှန်တကယ် မဟုတ်ပါ။
“လူတွေရဲ့ ဦးနှောက်က တော်တော် လှည့်စားတတ်တာပဲ.. သူမြင်ချင်တဲ့ အရာကိုပဲ မြင်နေပြီး ဖြစ်ရပ်မှန်က ဘာလဲဆိုတာကို မစဉ်းစားတတ်တော့ပါလား..” ဟု တွေးမိပြီး မိမိ၏ အတွေးများကိုပင် လန့်သလိုလို ဖြစ်လာသည်။
ညနေ အိမ်ပြန်ရောက်ချိန်တွင် ကျင့်မင် ကြိုရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။ ပြောစရာစကား ရှာမရ၍ “စားပြီးပြီလား?” ဟုသာ လော့လင်း ညင်သာစွာ မေးလိုက်သည်။
“စားပြီးပြီ” ဟု ကျင့်မင်သည် ချက်ချင်းပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ လော့လင်းသည် “ဟိုကောင်မနဲ့ စားခဲ့တာမဟုတ်လား?” ဟု မေးလိုက်ချင်သော်လည်း မိမိ၏ စိတ်ကို ထိန်းကာ မီးဖိုချောင်ထဲသာ ၀င်သွားပြီး ခေါက်ဆွဲပြုတ်စားလိုက်သည်။
လော့လင်း၏ ယခုကဲ့သို့ ပြဿနာမရှာ၊ ရန်မရှာဘဲ ငြိမ်သက်နေခြင်းသည် ကျင့်မင်ကို ပိုမို စိုးရိမ်စေသည်။ လော့လင်းသည် မိမိ၏ ကျောင်းသို့သွားပြီး တစ်ခြား ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများရှေ့တွင် မိမိအား ပြဿနာရှာမည်ကိုလည်း ပူပန်နေရသည်။
အမှန်တွင် လော့လင်းသည် နောက်တစ်ဆင့် ဘာဆက်လုပ်ရမည်ကို တကယ်မသိတော့၍ ဘာမှ မပြောဘဲ ငြိမ်နေခြင်း ဖြစ်ပါသည်။ သို့သော် လော့လင်း၏ ငြိမ်သက်ခြင်းသည် တကယ် ငြိမ်သက်ခြင်းလား (သို့) မုန်တိုင်းမထန်ခင် ငြိမ်သက်ခြင်းမျိုးလားကို ကျင့်မင် မခွဲခြားနိုင်ပါ။ ထို့ကြောင့် ကျင့်မင်သည် လော့လင်းကို အတတ်နိုင်ဆုံး ဝေးဝေး ရှောင်နေလို၍ ပြဿနာဖြစ်သည့်နေ့မှ စ၍ ဧည့်သည်အတွက် ပြင်ဆင်ထားသော အိပ်ခန်းတွင်သာ အနေများပါသည်။
ညနေစာ စားပြီးသည်နှင့် လော့လင်းသည် အိပ်ရာစောစော ၀င်လိုက်သည်။ လော့လင်း အိပ်ရာ ၀င်ပြီးနောက်ပိုင်း ကျင့်မင်သည် ဧည့်သည်အိပ်ခန်းမှ ထွက်လာပြီး ဧည့်ခန်းတွင် ရုပ်ရှင် ကြည့်နေသံကို ကြားလိုက်သည်။ ထို့နောက် ရေမိုးချိုးသံကြားလိုက်ပြီးနောက် ကျင့်မင်သည် ဧည့်သည်အိပ်ခန်းတွင်သာ ပြန်လည်ဝင်သွားပြီး တံခါးပိတ်သံကို ကြားလိုက်ရသည်။
ကျင့်မင်သည် မိမိ၏ အိပ်ခန်းသို့ ခြေဦးလှည့်လာနိုး မျှော်လင့်ချက်နှင့် ကျင့်မင်၏ခြေသံများကို လော့လင်း နားစွင့်နေမိလေသည်။ သို့သော် တစ်ဖက်ခန်းတွင် ပိတ်လိုက်သော တံခါးသံကို ကြားလိုက်သောအခါ မျှော်လင့်ချက် မရှိတော့ကြောင်း သိလိုက်ရလေသည်။ အေးစက် အထီးကျန်ဆန်သော ညအမှောင်ထဲတွင် မျက်ရည်များသည်သာ လော့လင်းကို အဖော်ပြုနေလေတော့သည်။
နွေးထွေးသော နေရာလေးသည် လူကို အထူးသတိပြန်ရစေတတ်ပါသည်။ အထူးသဖြင့် စိတ်ထိခိုက် အထီးကျန်သူများအတွက် ပိုပြီး တမ်းတစေနိုင်သောကြောင့် လော့လင်းသည် အဘိုးအို၏ အိမ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။
အဘိုးအိမ်သို့ လာရာလမ်းတွင် ယာဉ်တိုက်မှု ဖြစ်နေသောကြောင့် ယာဉ်လမ်းကြော တော်တော် ကြပ်လေသည်။ လော့လင်းသည် အဘိုးအိုနှင့် တွေ့ချင်ဇောနှင့် စိတ်အလျင်လိုနေသော်လည်း.. “ယာဉ်ကြောပိတ်တာ ဘယ်သူရဲ့ ကိစ္စလဲ?” ဟု မိမိကိုယ်ကိုယ် ပြန်မေးလိုက်သည်။ “ဘုရားရဲ့ ကိစ္စလေ..” ဟု အဘိုးအိုသည် ပြုံးပြီး ပြောနေသော ရုပ်ကို ပြန်မြင်ယောင်လာသည်။
“ဟုတ်သားပဲ.. ဘုရားရဲ့ ကိစ္စကို ငါက ဘာလုပ်နိုင်မှာလဲ?”
“ဘာမှ မလုပ်နိုင်ဘူး..”
“ဘာမှ မလုပ်နိုင်ရင် ဘယ်လို လုပ်ရမှာလဲ?”
“အရှုံးပေးလက်ခံရုံပဲပေါ့..” ဟု လော့လင်းတစ်ယောက် မိမိကိုယ်မိမိ မေးလိုက်ဖြေလိုက် လုပ်နေပြီး ရယ်နေလေသည်။ မှန်ပါသည်.. ယခုကဲ့သို့ ယာဉ်ကြောပိတ်ချိန်တွင် အရှုံးပေးလက်ခံခြင်းမှလွဲ၍ စိတ်လောခြင်း၊ မြည်တွန်တောက်တီးခြင်း၊ အစရှိသည့် အပြုအမူများသည် ယာဉ်ကြောကြပ် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် မိမိကိုယ်တိုင်လည်း စိတ်ဆင်းရဲရသည်။ ထို့ကြောင့် လော့လင်းသည် ယာဉ်ထိန်းရဲများ ရှင်းပြီးသည်အထိ ကားထဲတွင် သီချင်းနားထောင်ပြီး အေးဆေးထိုင်စောင့်နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့ ဆုံးဖြတ်လိုက်ချိန်တွင် လော့လင်း၏ မျက်ထောင့်မှ လမ်းငယ်လေးတစ်ခုကို တွေ့သွား၍ ထိုင်ပြီး စောင့်နေမည့်အစား လမ်းငယ်လေးကို စူးစမ်းကြည့်လိုက်အုံးမည်ဟု တွေးကာ လမ်းငယ်လေးထဲသို့ ကားလေးကို ကွေ့ဝင်လိုက်သည်။
ထိုလမ်းငယ်လေးသို့ လော့လင်း တစ်ခါမှ မသွားဖူးသော်လည်း မှုမနေတော့ဘဲ လမ်းငယ်လေးအတိုင်း မောင်းလာလိုက်ရာ နောက်ဆုံးတွင် ကားလမ်းမပေါ် ပြန်ရောက်လာပြီး အဘိုးအို၏ အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။
အဘိုးအို၏ အိမ်ထဲ ရောက်သည်နှင့် လော့လင်းသည် ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းချက်များကို ကျော်လွန်ပြီး မိမိအား ပထမဆုပေးရန် ပြန်သတ်မှတ်ပေးခဲ့ပုံနှင့် မိမိ အလာလမ်းတွင် ကြုံတွေ့ခဲ့ရသော ယာဉ်ကြောကြပ် ပြဿနာကိုလည်း စိတ်လျော့အရှုံးပေးလက်ခံလိုက်သောအခါ လမ်းငယ်လေးကို သတိထားမိသွားပုံ စသည့် အကြောင်းအရာများကို အဘိုးအိုအား အားတက်သရော ပြန်လည် ပြောပြနေလေသည်။
အဘိုးအိုသည် လော့လင်း ပြောပြနေသည်များကို စိတ်ဝင်တစား နားထောင်နေပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ပြနေသည်။ “အရှုံးပေးလက်ခံခြင်းရဲ့ ကောင်းကျိုးက သမီးကို ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာ အားအင်အကုန်ခံပြီး ဆန့်ကျင်မနေစေတော့ဘဲ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို လက်ခံနိုင်တဲ့အတွက် သမီး တွေးထင်မထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်တယ်။ တဖြည်းဖြည်းနဲ့ သမီးက ဖြစ်ပျက်ပြီးတဲ့ ကိစ္စတွေကို ဆန့်ကျင်ပြီး တိုက်ခိုက်နေတာတွေဟာ အလကား အချိန်ကုန် လူပင်ပန်းတယ်ဆိုတာ သိလာလိမ့်မယ်။ သမီးရဲ့ အာရုံတွေဟာ တစ်ခြားကိစ္စတွေ တွေးပြီး စိတ်ညစ်နေတာ မဟုတ်တော့ဘဲ လက်ရှိ ဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်မှာပဲရှိနေတဲ့အတွက် တခါတလေမှာ ကိုယ်ထင်ထားတာထက် ပိုကောင်းတဲ့ ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို တွေ့ရလိမ့်မယ်။”
အဘိုးအိုသည် ကြမ်းပြင်ပေါ်တွင် ရေးဆွဲထားသော စက်ဝိုင်းပေါ်တွင် ‘အရှုံးပေးလက်ခံခြင်း’ ဟူသော စာလုံးကို ထပ်မံ ဖြည့်စွက်ရင်း .. “ဒါကြောင့် စိတ်ခံစားချက်တွေရဲ့ ပိတ်ပင်တားဆီးမှုတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အရေးကြီးဆုံးက အရှုံးပေးလက်ခံခြင်းပါပဲ..” ဟု ပြောလိုက်သည်။
လော့လင်းသည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမကိုယ်တိုင်သည် ယခုချိန်ထိ အိမ်ထောင်ရေးတွင် ဖြစ်ပျက်နေသော ပြောင်းလဲမှုကို လက်မခံနိုင်သေးပါ။ မခံချင်သော စိတ်ကြောင့်လား၊ ကျင့်မင်ကို မခွဲနိုင်သေးသော စိတ်ကြောင့်လား ဆိုသည်ကို သူမကိုယ်တိုင် ရှင်းရှင်းလင်းလင်း မသိပါ။ ဘ၀မှ ပေးလိုက်သော ဤသင်ခန်းစာသည် အလွန်နာကျင်ဖွယ်ကောင်းသော သင်ခန်းစာ တစ်ရပ်ဖြစ်နေသည်။
“သမီး ဒီရက်ပိုင်း ဘယ်လို နေသေးလဲ?” ဟု အဘိုးအိုသည် ဂရုစိုက်စွာ မေးလိုက်သည်။
“ကျွန်မရဲ့ အရင်ယောက်ျား.. ဟုတ်ပေါင်.. ကျွန်မရဲ့ ယောက်ျား….” လော့လင်း၏ နှုတ်မှ ကျင့်မင်ကို ‘အရင်ယောက်ျား’ဟု သတိမထားမိဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။ သူမ၏ မသိစိတ်တွင် ကျင့်မင် ဖောက်ပြန်နေသည့် ကိစ္စကို လက်ခံပြီးနေပြီ ဖြစ်သောကြောင့်လား?
“အခုချိန်ထိတော့ ကျင့်မင်က ကျွန်မနဲ့ ထိုင်ပြီး ကောင်းကောင်း မဆွေးနွေးရသေးဘူး။ ကျွန်မက ပြဿနာရှာမှာကို စိုးရိမ်နေလို့ ထင်ပါတယ်။”
အဘိုးအိုသည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်.. “စကားမစပ် သမီး ဒီရက်ပိုင်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်သေးလား?” ဟု မေးလိုက်သည်။ လော့လင်းလည်း ရုတ်တရက် ပြန်မဖြေနိုင်ပါ။ အတော်ကြာ စဉ်းစားပြီးမှ ပြဿနာ ဖြစ်သည့်နေ့၏ ညနေပိုင်းတွင် မက်ခဲ့သော ထူးဆန်းသည့် အိပ်မက်ကို ပြန်လည် အမှတ်ရလာပြီး အဘိုးအိုကို အိပ်မက်အကြောင်း စုံစုံလင်လင် ပြန်လည် ပြောပြလိုက်သည်။
လော့လင်း ပြောသည်များကို အဘိုးအိုသည် သေချာစွာ နားထောင်နေလေသည်။ လော့လင်းမှ အိပ်မက် အကြောင်း ပြောပြီးသွားသောအခါ အဘိုးအိုသည် မေးခွန်းများ စတင်မေးလေတော့သည်။
“သမီးရဲ့အိပ်မက်ထဲက စက်ဘီးက ဘာလုပ်ဖို့ ၀ယ်ထားတာလဲ?”
“ဟင်?” အဘိုးအို၏ မေးခွန်းကို လော့လင်း နားမလည်ပါ။ စက်ဘီးသည် စီးရန်မှလွဲ၍ တစ်ခြားဘာလုပ်လို့ ရနိုင်အုံးမည်နည်း။
“အဘိုး ဆိုလိုတာက ဟိုနားဒီနား သွားရင် သုံးဖို့ ၀ယ်ထားတာလား? ဒါမှမဟုတ် ကျန်းမာရေး လိုက်စားဖို့ အတွက် ၀ယ်ထားတာလား?”
“သြော်.. ကျောင်းသွားရင် စီးဖို့ ၀ယ်ထားတာ။”
“သမီးက အိပ်မက်ထဲမှာ အဲ့ဒီ စက်ဘီးကို ဘာကြောင့် စတိုခန်းထဲကနေ ထုတ်လိုက်တာလဲ?”
“အဲဒီအချိန်မှာ ကျွန်မ အလုပ် စလုပ်နေပြီ။ ကားပဲ အသုံးများလာပြီး စက်ဘီးကို သိပ်မသုံးဖြစ်တော့ဘူး။ အသုံးလည်း မလို၊ ဟောင်းလည်း ဟောင်းနေပြီ၊ နေရာလည်း ယူထားတဲ့အတွက် စတိုခန်းအပြင်ဖက်မှာ ရွေ့ထားလိုက်တာ..”
“ဒါဆိုသမီးက ဘာလို့ တစ်ခါတည်း အပြီး မစွန့်ပစ်လိုက်တာလဲ?”
လော့လင်း ခဏလောက် စဉ်းစားလိုက်ပြီး.. “နှမြောနေလို့ ထင်ပါရဲ့.. ဟောင်းနေပြီလို့ ဆိုပေမယ့် စက်ဘီးက ကောင်းပါသေးတယ်။ ပြီးတော့ အရင်က ကျောင်းသွားတိုင်း အမြဲသုံးခဲ့ဖူးတယ်ဆိုတော့ အပြီး မစွန့်ပစ်လိုက်ချင်ဘူး” ဟု ပြန်ဖြေလိုက်သည်။ အဘိုးအိုသည် သူမ၏ အိပ်မက်အား ယခုလို စေ့စေ့စပ်စပ် မေးမြန်းနေသည်ကို ထူးဆန်းနေမိသည်။ အဘိုးအိုသည် နောက်ထပ်မေးခွန်း မမေးတော့ဘဲ မျက်လုံးမှိတ်ပြီး တိတ်ဆိတ်သွားလေသည်။
ခဏကြာသော် လော့လင်းသည် မနေနိုင်တော့ဘဲ.. “ဒီအိပ်မက်မှာ ထူးခြားတဲ့ အဓိပ္ပာယ် ပါနေလို့လား?” ဟု မေးရင်း လီကျင့်ရှင်း ပြောဖူးသော အိပ်မက်သည် သိစိတ်နှင့် မသိစိတ်ကို ချိတ်ဆက်ပေးနေသော တံတားတစ်စင်း ဖြစ်သည်ကို ပြန်လည် သတိရလာသည်။ သူမ၏ မသိစိတ်သည် သူမကို မည်သည့် အကြောင်း ပြောပြလိုနေသနည်း?
“သမီးရဲ့ မသိစိတ်က တော်တော်လေး လှည့်စားတတ်တယ်။ သူဆိုလိုချင်တဲ့ အကြောင်းရင်းကို သမီးကို တိုက်ရိုက်မဖော်ပြဘဲ နမူနာလေးတွေနဲ့ ဖော်ပြသွားတယ်။” အဘိုးအိုသည် ထိုသို့ အစပြုရင်း ဆက်၍ “သမီးရဲ့ အိပ်မက်ထဲက စက်ဘီးဟောင်းလေးက သမီးရဲ့ အမျိုးသား ကျင့်မင်ပဲ..”
“ဟင်? ကျင့်မင်လား?” လော့လင်းသည် အံ့အားသင့်သွားပြီး မျက်လုံး မျက်ဆန်ပြူးသွားသည်။ “ကျင့်မင်က အဲ့ဒီ စက်ဘီးဟောင်းလေးလား?” အဘိုးအိုသည် ခေါင်းညိတ်ပြလိုက်ရင်း “သမီး သေချာပြန်စဉ်းစားကြည့်ပါ။” ဟု ပြောလိုက်သည်။
လော့လင်း ဆက်မတွေးရဲတော့ပါ။ သူမ၏ မသိစိတ်တွင် ကျင့်မင်ကို ဟောင်းနွမ်းပြီး အသုံးမလိုသော ပစ္စည်းဟု သတ်မှတ်ထားပြီလား? “အခြေအနေက အဲ့လောက် ဆိုးဆိုးရွားရွားလည်း မဟုတ်ပါဘူး..” အဘိုးအိုသည် လော့လင်းကို နှစ်သိမ့်ပေးရင်း.. “အိပ်မက်က သမီးရဲ့ မသိစိတ်မှာ ကျင့်မင်ကို မလိုအပ်တော့ဘူးဆိုတာ သိနေပါပြီ။ ဒါပေမယ့် သမီးရဲ့ သိစိတ်က လက်မလွတ်နိုင်သေးဘူး။ ဒါကြောင့် တစ်ခြားလူက စက်ဘီးကို လာယူသွားတဲ့အချိန်မှာ သမီးက ပြန်ခုခံနေတယ်လေ။ အခုလက်ရှိ သမီးရဲ့ ဘ၀မှာ ဖြစ်ပျက်နေတဲ့ အတိုင်းပေါ”့ ဟု ပြောလိုက်သည်။
အဘိုးအို ပြောလိုက်သော စကားများကို လော့လင်း အချိန်ယူပြီး စဉ်းစားမှ ရတော့မည်။ သူမ၏ မသိစိတ်တွင် ရှိနေသော ခံယူချက်များကို သူမ ချက်ချင်းနားလည် လက်ခံနိုင်ခြင်း မရှိသေးပေ။
လော့လင်းသည် ပြောရန် သင့်မသင့်ကို စဉ်းစားနေပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အဘိုးအိုအား ရင်ဖွင့်လေတော့သည်။ “အခုတလော ကျွန်မရဲ့ ဦးနှောက်မှာ စိတ်ညစ်၊ စိတ်ဆင်းရဲ စရာ အတွေးတွေနဲ့ပဲ ပြည့်နှက်နေလို့ ကျွန်မ အရမ်း စိတ်ညစ်ရတယ်။ ကျွန်မတို့ ဦးနှောက်မှာ ရှိတဲ့ အတွေးအခေါ်တွေကို ဘယ်လို ရပ်တန့်လို့ရနိုင်မှာလဲ?”
“ဦးနှောက်ထဲက အတွေးအခေါ်တွေကို အဘိုးတို့က ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။” ဟု အဘိုးအိုသည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ကိုယ့်ဦးနှောက်က ဘာတွေးနေလဲ ဆိုတာကို သတိပြုမိခြင်းအားဖြင့် တခြားဟာတွေ ပြောင်းတွေးဖို့တော့ လုပ်လို့ရတယ်။ သမီးကို အဘိုး ရှင်းပြပါ့မယ်။” လော့လင်းသည် စိတ်သက်သာရာ ရသွားပြီး အဘိုးအို ပြောနေသည်များကို တည်ငြိမ်စွာ နားထောင်နေသည်။
“အဘိုးတို့ ပထမဆုံးတွေ့ခဲ့တဲ့ အခေါက်ကို မှတ်မိသေးလား? သမီးရဲ့ အတွေးတွေကို သတိထား စောင့်ကြည့်ဖို့ ပြောခဲ့တယ်လေ..” လော့လင်းသည် မှတ်မိလာပြီး ခေါင်းညိတ်လိုက်လေသည်။
“သမီးရဲ့ ဦးနှောက်က ဘာတွေးနေလဲဆိုတာ သတိထားမိရင် အဲ့ဒီ အတွေးအခေါ်ကို မထောက်ခံပါနဲ့။ တကယ်လို့ သမီးက ပေါ်လာသမျှ အတွေးတွေရဲ့ ဖြစ်နိုင်ချေကို သေချာ လေ့လာဆန်းစစ်မယ်ဆိုရင် လူတွေရဲ့ ၉၀% သော အတွေးအခေါ်တွေက အမှန်တွေ မဟုတ်ကြဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဒါကြောင့် ကိုယ်က ကိုယ့်ဦးနှောက်က အသံတိုင်းကို ရူးမိုက်စွာနဲ့ ယုံကြည်မနေတော့ဘူးဆိုရင် အတွေးအခေါ်တွေက သူ့ဟာနဲ့သူ ငြိမ်းသွားမှာပါ..”
အဘိုးအိုသည် ခဏလောက် စဉ်းစားလိုက်ပြီး နာမည်တစ်ခုနှင့် ဖုန်းနံပါတ် တစ်ခု ရေး၍ လော့လင်းကို ပေးလိုက်သည်။ “သူ့ကို သွားတွေ့လိုက်ပါ။ အတွေးတွေကို ဘယ်လို ဆန်းစစ်ကြည့်နိုင်မှာလဲဆိုတာကို သူပြပေးလိမ့်မယ်။” အဘိုးအိုသည် နောက်ထပ် စဉ်းစားလိုက်ပြီး နာမည်တစ်ခုနှင့် ဖုန်းနံပါတ်နောက်တစ်ခု ထပ်ရေးလိုက်သည်။ “သူလည်း ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ သူတစ်ယောက်ပဲ။ သမီးရဲ့ အခက်အခဲကို သူကူညီပေးနိုင်ပါလိမ့်မယ်။” အဘိုးအိုပေးလိုက်သော စာရွက်ကို လော့လင်း သေချာစွာ သိမ်းထားလိုက်သည်။
“နောက်နည်းလမ်းတစ်ခုကတော့ သမီးရဲ့ အာရုံတွေကို ပစ္စုပ္ပန်မှာပဲ စုစည်းထားဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ သမီး အများအားဖြင့် တွေးနေတဲ့ အရာတွေဟာ အတိတ်ကအရာ ဒါမှမဟုတ် အနာဂတ်က အရာတွေ ဖြစ်နေတာများပြီး လက်ရှိပစ္စုပ္ပန်က အရာကို အာရုံစိုက်နေတယ်ဆိုတာ တော်တော်နည်းတယ်။”
အဘိုးအိုသည် လေးနက်စွာနှင့်.. “သမီးရဲ့ အတွေးတွေက ကစဥ့်ကလျားဖြစ်ပြီး ထိန်းချုပ်လို့ မနိုင်ဘူးဆိုရင် သမီးရဲ့ အာရုံတွေကို အခုလက်ရှိမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပေါ်မှာ ပြန်ရောက်အောင် လုပ်ပေးလိုက်ပါ။ ဥပမာအနေနဲ့ သမီးက အခုလက်ရှိမှာ ပန်းကန်ဆေးနေတယ်ဆိုရင် ရေနဲ့ ထိတွေ့မှု၊ ပန်းကန်တွေနဲ့ ထိတွေ့မှု၊ ပန်းကန်ရဲ့ ပုံစံခွက်တွေ စတဲ့ အရာတွေကို ဂရုပြု အာရုံစိုက်မယ်ဆိုရင် သမီးရဲ့ ဟိုဒီ လျှောက်တွေးနေတဲ့ အတွေးတွေကို ရပ်တန့်သွားနိုင်ပါလိမ့်မယ်။”
“ကျွန်မ ဘာမှ မလုပ်တဲ့ အချိန် ဆိုရင်ကော? ဥပမာ - ကားစီးနေတဲ့အချိန်၊ စောင့်ဆိုင်းနေတဲ့အချိန်တွေမှာပေါ့။”
“အဲ့လိုအချိန်တွေမှာဆို သမီးရဲ့ ခန္ဓာကိုယ်ပေါ် အာရုံပြုလို့ရတယ်။ သမီးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ ခံစားချက်တွေကို ခံစားကြည့်လို့ရတယ်။ ဒါမှမဟုတ် ၀င်သက်ထွက်သက်ကို မှတ်နေရင်လည်း ရတယ်။ ဘာကြောင့်လဲဆိုတော့ … ” အဘိုးအိုသည် ခဏလောက် နားလိုက်ပြီး.. “လူတွေရဲ့ အတွေးတွေဟာ အတိတ် ဒါမှမဟုတ် အနာဂတ်မှာပဲ ရှိနေတတ်တာများတယ်။ ဒါပေမယ့် လူတွေရဲ့ ခန္ဓာကိုယ်နဲ့ ၀င်သက်ထွက်သက်တွေဟာ အမြဲတမ်း ပစ္စုပ္ပန်မှာပဲ ရှိနေတယ်။”
ယခုတစ်ခေါက် အဘိုးအိုမှ သွားတွေ့ခိုင်းလိုက်သောသူသည် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်လေ့ကျင့်ပေးသော ဆရာမ တစ်ယောက် ဖြစ်နေသည်။ ဆရာမသည် လော့လင်း၏ဖုန်းကို လက်ခံရရှိလိုက်ချိန်တွင် အလွန် ၀မ်းသာသွားလေသည်။ ထို့နောက် လော့လင်းကို သူမ၏ အစီအစဉ်တစ်ခုဖြစ်သော “ဘိုင်လွန်ကက်တီ၏ ဖန်တီးမှု - လျှပ်တစ်ပြက်အတွင်း ပြောင်းလဲခြင်း” တွင် လာရောက်ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။
ရုံးတွင် ထွေထွေထူးထူး လုပ်ရန် သိပ်မရှိသည်က တစ်ကြောင်း၊ အိမ်ပြန်လျှင်လည်း ကျင့်မင်နှင့် ရင်မဆိုင်ချင်တာကတစ်ကြောင်း စသည့်အကြောင်းများကြောင့် လော့လင်းသည် ဆရာမ၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်လေသည်။
ညနေတွင် ရုံးနည်းနည်းစောဆင်းပြီး ဆရာမ ဖိတ်ထားသော နေရာသို့ လော့လင်း သုတ်ခြေတင် လေတော့သည်။ အစီအစဉ်ပြုလုပ်မည့် အခန်းလေးသည် အလွန် သက်တောင့်သက်သာရှိသောကြောင့် လော့လင်းကို နွေးထွေးသော အမေ့ရင်ခွင်သို့ ပြန်ရောက်သွား သကဲ့သို့ ခံစားရစေသည်။ လော့လင်း ရောက်ရှိချိန်တွင် တစ်ခြားလူများ ကြိုရောက်နှင့်နေကြပြီ။
ဆရာမကို တွေ့လိုက်သောအခါ လော့လင်း ထိတ်လန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာမသည် အရင်တွင် နာမည်ကြီး မင်းသမီး တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အိမ်ထောင်ရေး အဆင်မပြေမှုနှင့် အခြားသော ကိစ္စများကြောင့် ရုပ်ရှင်လောကမှ လုံးဝ ပျောက်သွားလေသည်။
ထို့နောက် သူမသည် စိတ်နှင့် ပတ်သက်သော အကြောင်းအရာများ လေ့လာလိုက်စားနေသည်ဟု ကြားမိသော်လည်း ယခုလို အလွန်နုနယ်လှပပြီး စိတ်သဘောထားကောင်းမွန်သော နာမည်ကြီး ဆရာမတစ်ယောက် ဖြစ်နေမည်ဟု မထင်ထားသည်မှာ အမှန်ပင်။ လော့လင်း နေရာယူပြီးသည်နှင့် ဆရာမ၏ အစီအစဉ်သည်လည်း စတင်လေတော့သည်။
“ကျွန်မတို့ လူတွေဟာ အလွန် ချေးများတဲ့ အမျိုးတွေပါ။ တနေ့တနေ့ ဘာစားမှာလဲ? ဘာဝတ်မှာလဲ? ဘာသုံးမှာလဲ? ပြီးတော့ အပေါင်းအသင်းတွေကိုလည်း ရွေးပေါင်းကြတယ်။ ဒါပေမယ့် ကိုယ့်ဦးနှောက်ထဲမှာ ရှိတဲ့ အတွေးတွေပေါ်မှာကျတော့ ဘယ်တုန်းကမှ ချေးမများခဲ့ကြဘူး။ ကိုယ့်ဦးနှောက်ကပြောတာတွေကို မျက်စိမှိတ် အကုန်ယုံနေတတ်ကြတယ်။” ဆရာမ ပြောသည်ကို သေချာပြန်စဉ်းစားကြည့်လိုက်လျှင် မှန်နေပါသည်။ “ဟုတ်သားပဲ.. ငါ့စိတ်ထဲ တွေးတဲ့အရာတွေကို ငါဘယ်တုန်းကမှ သံသယမ၀င်ခဲ့ဖူးဘူး။ ကိုယ့်အတွေးက ကိုယ့်ကိုပြန်လိမ်နေမယ်လို့ ဘယ်သူ စဉ်းစားမိမှာလဲ?” ဟု လော့လင်းသည် ဆရာမ၏ ပို့ချမှုကို နားထောင်ရင်း တွေးနေမိလေသည်။
“ကျွန်မတို့က ကိုယ့်ရဲ့ အတွေးကို သံသယလုံးဝမရှိဘဲ ယုံကြည်နေတတ်တယ်။ ဒီလိုနဲ့ ကိုယ့်ဘ၀တစ်ခုလုံးက အဲ့ဒီ အတွေးတွေရဲ့ ဦးဆောင်မှုအောက် ရောက်သွားရောပဲ..” ဟု ဆရာမသည် ဆက်ပြောနေသည်။
“ဒါဆို ဒီအတွေးတွေက ဘယ်ကလာတာလဲ? လူတွေအားလုံးက မွေးတဲ့အချိန်မှာ ဘာအတွေးမှ ပါမလာခဲ့ပါဘူး။ ဒါဆိုရင် ဒီအတွေးတွေကို ဘယ်သူက ထည့်ပေးလိုက်တာလဲ?” ဟု ဆရာမသည် တပည့်များကို စဉ်းစားစရာ မေးခွန်းများ မေးလိုက်သည်။
ထို့နောက် ဆရာမသည် မတ်တပ်ထရပ်လိုက်ပြီး သင်ပုန်းပေါ်တွင် လူဦးခေါင်းပုံ တစ်ပုံ ဆွဲလိုက်သည်။ တပည့်များသည်လည်း မိမိ၏ အတွေးများသည် မိဘ၊ ဆရာ၊ ရုပ်ရှင်၊ သီချင်း၊ စာအုပ်၊ သူငယ်ချင်း စသည့် ပတ်ဝန်းကျင် အသိုင်းအ၀န်းများမှ ဖြစ်ပေါ်လာသည်ဟု ပြောနေကြလေသည်။
ဆရာမသည် ခေါင်းညိတ်ပြလိုက်ရင်း တပည့်မလေး တစ်ယောက်ကို.. “သမီးရဲ့ မိဘဆရာတွေက သမီးကို ဘယ်လို သွန်သင်ခဲ့လဲ?” ဟုမေးလိုက်သည်။
ထိုမိန်းကလေးသည် တည်ငြိမ်ကျယ်လောင်သော အသံနှင့်.. “ဉာဏ်ကောင်းရမယ်.. တော်ရမယ်.. လို့ အမြဲ ပြောပါတယ်။” ဟု ပြန်ဖြေလိုက်သည်။
“အရမ်းကောင်းတယ်။” ဟု ဆရာမသည် ချီးကျူးလိုက်ပြီး ဆွဲထားသော လူဦးခေါင်းပေါ်တွင် ‘ဉာဏ်ကောင်းရမယ်။ တော်ရမယ်။’ ဟု ရေးလိုက်သည်။
“သားရဲ့မိဘတွေကော သားကို ဘယ်လို သွန်သင်ခဲ့လဲ?” ဟု ဆရာမသည် ကောင်လေး နောက်တစ်ယောက်ကို မေးလိုက်သည်။
ထိုကောင်လေးသည်လည်း ကျယ်လောင်သော အသံနှင့်.. “သတ္တိရှိရမယ်.. တစ်ယောက်တည်း ရပ်တည်နိုင်ရမယ်.. လို့ သင်ထားပါတယ်။” ဟု ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်။ ယောက်ျားလေးဆိုတာ သတ္တိရှိပြီး တစ်ယောက်တည်း ရပ်တည်နိုင်ရမှာပေါ့..” ဟု ဆရာမသည် ထောက်ခံလိုက်ရင်း ထိုစကားလုံးများကို ဦးခေါင်းပေါ်တွင် ထပ်မံ ဖြည့်စွက်လိုက်လေသည်။
ထို့နောက် ဆရာမသည် လော့လင်းဖက်လှည့်၍.. “သမီးကိုကော?” ဟုမေးလိုက်သည်။ အမေးခံလိုက်ရချိန်တွင် လော့လင်း ပြန်ဖြေရန် ခက်ခဲသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမ ငယ်စဉ်မှစ၍ မိဘများနှင့် မနေခဲ့ရသဖြင့် မိဘများ၏ သွန်သင်မှုကိုလည်း သိပ်မခံခဲ့ရပေ။ ထို့ကြောင့် သူမ၏ အထင်ဖြစ်သော “စကားနားထောင်ရမယ်။ ရင့်ကျက်ရမယ်။” ဟုသာ ဖြေလိုက်သည်။ ဆရာမသည်လည်း လော့လင်း၏ အဖြေများကို ဦးခေါင်းပုံပေါ်တွင် ထပ်မံ ရေးဖြည့်လိုက်သည်။
အတန်းထဲရှိ တပည့်တစ်ယောက်ချင်းစီမှ ရရှိလာသော အဖြေများအားလုံးကို သင်ပုန်းပေါ်တွင် ဆွဲထားသော လူဦးခေါင်းပေါ်တွင် ဖြည့်စွက်လိုက်ရာ နောက်ဆုံးတွင် ၀န်ထုပ်ဝန်ပိုးများနှင့် ပြည့်နှက်နေသော ဦးခေါင်းတစ်ခု ဖြစ်လာသည်။
“များလိုက်တဲ့ ဖြစ်သင့်တယ် ဆိုတဲ့ အရာတွေနော်.. ဒါတွေက ကျွန်မတို့ အယောက်စီတိုင်းရဲ့ အတွေးအခေါ် ထင်မြင်ယူဆချက်တွေပါ။ ဒါပေမယ့် အကြွေစေ့ဟာ နှစ်ဖက်နှစ်မျက်နှာ ရှိတယ်ဆိုတဲ့အတိုင်း လူတွေမှာလည်း ကောင်းတဲ့အပိုင်း ရှိသလို ဆိုးတဲ့အပိုင်းလည်း ရှိနေပါတယ်။ ဘယ်လောက်ပဲ တော်ပြီး ကောင်းနေတဲ့သူ ဖြစ်နေပါစေ.. တစ်ချို့အပိုင်းမှာတော့ အားနည်းနေတတ်ပါတယ်။ ဒါဆို သင်က အမြဲတမ်း တော်ရမယ်လို့ ပြောခံထားရမယ်ဆိုရင် သင့်ရဲ့ ညံ့တဲ့အပိုင်းကိုကော သင်ဘယ်နေရာမှာ သွားဖွက်ထားလိုက်လဲ?” ဆရာမသည် လက်မှ အရာတစ်ခုခုကို အဝေးသို့ လွှတ်ပစ်လိုက်သကဲ့သို့ ဟန်လုပ်လိုက်ရင်း.. “အဲ့ဒီ သင်မလိုချင်တဲ့ ‘ညံ့’တယ်ဆိုတဲ့အရာကို သင့်မသိစိတ်က ဟိုးအဝေးမှာ လွှင့်ပစ်ထားလိုက်တယ်..”
“တကယ်လို့ သင်ဟာ ငယ်ငယ်ကတည်းက ‘တော်’ ရမယ် ဆိုတဲ့အတွေးကို သွင်းခံထားရတယ်ဆိုရင် သင်မတတ်နိုင်တဲ့ အလုပ်မျိုး ကြုံလာတဲ့အချိန်မှာ သင့်ကိုယ်သင် လက်မခံနိုင်ဘဲ ဖိအားတွေ ပေးလာလိမ့်မယ်.. မမှန်ဘူးလား?” ဆရာမသည် သူမ၏ ချစ်စဖွယ်ကောင်းသော မျက်လုံးကို ပြူးပြီး တပည့်များကို ကြည့်လိုက်သည်။
“ဒါကြောင့် မိဘဆရာက မကောင်းဘူးလို့ သတ်မှတ်ထားတဲ့အတွက် ပိတ်ပင်ခံထားရတဲ့ အပြုအမူတွေက သင့်ရဲ့ မသိစိတ်ထဲမှာ ပိတ်လှောင် ခံထားရလိမ့်မယ်။ အဲ့ဒါတွေက စွမ်းအင် တစ်မျိုး ဖြစ်တဲ့အတွက် သူတို့ကို ဥပေက္ခာပြုထားရုံနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။” အခန်း တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး တပည့်များ အားလုံးသည် အတွေးကိုယ်စီ၌ နစ်မျောနေလေသည်။
ဆရာမသည် ခေတ္တလောက် နားလိုက်ပြီးနောက် ဆက်၍… “သင်က ပိတ်ပင်ထားတဲ့ အရာတွေဆိုတာ စိတ်ပညာဆရာ ကျန်ဂိမ်း ပြောဖူးတဲ့ အရိပ် ဆိုတဲ့အရာပဲ.. သင်တို့ လက်မခံဘဲ ဖိနှိပ်ထားတဲ့ မသိစိတ်က စွမ်းအင်တွေ၊ ငယ်ငယ်ကတည်းက မိဘနဲ့ ပတ်ဝန်းကျင်က အသိအမှတ်ပြုခြင်းမရှိ၊ လက်ခံခြင်းမရှိခဲ့တဲ့ စိတ်ခံစားချက်တွေ.. ဒါတွေအားလုံးဟာ အပြင်ကို ထွက်ခွင့်မရခဲ့တဲ့ စွမ်းအင်တွေအဖြစ်နဲ့ သင်တို့ အားလုံးရဲ့ ဆဲလ်တွေမှာ ပိတ်လှောင်ခံထားကြရတယ်။ ဒါပေမယ့် အဲ့ဒီ စွမ်းအင်တွေဟာ တခါတလေမှာတော့ ပေါ်လာတတ်ပြီး သင်တို့ကို စိတ်ညစ်စရာတွေ ခံစားရစေတယ်။ စိတ်ညစ်တာကို ဘယ်သူက ခံစားချင်ကြမှာလဲ? ဒါဆို အဲ့ဒါကို ဘယ်လို ဖြေရှင်းနိုင်မှာလဲ ဆိုတာ ကြည့်ကြရအောင်..” ဟု ပြောရင်း ဆရာမသည် ဦးခေါင်းပုံတွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီး ‘မဟာဗျူဟာ’ ဟု ရေးလိုက်သည်။
“ဒီလိုနဲ့ လူတွေဟာ မလုံခြုံတဲ့ ခံစားချက်တွေ၊ စိတ်ပူပန်မှုတွေ၊ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဒေါသတွေ၊ စိတ်ဝမ်းနည်းမှုတွေ၊ ပြီးတော့ ဦးနှောက်မှာ အမြဲကြားနေတဲ့ ‘မင်းကမတော်ဘူး’ ‘မင်းက သူများလောက် မကောင်းဘူး’ စတဲ့အသံတွေ၊ အဲ့ဒါတွေကနေ လွတ်မြောက်ဖို့ ‘မဟာဗျူဟာ’ အမျိုးမျိုးနဲ့ ကြိုးပမ်းနေကြတယ်။ ကဲ.. ဒါဆို လူတွေ အသုံးများတဲ့ မဟာဗျူဟာတွေက ဘာတွေဖြစ်မယ်လို့ ထင်လဲ?” ဟု ဆရာမသည် တပည့်များကို မေးလိုက်သည်။
“အလုပ်ကိုပဲ အာရုံစိုက် ကြိုးစားနေလိမ့်မယ်။” ဟု ထက်ထက်မြက်မြက်ရှိသည့် မိန်းကလေးငယ် တစ်ယောက်မှ ပြန်ဖြေလိုက်သည်။
“မှန်တယ်။ တစ်ချို့လူတွေဟာ ကိုယ့်ခံစားချက်ကို မရင်ဆိုင်ချင်တဲ့အတွက် အလုပ်တွေချည်းပဲ ဇွတ်လုပ်နေတယ်။” ဟု ဆရာမသည် ပြန်လည်ထောက်ခံ ပြောဆိုလိုက်သည်။
“အရက်သောက်မယ်။ ဆေးလိပ်သောက်မယ်။” ဟု ရုပ်ရည်ချောမောသော မိန်းကလေး နောက်တစ်ယောက်မှ ထပ်မံဖြေကြားလိုက်သည်။
“မှန်တာပေါ့။ စွဲလမ်းမှု အမျိုးမျိုးတွေထဲမှာ ဈေးဝယ်တာတွေ၊ အပျော်အပါး မက်မောတာတွေ၊ အစားအသောက် မက်မောတာတွေလည်း ပါတယ်။ တစ်ခုခုကို စွဲလမ်းပြီး လုပ်တယ်ဆိုတာလည်း ခံစားချက် တစ်ခုခုကို မရင်ဆိုင်ချင်ဘဲ ရှောင်တိမ်းချင်နေလို့ မဟုတ်လား..” ဟု ပြောရင်း သင်ပုန်းပေါ်တွင် အောက်ပါ စာသားများကို ရေးချနေလေသည်။ 'အလုပ် အလွန်အမင်း လုပ်ခြင်း၊' 'အရက်စွဲလမ်းမှု၊ ဆေးလိပ်စွဲလမ်းမှု၊' 'ရုပ်ရှင်စွဲလမ်းမှု၊' 'အားကစား လွန်ကျူးစွာ ပြုလုပ်ခြင်း၊' 'တစ်ခြားလူများကို မရပ်မနား ကူညီနေခြင်း၊' 'မနားတမ်း စာဖတ်နေခြင်း၊ စာလေ့လာနေခြင်း၊' 'အိမ်ထောင် ဖောက်ပြန်ခြင်း၊' 'အလုပ် မကြာခဏပြောင်းခြင်း၊' 'တစ်ခြားသူ၏ အာရုံစိုက်မှု ရလိုသဖြင့် မတူညီသော သတင်းနှင့် ပြဿနာများ မကြာခဏ ဖန်တီးခြင်း..' “ပြီးတော့…” ဆရာမသည် ပဟေဠိဆန်သော အသံနှင့်.. “ဘုရားတရား အလွန်အကျူး လုပ်တာလည်း ကိုယ့်ရဲ့ စိတ်ခံစားချက်တွေနဲ့ မရင်ဆိုင်ချင်လို့ ရှောင်တိမ်းခြင်း တစ်မျိုးပဲ” ဟု ပြောလိုက်သည်။
ဆရာမ၏ စကားကြောင့် တစ်ခန်းလုံး အံ့အားသင့်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ မိန်းကလေး တစ်ယောက်မှ မနေနိုင်တော့၍ မတ်တပ်ထရပ်လိုက်ပြီး.. “ဆရာမ ဆိုလိုချင်တာက ဘာသာတရား လိုက်စားတယ်ဆိုတာ ပြဿနာတွေ မရင်ဆိုင်ချင်လို့ လုပ်နေတဲ့ အရာတွေပေါ့?” မေးလိုက်သည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ?” ဟု ဆရာမသည် ပြန်မေးလိုက်ရင်း.. “ကိုယ့်ရဲ့ အမှောင်တစ်ခြမ်းကို လက်ခံရင်ဆိုင်ခြင်း မရှိဘူးဆိုရင် ဘုရားတရားတွေ ဘယ်လောက်ပဲလုပ်လုပ် ထူးမှာ မဟုတ်ဘူး။ အဲလ်လစ်(စ်)က မှော်မှန်ကနေတဆင့် နက်ပြီးမှောင်မိုက်တဲ့ ယုန်တွင်းကို ရောက်သွားတဲ့အတိုင်းပဲ။ ကိုယ်က တွင်းထဲဝင်သွားပြီး အထဲမှာ ရှိနေတဲ့ အရာတွေကို အပြင်ဖက် နေရောင်အောက်မှာ ဆွဲထုတ်လာမလား? ဒါမှမဟုတ်ရင် တွင်းထဲကို အလင်း ယူဆောင်သွားမလား? အမှောင်ကို ဖျက်လို့မရဘူး.. အလင်းတန်းယူဆောင်ပြီး ကုမှ အဆင်ပြေမှာ..” တစ်ခန်းလုံးသည် ဘာမှ ပြန်မပြောနိုင်ဘဲ စဉ်းစားတွေးတော နေကြသည်။
တအောင့်လောက် ကြာသွားသော် ဆရာမသည်.. “လူတွေဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေကနေ ကြီးပြင်းလာကြတဲ့အတွက် မတူညီတဲ့ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ၊ သတ်မှတ်ချက်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ပြီးတော့ အဲ့ဒီခံယူချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချည်နှောင်ထားတတ်ကြပြီး ကိုယ့်စံနဲ့ သူများကို တိုင်းတာကြတယ်။ ဝေဖန်ကြတယ်။ လူတွေဟာ ကိုယ့်ရဲ့ ခံယူချက်တွေပေါ်မှာ အခြေခံပြီး တွေးတောနေကြတာ.. ဒါပေမယ့် ကိုယ့်အတွေးက မှန်လား မှားလားဆိုတာကို ဘယ်သူမှ ခွဲဝေပိုင်းခြားနေလေ့မရှိဘူး။” ဟု လူ၏အတွေးအကြောင်းကို ရှင်းပြနေလေသည်။
ထို့နောက်.. “အိမ်စာအနေနဲ့ အားလုံးပဲ အိမ်ပြန်ရောက်သွားရင် ကိုယ့်ရဲ့ အတွေးတွေကို ချရေးပေးပါ။ မနက်ဖြန်ကျရင် အားလုံးရေးထားတဲ့ အတွေးတွေရဲ့ မှန်ကန်မှု ရာခိုင်နှုန်းကို ထပ်မံ ဆွေးနွေးကြတာပေါ့”
လော့လင်းသည် ချက်ချင်းပင် အိမ်စာကို မည်သို့ ရေးရမည်ကို စတင်စဉ်းစားနေလေသည်။ သို့သော် ဆရာမ၏ “ကဲ.. အားလုံးပဲ ခဏလောက် စိတ်ကို ငြိမ်ငြိမ်လေးထားပြီး နေကြည့်ရအောင်” ဟူသော စကားကြောင့် လော့လင်း၏ အတွေးပျက်သွားလေသည်။
“ဟင်း.. အခုလိုမျိုးပဲ တစ်ခြားအချိန်တွေမှာလည်း စိတ်ငြိမ်ငြိမ်လေးထားပြီး ဘာမှ မတွေးဘဲ နေနိုင်ရင် သိပ်ကောင်းမှာပဲ။ အခုတော့ ငါ..” ဟု တွေးနေချိန်မှာပင် ဆရာမ ဖွင့်လိုက်သော သံစဉ်လေးကို ကြားပြီး သံစဉ်ထဲ နစ်မျှောသွားလေသည်။ ဦးနှောက်ထဲရှိ အပူအပင်များ ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ “တစ်ခန်းလုံးရဲ့ တည်ငြိမ်အေးချမ်းမှု စွမ်းအားကြောင့်ထင်တယ်.. နေလို့ကောင်းလိုက်တာ..” ဟု လော့လင်း တွေးလိုက်သည်။
‘သင့်ဘေးပတ်ဝန်းကျင်ရှိ လူများကို ဝေဖန်ပါ’ ဟူသော ခေါင်းစဉ်ဖြင့် အိမ်စာလုပ်လာရမည်ဟု ဆရာမ ပြောလိုက်သောအခါ လော့လင်းသည် စဉ်းစားရခက်သွားလေသည်။
ယခုအချိန်တွင် လော့လင်း အဝေဖန်ချင်ဆုံးလူသည် ကျင့်မင် ဖြစ်ပါသည်။ သို့သော် သူမ၏ အိမ်ထောင်ရေး ပြဿနာကို အပြင်လူများကိုလည်း မသိစေလိုပါ။ ထို့ကြောင့် မည်ကဲ့သို့ ရေးရမည်ကို စဉ်းစားနေရင်းနှင့်ပင် ညည့်အတော် နက်သွားလေသည်။ အိပ်ခန်း အပြင်ဖက်မှ ကျင့်မင်၏ ခြေသံကို ကြားလိုက်ရသောအခါ ကျင့်မင် အခန်းထဲ ပြန်လာအိပ်နိုး မျှော်လင့်နေမိသည်။ သို့သော် ကျင့်မင်သည် တစ်ခြားအခန်းထဲသို့ ၀င်သွားပြီး အိပ်ခန်းတံခါး ပိတ်လိုက်သံကို ကြားလိုက်ရချိန်တွင် လော့လင်း၏ မျှော်လင့်ချက်များ ရေစုန်မျှော သွားလေတော့သည်။
ယနေ့သည် ရုံးပိတ်ရက်ဖြစ်သော်လည်း လော့လင်းသည် ခါတိုင်းကဲ့သို့ နေမြင့်မှအိပ်ယာထတာမဟုတ်ဘဲ မနက်အစောကြီးထပြီး သင်တန်းသွားရန်အတွက် ပြင်ဆင်ပြီးနေပြီ။ သင်တန်းစတင်သည်နှင့် ဆရာမသည် တပည့်များကို ဦးဆောင်ပြီး ၀င်သက်ထွက်သက် မှတ်ပါသည်။ ဆရာမ၏ ဦးဆောင်မှု အောက်တွင် လိုက်ရင်း ဘာမှ စဉ်းစားတွေးခေါ်ရန် မလိုအပ်ဘဲ ငြိမ်သက်ခြင်း၏ကြားတွင် ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပေါ့ပါးပြီး အပူအပင်များ ကင်းမဲ့နေသည်ဟု လော့လင်း ခံစားလာရသည်။ ဆရာမ၏ခေါ်သံ ကြားလိုက်မှ လော့လင်းသည် မျက်လုံးများ ဖွင့်ချင်မဖွင့်ချင်နှင့် ပြန်ဖွင့်လာသည်။
“လူတွေဟာ မဟာဗျူဟာမျိုးစုံနဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကြိုးစားနေကြတဲ့ အကြောင်းတွေ မနေ့က ဆရာမတို့ ဆွေးနွေးခဲ့ကြတယ်။ ဒီနေ့မှာ နောက်ထပ် မဟာဗျူဟာ တစ်မျိုးကို လေ့လာကြည့်ကြရအောင်..” ဟု ဆိုရင်း ဆရာမသည် သင်ပုန်းပေါ်တွင် ‘တွန်းကန်ခြင်း’ ဟူသော စာလုံးကို ချရေးလိုက်သည်။
“‘တွန်းကန်ခြင်း’ ဆိုတာ ဘာလဲ? ဥပမာ အနေနဲ့ပြောရရင် ကျွန်မက ငယ်ငယ်ကတည်းက လူတော်တစ်ယောက် ဖြစ်ရမယ်လို့ သွန်သင်ခံခဲ့မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ တော်တယ်လို့ ခံယူလာလိမ့်မယ်။ ဒါကြောင့် ကျွန်မဟာ ကိုယ့်ရဲ့ ညံ့ဖျင်းတဲ့အပိုင်းတွေကို မျက်ကွယ်ပြုလာမယ်၊ ငြင်းပယ်လာမယ်။ တခါတလေ ကိုယ့်ထက်ညံ့တဲ့ လူတွေနဲ့ တွေ့တဲ့အခါ သူတို့က ကိုယ့်ရဲ့ ညံ့ဖျင်းမှုအပိုင်းတွေကို သတိရစေတဲ့အတွက် အဲ့ဒီလူတွေကို စိတ်ထဲကနေ အလိုလို မုန်းလာတယ်။ သူတို့အပေါ် စိတ်လည်းမရှည်ဘူး။”
ဆရာမသည် ခဏရပ်လိုက်ပြီး ပရိသတ်များကို ကြည့်လိုက်သည်။ “အလားတူပဲ သင်တို့က လူတစ်ချို့ရဲ့ အပြုအမူ ဒါမှမဟုတ် အကျင့်ကို မကြိုက်ဘူးဆိုရင် အဲ့ဒါက ကိုယ့်ရဲ့အားနည်းချက်ကို လက်မခံနိုင်ခြင်း တစ်မျိုးပဲ။ ထွက်ပြေးတိမ်းရှောင်ခြင်း တစ်မျိုးလို့လည်း ပြောလို့ရတယ်။” ပြောနေရင်းနှင့်ပင် ဆရာမသည် ကျောင်းသူတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြီး.. “ဆရာမက သမီးကို လက်ညှိုးထိုး ဝေဖန်လိုက်တဲ့အချိန်မှာ လက်ဘယ်နှချောင်းက ဆရာမကို ပြန်ထိုးထားလဲ?” လက်ညှိုးတစ်ချောင်းသည် တစ်ဖက်လူကို ထိုးထားချိန်တွင် ကျန်သုံးချောင်းသည် မိမိကိုယ်ကိုယ် ပြန်ထိုးထားနေသည်မှာ အထင်းသား ဖြစ်နေသည်။
“ဆရာမရဲ့ဆရာ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။” ဟု ဆိုရင်း ဆရာမသည် လော့လင်းကို မျက်လုံးပင့်ကြည့်လိုက်ပြီး အဘိုးအိုကို ဆိုလိုသည်ဟု အချက်ပြလိုက်သည်။
“အဲ့ဒါကတော့.. ‘ကလေးရယ်.. အပြင်မှာ တစ်ခြားသူဆိုတာ မရှိပါဘူး။ အပြင်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ အမှန်တော့ ကိုယ့်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပါ။’”
ဆွေးနွေးမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာသည့်အလျောက် ဆရာမ ပြောလိုက်သော အကြောင်းအရာများအပေါ် အခန်းထဲရှိ တပည့်များသည်လည်း အပြန်အလှန် ဆွေးနွေးနေကြသည်။ ဒီအခန်းတွင် ရှိနေသော လူအများစုသည် ဆရာမ ပြောသည့် အကြောင်းအရာများကို အပြန်အလှန် လိုက်လံ ဆွေးနွေးနိုင်ကြသည့်အချိန်တွင် လော့လင်းအတွက်မူ နားလည်ရန်အတွက်ပင် တော်တော်လေး ကြိုးစားနေရလေသည်။
တစ်ချို့သည် ‘ဆွဲငင်အားနိယာမ’ အကြောင်းကို ပြောနေကြသည်။ ဆွဲငင်အား နိယာမ သဘောတရားအရ တူညီသော စွမ်းအင်ရှိ အရာများသည် အချင်းချင်း အပြန်အလှန် ဆွဲငင်နေကြသည်။ ထို့ကြောင့် မိမိ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အရာများသည် မိမိ၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်လိုက်သော စွမ်းအင်ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်သမျှ အကြောင်းများသည် မိမိကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ဆွေးနွေးနေကြသည်။
နောက်ကျောင်းသားတစ်ယောက်သည်လည်း ‘အကြောင်းကြောင့် အကျိုးဖြစ်လာသည်’ ဆိုသည့် အကြောင်းကို တင်ပြလာသည်။ ကံတရားသည် ပြောင်းလဲနိုင်ကြောင်း၊ ကောင်းမှု ပြုလုပ်ခြင်းအားဖြင့် အရင်ဘ၀၏ ၀ဋ်များကိုပင် လျော့ချနိုင်ကြောင်း စသည်တို့ကို ပြောဆိုနေကြသည်။
ထိုအချိန်တွင် ကျောင်းသူတစ်ယောက်သည် မနေနိုင်တော့ဘဲ .. “ကျွန်မက ခရစ်ယာန် တစ်ယောက်ပါ။ ဒီစကြာဝဠာကို ဘုန်းတန်ခိုးကြီးတဲ့ ဘုရားသခင်က ထိန်းချုပ်ထားတယ်လို့ ခံယူထားတယ်။ တကယ်လို့ ရှင်တို့ ပြောတဲ့အတိုင်းသာဆိုရင် လူက ဘုရားကို ကျော်လွန်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်ထိန်းချုပ်နိုင်သလို ဖြစ်နေမှာပေါ့?”
ထိုကျောင်းသူ ထောက်ပြသော အကြောင်းအရာသည် အားလုံးကို စဉ်းစားစရာ ဖြစ်သွားစေပါသည်။ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးရဲသော ထိုကျောင်းသူ၏ သတ္တိကို လော့လင်း လေးစားမိပါသည်။ ဤသို့ မတူညီသော အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးမှသာလျှင် ဘ၀ကို မတူညီသော ရှုထောင့်များမှ မြင်နိုင်မည် ဖြစ်ပါသည်။
“သူတို့ပြောတာတွေက မမှားပါဘူး သမီးရယ်..” ဟု ဆရာမသည် နွေးထွေးစွာ ပြန်ပြောလိုက်သည်။
“သမီးရဲ့ စိတ်ထဲမှာ ကိစ္စတစ်ခုခုကို လေးလေးနက်နက် လိုချင် တောင့်တတဲ့ အချိန်မှာ စကြာဝဠာတစ်ခုလုံးက သမီးကို ကူညီပေးလာပါလိမ့်မယ်။ ဒါက သမီးယုံကြည်ထားတဲ့ ဘုရားသခင်ပါ.. ဘုရားကို သမီး ဆုတောင်းတဲ့အချိန်တိုင်း သမီးရဲ့ ရင်ထဲကနေ အလွန်ပြင်းထန်တဲ့ စွမ်းအင် ထွက်ပေါ်လာပြီး သမီးလိုချင်တဲ့ အရာကို သမီးဆီ ဆွဲငင်လာပေးလိမ့်မယ်။ တနည်းအားဖြင့် ဘုရားသခင်က သမီးရဲ့ ဆုတောင်းချက်တွေကို ပြန်လည် ဖြေကြားပေးတယ်လို့လည်း ပြောလို့ရတာပေါ့။” ဆရာမ၏ ရှင်းလင်းချက်ကြောင့် ထိုကျောင်းသူသည် လက်ခံနိုင်သလိုလို ရှိလာသည်။
ဆရာမသည် ဆက်လက်၍ “ကိုယ့်ရဲ့ နေ့စဉ်ဘ၀ကို ပစ္စုပန်ကာလမှာ နေနိုင်ဖို့ ကြိုးစားကြည့်ပါ။ ဖြစ်ပြီးသား ကိစ္စတွေကို လက်ခံရမယ်။ ဖြစ်ပြီးသား ကိစ္စတွေဆိုတာ ဘုရားရဲ့အလိုတော်ပဲလေ။ ဘုရားရဲ့ အလိုတော် မဟုတ်ဘဲနဲ့ ဘယ်ကိစ္စမှ ဖြစ်ပျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်ပြီးသား ကိစ္စတွေကို လက်ခံရုံမှတပါး တစ်ခြားဘာမှ မလုပ်တာ ကောင်းပါတယ်။ ပြီးတော့ သမီးက ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်တဲ့အတွက် ရွေးချယ်မှု လုပ်ရမယ့် ကိစ္စတိုင်းကို ကြောက်လန့်မှု မရှိတော့ဘဲ အကောင်းဆုံး ရွေးချယ်နိုင်လာတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းဟာ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပြီး အရာရာတိုင်းက ဘုရားရဲ့ ကျေးဇူးတော်ပဲ ဆိုတာကို ယုံကြည်ထားတဲ့အတွက် ကောင်းတဲ့အရာတွေပဲ ဖြစ်ပေါ်လာတော့တယ်။”ဟု ခရစ်ယာန်ဘာသာ၏ ရှုထောင့်မှ ရှင်းပြလိုက်သည်။
ခရစ်ယာန် အယူအဆနှင့် ကိုက်ညီအောင် ရှင်းပြနိုင်သော ဆရာမ၏ အရည်အချင်းကို လော့လင်း လေးစားမိပါသည်။ စောဒကတက်နေသော ထိုကျောင်းသူသာမက လော့လင်းသည်လည်း ဆရာမ ပြောသည်များကို လက်ခံလာနိုင်ခဲ့သည်။
ဆရာမသည် လော့လင်းဖက်သို့ လှည့်ကြည့်ကာ သူမ လုပ်ထားသော အိမ်စာအကြောင်း မျှဝေပေးရန် တောင်းဆိုလိုက်သည်။
လော့လင်းသည် ရှက်သွေးဖြန်းသွားပြီး ခေါင်းငုံ့ကာ မိမိရေးသားထားသော အိမ်စာကို စတင် ရွတ်ပြလေတော့သည်။
“သင့်ကို ဒေါသဖြစ်စေတာ၊ စိတ်အားငယ်စေတာ၊ စိတ်ရှုပ်ထွေးစေတာ ဘယ်သူလဲ? ဘာကြောင့်လဲ? သင်က သူတို့ရဲ့ ဘယ်အပိုင်းကို မကြိုက်တာလဲ?” ဟု ဆရာမ ပေးလိုက်သော အိမ်စာ၏မေးခွန်းကို စဖတ်လိုက်သည်။
ထို့နောက် အဖြေကို ဆက်ရွတ်ရန် လော့လင်းသည် ခဏလောက် နားလိုက်ပြီး အသံကို ပိုမိုလျော့လိုက်လေသည်။ “ကျွန်မသည် ကျင့်မင်ကို ဒေါသထွက်သည်။ ဘာကြောင့်ဆိုသော် သူသည် အလွန် တကိုယ်ကောင်းဆန်ပြီး ကျွန်မကို ဘယ်တုန်းကမှ သေချာ ဂရုမစိုက်ခဲ့သောကြောင့် ဖြစ်သည်။”
“ကောင်းတယ်” ဟု ဆရာမသည် လော့လင်းကို ချီးကျူးလိုက်သည်။ ထို့နောက် “ဒီကိစ္စက တကယ်လား?” ဟု လော့လင်းကို မေးလိုက်သည်။
“ဟင်..?” ဆရာမ၏ မေးခွန်းကို လော့လင်း နားမလည်ပါ။
“ကျင့်မင်က အရမ်း တကိုယ်ကောင်းဆန်တယ်။ သမီးကို ဘယ်တုန်းကမှ သေချာ ဂရုမစိုက်ခဲ့ဘူး.. ဆိုတာလေ” ဟု ဆရာမသည် လော့လင်းကို ပြန်ပြောပြလိုက်သည်။
“အင်း.. ဟုတ်တယ်။ တကယ်ပါ။ သူက သူ့ကိစ္စတွေပဲ စိတ်ဝင်စားတဲ့ အတ္တသမားပါ။ ကျွန်မကို ဂရုစိုက်လေ့ မရှိဘူး” ဟု လော့လင်း ပြန်ဖြေလိုက်သည်။
“ကျင့်မင်က တကိုယ်ကောင်းဆန်တယ်ဆိုတာ တကယ်လား? သူဟာ အမြဲတမ်း အဲ့လိုလား? သူ့ရဲ့ သူငယ်ချင်းတိုင်း၊ ဘေးပတ်ဝန်းကျင်က လူတိုင်းကို သူဒီလိုပဲ ဆက်ဆံတာလား?”
“အင်း..” ဆရာမ၏ မေးခွန်းသည် လော့လင်းကို တွေဝေသွားစေပါသည်။ ဆရာမသည် ဆက်၍ “သူက သမီးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးဆိုတာကော တကယ်လား?”
“တခါတလေတော့ ဂရုစိုက်ပါတယ်။ ဒါပေမယ့်..” ဆရာမသည် အသံကို ထပ်မြှင့်တင်လိုက်ပြီး.. “ဘယ်တုန်းကမှ တကယ့်စိတ်ရင်းနဲ့ ဂရုမစိုက်ခဲ့ဘူးဆိုတာ ဟုတ်လား?” ဟု ထပ်မံ မေးလိုက်သည်။
“အင်း.. အချိန်တော်တော်များများမှာ ဟုတ်ပါတယ်။” ဟု လော့လင်း ပြန်ပြောလိုက်သည်။ လော့လင်း၏ မရေမရာ အဖြေကို ကြားလိုက်ချိန်တွင် အခန်းထဲရှိ လူအားလုံး ရယ်လိုက်လေသည်။ လော့လင်းလည်း မနေနိုင်တော့ဘဲ လိုက်ရယ်မိသည်။ ဆရာမသည် ထပ်မံ၍ “အဲ့လို အတွေးမျိုးက သမီးကို ဘယ်လို လူစားမျိုး ဖြစ်သွားစေတာလဲ?”
“ရှင်?” ဆရာမ၏ မေးခွန်းကို လော့လင်း နားမလည်ပါ။ “ကျင့်မင်က အရမ်း တကိုယ်ကောင်းဆန်တယ်။ ငါ့ကို ဘယ်တုန်းကမှ တကယ် ဂရုမစိုက်ခဲ့ဘူး ဆိုတဲ့ အတွေးမျိုး သမီးမှာ ရှိတဲ့အချိန်မှာ ကျင့်မင်ကို မြင်လိုက်တဲ့အခါ၊ ဒါမှမဟုတ် သူ့အကြောင်းတွေးမိတဲ့အခါမှာ သမီးရဲ့ ရင်ထဲမှာ ဘယ်လို ခံစားရလဲ?”
“အင်း.. ရင်ထဲ နေလို့မကောင်းဘူး..” ဟု လော့လင်းသည် သူမ ခံစားရသည့် အတိုင်း ပြန်ပြောလိုက်သည်။
“ရင်ထဲမှာ ၀မ်းသာပြီး ငြိမ်းချမ်းနေလား? ဒါမှမဟုတ် ပူပန်ပြီး ကျဉ်းကြပ်နေလား?” ဆရာမသည် သေသေချာချာ လိုက်လံ မေးမြန်းနေသည်။
“ပူပန်ပြီး ကျဉ်းကြပ်နေတယ်။” ဟု လော့လင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ.. သမီးစဉ်းစားကြည့်ပါ။ တကယ်လို့ သမီးရဲ့ ဦးနှောက်မှာ အဲ့လို အတွေးမျိုးမရှိဘဲ ကျင့်မင်ကို မြင်တဲ့အခါမှာ ဒါမှမဟုတ် သူနဲ့ ဆက်ဆံတဲ့အခါမှာ သမီး ဘယ်လို ခံစားရမှာလဲ?” လော့လင်းသည် ခဏလောက် စဉ်းစားလိုက်ပြီး.. “အရင်ထက် ပိုကောင်းလာမှာပေါ့.. ရင်ထဲမှာလည်း ပူပန်နေမှာ မဟုတ်ဘူး..” ဟု အမှန်အတိုင်း ပြန်ပြောလိုက်သည်။
“အင်း.. ကောင်းတယ်။ ကျင့်မင်အပေါ်ထားတဲ့ သမီးရဲ့ အတွေးတွေကို လွှင့်ပစ်ဖို့ ဆရာမ ပြောနေတာ မဟုတ်ပါဘူး။ ဒီအတွေးတွေကို သမီး ထမ်းထားစရာ မလိုဘဲ မေ့ဖျောက်ထားပြီး နေလို့ရတယ် ဆိုတာကို သိစေချင်လို့ပါ။”
“ဟုတ်ကဲ့..” ဟု လော့လင်း ပြန်ပြောလိုက်သည်။ “ကောင်းပြီ.. ဒါဆို ခုနက သမီးဖတ်သွားတဲ့ စာကြောင်းတွေကို ဆန့်ကျင်ဖက် ပြန်ပြောင်းပြီး ဖတ်ကြည့်လိုက်ပါ။”
“ရှင်?” မည်ကဲ့သို့ ပြန်ပြင်ရမှန်း လော့လင်းမသိပါ။ ထို့ကြောင့် ဆရာမသည် .. “ကျင့်မင်က တစ်ကိုယ်ကောင်း မဆန်ဘူး..” ဟု ဥပမာအနေနဲ့ တစ်ကြောင်း အစဖော်ပေးလိုက်သည်။
လော့လင်းသည်လည်း ဆက်၍ “ကျင့်မင်က တစ်ကိုယ်ကောင်း မဆန်ဘူး.. ငါ့ကိုလည်း ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာ မဟုတ်ဘူး..” ဟု သူမ ရေးထားသော စာသားကို ပြန်ပြောင်းဆိုလိုက်သည်။
“ကောင်းတယ်.. အခုသမီးရဲ့ မျက်လုံးတွေကို မှိတ်ပြီး ဒီစကားလုံးတွေကို စိတ်ပါလက်ပါ ရွတ်ပါ။ သမီးနဂို ရေးထားတဲ့ စာသားတွေနဲ့ အခု ပြန်ပြင်လိုက်တဲ့ စာသားက ဘယ်ဟာ ပိုမှန်လဲဆိုတာ နှိုင်းယှဉ်ကြည့်ပါ။” ဆရာမ ပြောသည့်အတိုင်းပင် လော့လင်းသည် မျက်လုံးများ မှိတ်ပြီး စာကြောင်းများကို လေးလေးနက်နက် ရွတ်လိုက်သည်။ ရွတ်နေရင်းနှင့်ပင် ယခုပြန်ပြင်လိုက်သောစာသားသည် ပိုမှန်နေသကဲ့သို့ ခံစားလာရသည်။
စာကြောင်းများ ရွတ်ဖတ်ပြီးချိန်တွင် ဆရာမသည် ဆက်၍.. “အခု သမီး ရေးထားတဲ့ စာသားထဲမှာ ပါတဲ့ ကျင့်မင်နာမည်အစား သမီးနာမည်လို့ ပြောင်းလိုက်ပြီး စာသားကို နောက်တစ်ခေါက်လောက် ပြန်ရွတ်ကြည့်ပါ။” ဆရာမ ပြောသည့်အတိုင်း လော့လင်းသည် ကျင့်မင်၏အမည်အစား သူမ၏အမည်ကို ထည့်၍ “လော့လင်းသည် အလွန် တစ်ကိုယ်ကောင်းဆန်သောသူ ဖြစ်သည်။ ကျင့်မင်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။” ဟု ပြန်ပြင် ရွတ်လိုက်သည်။
“ခုပြင်လိုက်တဲ့ စာသားကော မှန်တယ်လို့ ခံစားရလား?”
လော့လင်း မျက်လုံးများ မှိတ်ပြီး စဉ်းစားကြည့်လိုက်သည်။ စိတ်ထဲတွင်လည်း မလုံမလဲ ခံစားနေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျင့်မင်အပေါ်ထားရှိသော သူမ၏ ဂရုစိုက်မှု အများပိုင်းသည် သူမအတွက်ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံခံရသည့်အတွက် ကျင့်မင်သည်လည်း သူမကဲ့သို့ မကျေမနပ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။
“ဒီအိမ်စာက ငါ့အပြစ်ကို ပြန်မြင်ယောင်စေမိပါလား.. ဆရာမ ပြောတဲ့အတိုင်းပဲ ကိုယ်က သူများကို လက်ညှိုးတစ်ချောင်းနဲ့ ထိုးလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သုံးချောင်းတောင် ပြန်ထိုးနေမိတယ်။” ဟု လော့လင်းသည် စိတ်ထဲ တီးတိုးစွာ ကောက်ချက် ချလိုက်မိသည်။
ကနေ့တွင်လည်း လော့လင်းသည် အဘိုးအို၏ တပည့်တစ်ယောက်နှင့် တွေ့ဆုံရန် လူကုံထံများသာ လာလေ့ရှိသော အဆင့်မြှင့်ကလပ် တစ်ခုသို့ ရောက်ရှိလာသည်။ ဧည့်ကြိုကောင်တာတွင် မိမိ၏ အမည် ပြောလိုက်သည်နှင့် ဧည့်ကြိုကောင်မလေးသည် သူမကို အထူးသီးသန့်အခန်းသို့ ခေါ်ဆောင်သွားလေသည်။ ဤတစ်ကြိမ်တွင်လည်း သူမ တွေ့ရမည့်သူသည် နာမည်ကြီး အောင်မြင်သူ တစ်ယောက်ဖြစ်လိမ့်မည်ဟု လော့လင်း ခန့်မှန်းမိပါသည်။
စိတ်ထဲတွင် ကြိုခန့်မှန်းထားသော်လည်း ယခင်တွင် နာမည်ကြီး မင်းသမီး ဖြစ်ဖူးသော ရုပ်ရည်ချောမောလှပဆဲ အမျိုးသမီးကို တွေ့လိုက်ရသောအခါ လော့လင်း အံ့အားသင့်သွားပါသည်။ ထိုမင်းသမီးသည် ရုပ်ရှင်လောကတွင် အထွတ်အထိပ်သို့ ရောက်နေချိန်တွင် လူချမ်းသာတစ်ယောက်နှင့် လက်ထပ်လိုက်လေသည်။ သူမ၏ အိမ်ထောင်ရေးသည် ကြာရှည်ခံနိုင်မည် မဟုတ်ဟု လူအများ တွေးထင်ထားကြသော်လည်း ယခု နှစ်ပေါင်း (၂၀) ကျော်သည်အထိ သာသာယာယာ ရှိနေပြီး သူမသည်လည်း နုပျိုလှပနေဆဲဖြစ်သည်။
မင်းသမီးသည် လော့လင်းကို နေရာထိုင်ခင်း စီစဉ်ပေးလိုက်ပြီး ပြုံးကာ.. “အဘိုး နေကောင်းလား?” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့.. ကောင်းပါတယ်။ အမကိုလည်း သတိရကြောင်း စကားပါးလိုက်ပါတယ်။ အမက အဆိုးမြင်ဝါဒီ တစ်ယောက်ကနေ အကောင်းမြင်တတ်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့သူလို့ အဘိုး ပြောပြထားပါတယ်။ အဲ့ဒီအကြောင်းလေးကို သင်ယူနိုင်ဖို့ အဘိုး လွှတ်လိုက်တာပါ။”
“ဟား.. ဟား.. ဟား.. ညီမက မေးခွန်းခက်ကို တန်းမေးလိုက်တာပဲ” ဟု မင်းသမီးသည် အားရပါးရ ရယ်ရင်း ပြောလိုက်သည်။
ထို့နောက် “အင်း.. ညီမရဲ့ မေးခွန်းကို ဘယ်လို ပြန်ပြောရမှာလဲဆိုတော့..” ဟု အစပြုပြီး မင်းသမီး၏ မျက်နှာသည် ပြုံးရွှင်ရာမှ ပြန်လည် တည်သွားလေသည်။
“မင်္ဂလာဆောင်ပြီးတာနဲ့ ရုပ်ရှင်လောကကို ကျောခိုင်းပြီး ဇနီးကောင်းတစ်ယောက်ပဲ လုပ်တော့မယ်လို့ အမ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် အမြဲတမ်း လှလှပပ၀တ်ပြီး လူတိုင်း ငင်းကြည့်ခံခဲ့ရတဲ့ မင်းသမီးကနေ ရောင်စုံအင်္ကျီတောင် မ၀တ်ရဲလောက်အောင် စည်းကမ်းကြီးတဲ့ အိမ်ကို ရောက်လာတဲ့အချိန်မှာ လုံးဝ မတူညီတဲ့ ဘ၀နေထိုင်မှုပုံစံ (၁) ခုကနေ (၁) ခုကို ပြောင်းဖို့ အခက်အခဲတွေ ရှိလာခဲ့တယ်။ ယောက္ခမ အပါအ၀င် အိမ်မှာ ရှိတဲ့ လူကြီးတွေအားလုံးက အမကို မင်းသမီးဆိုပြီး အထင်သေးကြတယ်။ နှိမ်ကြတယ်။ အပြင်ကလူတွေလည်း အမရဲ့ အိမ်ထောင်ပျက်မယ့် သတင်းကိုပဲ နားစွင့်နေကြတော့ အဲ့တုန်းက အမရဲ့ အခြေအနေဆိုရင် အတွင်းကော အပြင်ပါ ဖိအားပေးခံနေရတယ်။” မင်းသမီး၏ ဇာတ်လမ်းကို နားထောင်ရင်း လော့လင်းသည်လည်း စိတ်လေးသလိုလို ခံစားလာရသည်။
မင်းသမီးသည် ရေတငုံလောက် သောက်လိုက်ပြီး ဆက်၍.. “အဲ့တုန်းကဆိုရင် တခါတလေ စိတ်အရမ်း ညစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်တဲ့ စိတ်တောင် ပေါက်တယ်။ နောက်ပိုင်း အဘိုးနဲ့တွေ့ပြီး အတွေးအခေါ်တွေ ပြောင်းလာတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဆန်းစစ်ကြည့်ဖို့ နဲ့ ကိုယ်ယုံကြည်ထားတဲ့အရာကို မေးခွန်း ပြန်ထုတ်ကြည့်ဖို့ အဘိုးက ပြောတယ်။ အဘိုးပြောနေကျ စကားတစ်ခွန်းရှိတယ်။ ‘အပြင်မှာ ဘယ်သူမှ မရှိပါဘူး။ အရာအားလုံးဟာ ကိုယ့်ကြောင့် ဖြစ်လာတာပါ’တဲ့.. အဘိုးရဲ့ စကားဟာ အမကို စဉ်းစားစရာတွေ ဖြစ်လာစေခဲ့တယ်။ အမတို့ လူတွေဟာ ကိုယ့်ဦးနှောက်က အသံတွေကိုပဲ သံသယမရှိ ယုံနေတတ်ကြတယ်။ ဒါကလည်း ပြဿနာတွေရဲ့ အကြောင်းရင်းတွေပဲ..” လော့လင်းသည်လည်း သဘောတူကြောင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
“အဘိုးရဲ့ ဟို စက်ဝိုင်းပုံကြီးကနေ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ အတွေးအခေါ်၊ စတဲ့ အဟန့်အတားတွေကနေ ဖြတ်ကျော်နိုင်တဲ့ နည်းတွေကို အမ သင်ယူခဲ့ရတယ်။” စကား ပြောနေရင်းနှင့်ပင် မင်းသမီးသည် ချစ်စဖွယ် အပြုံးလေး ပြုံးလိုက်လေသည်။
“အမရဲ့ အတွေးတွေကို ဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေကို အဘိုး သင်ပေးခဲ့တယ်။ အဲ့ထဲမှာ ဘိုင်လွန်ကေတီရဲ့ ‘စဉ်းစားပုံ ပြောင်းလဲခြင်း’ ဆိုတဲ့ ကိုယ့်အတွေးအခေါ်ရဲ့ မှန်ကန်နှုန်းကို ဆန်းစစ်ခြင်းနဲ့ စောင့်ကြည့်ခြင်း နည်းလည်း ပါတာပေါ့။ ပြီးတော့ အဘိုးက ‘ဘယ်ကိစ္စမှ ကိုယ့်ရဲ့ စိတ်ကိုထိခိုက်စေနိုင်တာ မဟုတ်ဘူးတဲ့.. စိတ်နာကျင်ထိခိုက်တယ်ဆိုတာ ကိုယ်က အဲ့ဒီ ကိစ္စကို ဘယ်လိုမြင်လဲဆိုတဲ့အပေါ်မူတည်နေတာ..’ လို့ အမကို ပြောခဲ့သေးတယ်။”
ပြောရင်း မင်းသမီးသည် စာရွက်တစ်ရွက်ထုတ်လိုက်ပြီး A (အဖြစ်အပျက်) -> B (ခံယူချက်၊ အတွေးအခေါ်) -> C (ရလဒ်) ကို ချရေးလိုက်သည်။
“ညီမကြည့်.. ‘B’ ဟာ အမြဲတမ်း ဗဟိုချက်ပဲ.. ဘာကြောင့်လဲဆိုတော့ တူညီတဲ့ ‘A’ အဖြစ်အပျက်ဟာ မတူညီတဲ့ ‘B’ အတွေးအခေါ်ကြောင့် မတူညီတဲ့ ရလဒ် ‘C’ တွေဖြစ်သွားတတ်တယ်။ ဥပမာအနေနဲ့အမရဲ့ ယောက္ခမက အမကို တွေ့တိုင်း မျက်နှာထားမကောင်းဘူးဆိုတဲ့ ‘A’ အဖြစ်အပျက် ဖြစ်ပေါ်လာတဲ့အချိန်မှာ ငါ့ယောက္ခမက ငါ့ကို မုန်းတယ် ဆိုတဲ့ ‘B’ အတွေးအခေါ် ပေါ်လာရင် အမက စိတ်ဝမ်းနည်းခြင်းဆိုတဲ့ ‘C’ ရလဒ်ကို ရလာမယ်။”
“ဒါပေမယ့် အမက သြော်.. ငါ့ယောက္ခမ စိတ်ညစ်စရာ တစ်ခုခုရှိနေမှာပါဆိုတဲ့ ‘B1’ အတွေးအခေါ်ကို ပြောင်းတွေးလိုက်မယ်ဆိုရင် ယောက္ခမကို သတိထားပြီး ပြောဆိုဆက်ဆံလာမယ် ဆိုတဲ့ ‘C1’ ရလဒ် ပြောင်းသွားမှာ..”
“တကယ်လို့ ယောက္ခမက နေမကောင်းဘူး ထင်တယ်ဆိုတဲ့ ‘B2’ အတွေးမျိုး တွေးမိရင် အမက ယောက္ခမကို ပိုပြီး ဂရုစိုက်လာမယ့် ‘C2’ ရလဒ် ထွက်လာမယ်။ ဒါကြောင့် မတူညီတဲ့ ‘B’ အတွေးအခေါ်ဟာ မတူညီတဲ့ ‘C’ ရလဒ်တွေဖြစ်ပေါ်လာပြီး အမနဲ့ ယောက္ခမရဲ့ ကြားက ဆက်ဆံရေးကိုလည်း ဂယက်ရိုက်စေတယ်။”
မင်းသမီးသည် ရိုးရှင်းသော ‘A’ ‘B’ ‘C’ ပုံသေနည်းတစ်ခုတည်းဖြင့် လူတို့၏ စိတ်ညစ်စရာများအားလုံး၏ အကြောင်းရင်းကို အရှင်းလင်းဆုံး ရှင်းပြသွားသည်ကို လော့လင်း မချီးကျူးဘဲ မနေနိုင်ပါ။
“နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ လူတွေရဲ့ စိတ်ညစ်စရာ ခံစားချက်တိုင်းရဲ့ နောက်မှာ အားပေးအားမြှောက်လုပ်ပေးနေတဲ့ အတွေးတစ်ခုက ရှိနေစမြဲပါ။ လူတွေရဲ့ စိတ်ခံစားချက်ဆိုတာ အတွေးတွေ ကနေ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှု တစ်ခုပါ။ ဥပမာအနေနဲ့ ပြောရရင် အမရဲ့ ခယ်မဟာ ခရီးကနေ ပြန်လာတိုင်း အမကလွဲပြီး တစ်အိမ်လုံးအတွက် လက်ဆောင် အမြဲပါတယ်။ အစပိုင်းတော့ အမကို ခွဲခြားဆက်ဆံတယ်ဆိုပြီး စိတ်တိုပြီး ၀မ်းနည်းတာပေါ့။ နောက်ပိုင်း သေချာပြန်စဉ်းစားကြည့်တော့ သူတို့အိမ်ကို ခုမှ လက်ထပ်ပြီး ၀င်လာတဲ့ သူစိမ်းတစ်ယောက်ကို နှစ်နဲ့ချီပြီး ပေါင်းလာတဲ့ သူ့ရဲ့ တခြား ဆွေမျိုးတွေနဲ့ တန်းတူ ဆက်ဆံခံချင်ရအောင် အမဟာ ဘာမို့လို့လဲ ဆိုတာ တွေးမိတယ်။ အမက လက်ဆောင်မရလို့ ဒေါသထွက်မယ်၊ ၀မ်းနည်းမယ် ဆိုရင်ကော ဘာထူးလာနိုင်မှာလဲ? ခယ်မက သူလက်ဆောင်ပေးချင်တဲ့သူကို ပေးတာ သူ့ကိစ္စလေ၊ သူ့ကိစ္စကို အမက ၀င်စွက်ပိုင်ခွင့်မှ မရှိတာ။”
မင်းသမီးသည် လက်ဖ၀ါးကို လှန်လိုက်ပြီး.. “ဒီလိုနဲ့ပဲ အရင်က အမကို နာကျင်စေခဲ့တဲ့ ကိစ္စအများပိုင်းကို သေချာပြန်ဆန်းစစ်ကြည့်တော့ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ ဖြစ်နေကြတယ် ဆိုတာ တွေ့ရတယ်။” ဟု ပြုံးရွှင်စွာ ပြောလိုက်လေသည်။
လော့လင်း၏ စိတ်ထဲတွင် “ဒီလောက်တောင် ရိုးရှင်းလွယ်ကူလို့လား? ခဏလေးအတွင်းမှာပဲ အတွေးအခေါ်ရဲ့ ချည်နှောင်ခြင်းကနေ လွတ်မြောက်နိုင်လို့လား?” ဟု စဉ်းစားနေလေသည်။ လော့လင်း၏ အတွေးကို သတိထားမိသွားသည့်အလား မင်းသမီးသည် “ဒါတွေအားလုံးဟာ အမ အခုပြောနေသလိုတော့ ဘယ်လွယ်ပါ့မလဲ.. ဒီလိုဖြစ်ဖို့ ကြားမှာ ကြိုးစားမှုတွေ၊ စိတ်ရှည် သည်းခံမှုတွေ၊ အများကြီး ရှိခဲ့တာပေါ့။ ဘယ်လိုလုပ်ရမှာလဲဆိုတာ သိတာနဲ့ လူတိုင်း လုပ်နိုင်မယ်လို့ မဆိုလိုပါဘူး။ ပထမဆုံး ခြေလှမ်းကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို မကောင်းတဲ့ အတွေးတွေ ၀င်မနှောင့်ယှက်စေတော့ဘူးလို့ သံဓန္ဓာန် ချထားရမယ်။ ပြီးတော့ အချိန်ယူပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်အောင် ကျင့်ရမယ်။”
“စိတ်တည်ငြိမ်အောင် ကျင့်ရမယ်?” လော့လင်း မရှင်းစွာ မေးလိုက်သည်။
“ဟုတ်တယ်.. အမလည်း စိတ်ကို တည်ငြိမ်အောင်ကျင့်တာနဲ့ စတင်ခဲ့တာ။ စစကျင့်တုန်းကဆို ငါးမိနစ်တောင် အငြိမ်မထိုင်နိုင်ခဲ့ဘူး။ ဦးနှောက်ထဲမှာ ကိစ္စတွေ တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း၊ ဘာသာရေးတွေနဲ့ တဖြည်းဖြည်း အချိန်ယူပြီး ကျင့်တော့ ကိုယ့်စိတ်ကို ငြိမ်အောင် ထားနိုင်ပြီး ကိုယ့်ရဲ့ အတွေးတွေကို မြင်လာနိုင်တယ်။”
“အမက ဘယ်လို လေ့ကျင့်ခန်းမျိုးနဲ့ ဘာသာရေးကျင့်စဉ်တွေ ကျင့်ခဲ့တာလဲ?” ဟု လော့လင်း မေးလိုက်သည်။
မင်းသမီးသည် ပြုံးကာ.. “ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အမက ယောဂနဲ့ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာတွေ လုပ်ပြီး အမရဲ့ ဘုရားသခင်နဲ့ အဆက်အသွယ် လုပ်ခဲ့တယ်။ ညီမက တခြားနည်းလမ်းတွေ ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် စိတ်တည်ငြိမ်အောင် ကျင့်ပေးမှ ညီမရဲ့ အတွေးအခေါ် အနှောင်အဖွဲ့ကနေ လွှတ်မြောက်နိုင်မှာနော်..”
“အဘိုးလုပ်ပေးနိုင်တာက အမတို့ကို မြင်အောင် ကူညီပေးနိုင်ရုံပဲ.. ဒါပေမယ့် အမတို့ ပြောင်းလဲအောင်တော့ သူ မကူညီပေးနိုင်ဘူး။ ပြောင်းလဲနိုင်ဖို့ ကိုယ့်ဘာသာကိုယ် လုပ်မှ ရလိမ့်မယ်။ ကိုယ့်အကြောင်းကို သိအောင် လေ့လာရပြီး ကိုယ်အားသာရာနဲ့ ကိုယ်ကြိုးစားသင့်တယ်။ အရင်ဆုံးအနေနဲ့ ကိုယ်ကိုယ့်ကိုယ် လက်ခံနိုင်ရမယ်။ ကိုယ့်ဘ၀မှာ ဖြစ်ပြီးတာတွေအားလုံးကို လက်ခံနိုင်ရမယ်။ ပြီးတော့ ပိုကောင်းအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။”
နောက်ဆုံးအနေနဲ့ မင်းသမီးသည် လော့လင်းကို ကြည့်ပြီး “စိတ်တည်ငြိမ်အောင် ကျင့်ခြင်းက ကိုယ့်ရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ။ ၅ မိနစ်လောက် ကျင့်တာကနေစပြီး တဖြည်းဖြည်း အချိန်တွေ တိုးသွားလို့ရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်မှန်တဲ့ မိမိနဲ့ ပိုပြီး နီးစပ်စေပါတယ်။” ဟု လေးလေးနက်နက် မှာကြားလိုက်လေသည်။
ဆောင်းရာသီ၏ ညနေခင်းလေး.. နွေးထွေးသော နေရောင်ခြည်သည် ပန်းခြံထဲရှိ မြက်ခင်းပြင်ပေါ်တွင် ဖြာကျနေလျက်ရှိသည်။ လော့လင်းသည် ပန်းခြံလေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်လျက် အဝေးတွင် ဆော့ကစားနေသော ကလေးများကို ငေးကြည့်နေသည်။ အဘိုးပြောလေ့ရှိသော ‘လူတွေရဲ့ စိတ်ကိုညစ်စေတာ ဖြစ်လာတဲ့ ကိစ္စတွေကြောင့် မဟုတ်ဘဲ ကိုယ်က အဲ့ဒီ ကိစ္စကို ဘယ်လိုမြင်ပြီး ဘယ်လိုအဓိပ္ပာယ် ဖော်ဆောင်တယ်ဆိုတဲ့အပေါ် မူတည်တယ်။’ ဆိုသောစကား၏ အဓိပ္ပာယ်ကို လော့လင်း ပိုမိုနားလည်သလို ရှိလာသည်။
အဘယ်ကြောင့်ဆိုသော် ယခုချိန်တွင်လည်း လော့လင်း၏ကိုယ်သည် အေးချမ်းသာယာသော ပန်းခြံထဲတွင် ထိုင်နေသော်လည်း သူမ၏ စိတ်သည် ပူလောင်နေသည်။ သူမ၏ အတွေးများသည် သူမကို နှိပ်စက်နေလေသည်။
“ဟင်း.. ငါ့စိတ်ကို ငါတည်ငြိမ်အောင် မလုပ်နိုင်ပါလား.. ငါ့အတွေးတွေကို ငါထိန်းချုပ်လို့ မရပါကလား..”
စိတ်ငြိမ်အောင် လော့လင်း ကြိုးစားသော်လည်း စိတ်ရှုပ်စေသော အတွေးများသည် ရေလှိုင်းကြီးများပမာ သူမ၏ ဦးနှောက်ကို ပြင်းထန်စွာ ရိုက်ခတ်နေလေသည်။
“ငါ ဘယ်လိုလုပ်ရမှာလဲ? ငါ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့အဆင့် မရောက်ခင်မှာ ဒီစိတ်ညစ်စရာ အတွေးတွေကနေ ငါဘယ်လို လွှတ်မြောက်နိုင်မှာလဲ?” ဟု တွေးနေရင်း သင်တန်းမှ ဆရာမ ပြောဖူးသော စကားကို လော့လင်း ရုတ်တရက် သတိရလာသည်။ ‘ကိုယ့်ရဲ့အတွေးတွေကို ဆန်းစစ်ကြည့်ခြင်းမှ စတင်ပါ။’
လော့လင်းကို အဘိုးအို အမြဲပြောလေ့ရှိသော ‘မိမိ၏ အသံများကို နားထောင်ပါ။ သို့သော် နားထောင်ရုံသာ နားထောင်ပြီး မဝေဖန်ပါနှင့်။ ဤသို့ ပြုမူခြင်းအားဖြင့် စိတ်ညစ်ဖွယ် အတွေးများသည် မိမိနှင့် မသက်ဆိုင်သော ပြင်ပအရာ တစ်ခုကဲ့သို့ ဖြစ်လာပါမည်။ ဤနည်းအားဖြင့် မသိစိတ်ကို လျော့ချနိုင်ပြီး သိစိတ်ကို ပိုမို တိုးမြှင့်ပေးနိုင်ပါလိမ့်မည်။’ စကားကိုလည်း ပြန်လည် ကြားယောင်နေလေသည်။
သို့သော် အဘိုးအို ပြောသကဲ့သို့ မိမိ၏ မသိစိတ်ကို လျော့ချဖို့ မဆိုပါနှင့်.. မိမိ၏သိစိတ်ကိုပင် လော့လင်း စိုးစဉ်းမျှ မခံစားရသေးပေ။ သူမ၏ အတွေးများကိုသာ နားထောင်ရုံမျှ နားထောင်ပြီး ဘာမှ မဝေဖန်ဘဲ မနေနိုင်သေးပါ။ သို့သော် အတွေးများကို လေ့လာဆန်းစစ်မှု အပိုင်းတွင်မူ သူမ၏ အရည်အချင်းသည် အရင်ထက် ပိုကောင်းလာပြီဟု ပြော၍ ရလေသည်။ ဥပမာအားဖြင့် သူမသည် မည်သည့် အတွေးများသည် သူမကို နာကျင်အောင် လုပ်နေသည်ကို မြင်နိုင်လေပြီ။
လော့လင်း အများအားဖြင့် တွေးနေသော အကြောင်းသည် “ငါဘယ်လို လုပ်ရမှာလဲ? ကျင့်မင် ငါ့ကို မလိုချင်တော့ဘူး.. ကောင်းကင်က ပြိုကျတော့မယ့်အတိုင်းပဲ.. ငါအိမ်ထောင်ထပ်ပြုနိုင်မှာ မဟုတ်တော့ဘူး.. ငါ့ဘ၀တော့ သွားပါပြီ။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကို ငါဘယ်တော့မှ ရနိုင်မှာ မဟုတ်တော့ဘူး..” စသည်တို့ ဖြစ်သည်။
ထိုမကောင်းသော အတွေးများသည် သီချင်းတစ်ပုဒ်ကဲ့သို့ လော့လင်း၏ ဦးနှောက်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်။ နောက်ဆုံး မခံနိုင်တော့၍ ထိုအတွေးများ၏ ဖြစ်နိုင်ချေကို လော့လင်း စတင် ဆန်းစစ် လေတော့သည်။ မိမိသည် အကောင်းထက် အဆိုးကိုသာ တွေးလေ့ရှိသည်ကို သူမကိုယ်သူမ သိပါသည်။ ယခုကဲ့သို့ပင် သူမ၏ကိုယ်သည် ပန်းခြံထဲတွင် အေးဆေးကောင်းမွန်စွာ ထိုင်နေသော်လည်း သူမ၏စိတ်သည်မူ အနာဂတ်အတွက် ပူပန်နေလေသည်။
မရေရာသော ကိစ္စများကြောင့် သူမသည် ယခုလက်ရှိ ပစ္စုပ္ပန်အခြေအနေကို မခံစားနိုင်အောင် ပူပန်နေသည်။ လော့လင်းအား အများအားဖြင့် နှိပ်စက်နေသော အတွေးများသည် ကျင့်မင်နှင့် သက်ဆိုင်နေသည်။
“သူ ငါ့ကို ဘာကြောင့် လိမ်တာလဲ? သူဘာကြောင့် စိတ်ပြောင်းသွားတာလဲ? သူငါ့ကို ဘာလို့ ဖုံးကွယ်ပြီး တစ်ခြားကောင်မလေးနဲ့ ဖောက်ပြန်နေရသလဲ? ငါ့ကို ဘာကောင်မလို့ သူမှတ်နေလို့လဲ? ငါက ငတုံး ငအ မို့လို့လား? သူ့မျက်စိမှာ ငါက အဲ့လောက်ပဲ တန်ဖိုးမဲ့နေလို့လား?” လော့လင်းသည် မိမိကိုယ်မိမိ အမေးအဖြေ လုပ်ကြည့်နေလေသည်။
“သူဘာကြောင့် ဒီလိုလုပ်လိုက်သလဲ?”
“သူလုပ်လိုက်ပြီလေ! လုပ်လိုက်ပြီဆိုတော့ ဒါက ဖြစ်ပြီးသွားပြီလေ.. ပြီးတော့ သူ ဘာပဲလုပ်လုပ် သူ့ကိစ္စပဲလေ.. ငါလက်ခံတာ လက်မခံတာက ငါ့ကိစ္စ..” ဖြစ်ပြီးသား ကိစ္စကိုတော့ လော့လင်း လက်ခံနိုင်ရမည်။ ထို့နောက် ကျင့်မင်ကို ခွင့်လွှတ်မည်လား? ကျင့်မင်နှင့် ကွာရှင်းမည်လား? စသည့် ရှေ့ဆက်၍ ဘာလုပ်မည်ကို လော့လင်း လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါသည်။ သို့သော် မည်ကဲ့သို့သော ရွေးချယ်မှုကို လုပ်သည်မဆို ယခုကဲ့သို့ စိတ်ညစ်ဖွယ် အတွေးများကို တွေးတောနေရန် မလိုအပ်ပေ။
ဖြစ်ပြီးသား ကိစ္စကို လက်မခံဘဲ ငြင်းဆန်နေလျှင် ထိုကိစ္စများကို ပြောင်းလဲနိုင်မည်ဟု လူအများ ထင်မြင် တတ်ကြပါသည်။ သို့သော် ဖြစ်ရပ်မှန်ကို ငြင်းဆန်ခြင်းသည် မိမိခေါင်းကို နံရံနှင့် ဆောင့်နေသကဲ့သို့သာ ဖြစ်ပြီး ဘာမှ ထူးလာမည် မဟုတ်ကြောင်းကို လော့လင်း တွေ့မြင်လာရသည်။
လော့လင်းကို စိတ်ညစ်စေသော နောက်အတွေးတစ်ခုမှာ “တခြားသူတွေ ငါ့ကို ဘယ်လိုမြင်မှာလဲ? ငါက အိမ်ထောင်ရေးမှာ ရှုံးနိမ့်တဲ့သူ တစ်ယောက်ဖြစ်တယ်။ ဘ၀ရဲ့ အရှုံးသမားဖြစ်တယ်။”ဟု ပတ်ဝန်းကျင်၏အမြင်ကို စိုးရိမ်နေသည်။
“အိမ်ထောင်ရေးမှာ ကျရှုံးတယ်ဆိုတာနဲ့ အရာရာမှာ ကျရှုံးတယ်လို့ မဆိုနိုင်ပါဘူး။ ပြီးတော့ တခြားလူက ငါ့ကို ဘယ်လိုမြင်နေလဲဆိုတာ သူတို့ရဲ့ ကိစ္စလေ.. ငါနဲ့မှ မဆိုင်တာ!” ဟု မိမိကိုယ်ကိုယ် ပြန်လည် အားပေးနေလေသည်။
“ငါ့အိမ်ထောင်ရေးဟာ ငါမဟုတ်ဘူး။ စစ်မှန်တဲ့ ငါ့ကိုယ်ဟာ အပြင်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကြောင့်နဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။” ဟု မိမိကိုယ်မိမိ ထပ်ခါထပ်ခါ သတိပေးနေလေသည်။
မိမိ၏ စိတ်ညစ်ဖွယ်အတွေးများကို သေချာဆန်းစစ်ပြီး ပြန်ပြင်တွေးလိုက်ပြီးနောက် စိတ်သက်သာသလို ခံစားလာရသည်။ လူ့ဘ၀၏ နက်နဲသော အဓိပ္ပာယ်ကိုလည်း ပိုမိုနားလည်လာသကဲ့သို့ ရှိလာသည်။
“သစ္စာဖောက်ခံခြင်းနဲ့ လိမ်လည်ခံရခြင်းကို တောင့်တသော ခံစားချက်တွေ ငါ့မှာ ရှိနေတာကို ငါမြင်တယ်၊ ငါလက်ခံတယ်၊ ပြီးသော အဲ့ခံစားချက်ကို ငါမလိုအပ်တော့ဘူး။” ဟူသော စာကြောင်းကို မျက်စိမှိတ်ပြီး ၂ ခေါက် ၃ ခေါက် ရွတ်လိုက်သည်။ အနည်းငယ် လန်းဆန်းလာသည်ဟု လော့လင်း ခံစားလာရသည်။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ဟိုးရှေ့နားရှိ ခုံတန်းလျားပေါ်တွင် လီကျင့်ရှင်း ထိုင်နေသည်ကို လော့လင်း တွေ့လိုက်လေသည်။
သူ၏ ဘေးတွင်လည်း အရပ်ပုပု၊ ဆံပင်ရှည်ရှည်၊ ခပ်ချောချောလေး ပြင်ဆင်ထားသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ လီကျင့်ရှင်းသည် ကောင်မလေးကို ဘာပြောလိုက်သည် မသိ၊ ကောင်မလေးသည် အားရပါးရ ရယ်မောနေပြီး လီကျင့်ရှင်း ပုခုံးပေါ်တွင် ခေါင်းမှီချလိုက်သည်။ လီကျင့်ရှင်း၏ ညာဖက်လက်သည်လည်း ကောင်မလေးကို ဖက်ထားလေသည်။
ထိုပုံရိပ်ကို မြင်လိုက်ရချိန်တွင် မိမိနှင့် အလွန် ရင်းနှီးနေသော ခံစားချက်တစ်မျိုးကို လော့လင်း ထပ်မံခံစားလိုက်ရသည်။ ထိုခံစားချက်ကို သေချာဆန်းစစ်ကြည့်လိုက်ချိန်တွင် သစ္စာဖောက်ခံခြင်းနှင့် လိမ်လည်ခံရခြင်း၏ ခံစားချက်မျိုးပင် ဖြစ်နေသည်။ ခံစားချက် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို သေချာ ပြန်စဉ်းစားလိုက်ချိန်တွင် မိမိကိုယ်ကိုယ် ပြန်ရယ်နေမိလေသည်။ မိမိသည် လီကျင့်ရှင်း၏ ရည်းစားမဟုတ်ဘဲ သူ့ကို တခြားကောင်မလေးနှင့် မြင်သည်နှင့် လီကျင့်ရှင်းသည် မိမိအား သစ္စာဖောက်သည်၊ လိမ်လည်သည်ဟု မည်သို့ ဆိုလို့ရမည်နည်း?
အရင်တွင် လီကျင့်ရှင်းသည် လော့လင်းထံသို့ ဖုန်းမကြာခဏ ဆက်လေ့ရှိသည်။ အချိန်ရလျှင် နှစ်ယောက်သား အပြင်တွင် ချိန်းတွေ့ကာ စကားစမြည် ပြောကြသော သူငယ်ချင်းကောင်းများ အဆင့်သာ ဖြစ်ပါသည်။ သို့သော် နောက်ဆုံးအခေါက် နှုတ်ဆက်ချိန်တွင် လီကျင့်ရှင်းသည် လော့လင်း၏ မျက်လုံးကို စေ့စေ့ကြည့်ပြီး ၀မ်းနည်းစွာနှင့် “တကယ်လို့ နောက်တခေါက်လောက် အခွင့်အရေးရခဲ့ရင် ငါနင့်ကို လုံးဝ လက်လွှတ်ခဲ့မှာ မဟုတ်ဘူး!” ဟု ပြောခဲ့ဖူးသည်။ လီကျင့်ရှင်း၏ စကားကြောင့် လော့လင်းသည် ရှက်ပြီး ကမန်းကတန်း ပြန်သွားခဲ့လေသည်။ ဒီလိုနှင့်ပင် လီကျင့်ရှင်းသည် သူမကို ချစ်သည်ဟု ဆိုရတော့မည်လော?
ထိုထူးဆန်းသော ခံစားချက်သည် ပေါ်ထွက်လာပြီးနောက် တော်ရုံနှင့် မပျောက်ကွယ်သွားပါ။ လော့လင်းသည် ထိုခံစားချက်ကို တိမ်းရှောင်မနေတော့ဘဲ သေချာ ရင်ဆိုင်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့နောက် မျက်လုံးများကို မှိတ်ကာ ရင်ထဲတွင် ခံစားနေရသော လေးလံမှု၊ တဆစ်ဆစ် နာကျင်မှုများကို မတိမ်းရှောင်၊ မချုပ်ချယ်ဘဲ ခံစားကြည့်နေလေသည်။ တဖြည်းဖြည်းနှင့် လော့လင်းသည် ချစ်ခြင်းမေတ္တာနှင့် နားလည်မှုအားဖြင့် ဤခံစားချက်ကို လက်ခံလာနိုင်သည်။ တအောင့်လောက် ကြာသွားချိန်တွင် ရင်ထဲမှ စွမ်းအင်တစ်မျိုး ထွက်လာသည်ဟု ခံစားလိုက်ရသည်။ အရာတစ်ခုခုသည် ဖြည်းညှင်းစွာ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရင်ထဲ တော်တော်လေး သက်သာသွားသည်ဟု ခံစားလာရသောအခါတွင် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။
ကောင်းကင်သည် နဂိုအတိုင်း ပြာနေသည်။ နေရောင်သည်လည်း နဂိုအတိုင်း တောက်ပနေသည်။ လော့လင်း၏ စိတ်သည်မူ ပန်းခြံသို့ ရောက်ကာစကဲ့သို့ မဟုတ်တော့ဘဲ ရွှင်လန်းလာလေပြီ။
အဘိုးအို၏ အိမ်သို့ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုများဖြင့် လော့လင်း ထပ်မံ ရောက်ရှိလာသည်။ အဘိုးအိုသည် သူမကို စေ့စေ့ ကြည့်လိုက်ရင်း “သမီး အဆင်ပြေရဲ့လား?” ဟု မေးလိုက်သည်။ အဘိုးအိုကို ပြန်ကြည့်ရင်း “ကျင့်မင်က အိမ်ထောင်ရေး ဖောက်ပြန်ပြီး ကျွန်မနဲ့ ကွာရှင်းတော့မယ် ဆိုတဲ့ ဖြစ်ရပ်ကို ကျွန်မ လက်ခံသွားနိုင်ပါပြီ..” ဟု လော့လင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်လား?” လော့လင်း၏ ခဏတာအတွင်း ရင့်ကျက်လာမှုနှင့် ပြောင်းလဲသွားမှုကို အဘိုးအို အံ့အား သင့်နေသည်။
“သမီး ဘယ်လိုလုပ်နိုင်ခဲ့တာလဲ?”
“အဘိုးပြောတဲ့အတိုင်းပဲလေ.. ကိစ္စက ဖြစ်ပြီးသွားပြီ.. ကျွန်မ ဘာပဲလုပ်လုပ် ပြောင်းလဲနိုင်မှာမှ မဟုတ်တာ.. ဒါပေမယ့်..” လော့လင်းသည် ပြောရင်း ရပ်သွားလေသည်။ အဘိုးအိုသည်လည်း သူမ ဆက်ပြောမည့် စကားကို စိတ်ရှည်စွာ စောင့်ဆိုင်း နေလေသည်။
“ကျွန်မ အရမ်းဝမ်းနည်းတယ်။” ဟု လော့လင်းသည် အားတင်းပြီး ပြောလိုက်သည်။ “ဒီ ၀မ်းနည်းမှု ခံစားချက်တွေက ကျွန်မဘ၀ရဲ့ သံစဉ်တွေလို ဖြစ်နေပြီ။ ဒီလို အမြဲဖြစ်သွားမှာကို ကျွန်မ စိုးရိမ်တယ်။ တစ်ဘ၀လုံး စိတ်ဆင်းရဲနေရမှာကို ကြောက်တယ်။”
အဘိုးအိုသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက်.. “အရှုံးပေးလက်ခံခြင်းရဲ့ ပထမအဆင့်ကို သမီး လုပ်နိုင်ခဲ့ပြီဆိုတော့ အခု ဒုတိယအဆင့်ကို ဆက်လုပ်ရတော့မယ်။ အဲ့ဒါကတော့ သမီး ကြုံတွေ့ရတဲ့ ကိစ္စတွေအပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကနေ လွှတ်မြောက်နိုင်ဖို့ပါ။”
အဘိုးအိုသည် လော့လင်းကို ဂရုဏာအပြည့်နှင့်ကြည့်ပြီး “လူတိုင်းပာာ သမီးလိုမျိုးပဲ.. စိတ်ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျဆင်းမှု ခံစားနေရတဲ့အချိန်မှာ အဲ့ဒီ စိတ်ခံစားချက်တွေကနေ လွတ်မြောက်ချင်ကြတယ်။ ဒီလိုနဲ့ အဲ့ဒီ ခံစားချက်ကို ဖိနှိပ်ထားမယ်၊ မေ့ဖျောက်ထားကြမယ်၊ စသဖြင့် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြတယ်။ ဒါပေမယ့် သမီး မှတ်ထားရမှာက.. အဲ့ဒီ သမီးငြင်းဆန်လေလေ ခံစားချက်တွေက ဆက်ရှိနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကိစ္စတစ်ခုခု ဒါမှမဟုတ် ခံစားချက် တစ်ခုခုကို သမီး ငြင်းဆန်ဖို့ ကြိုးပမ်းတဲ့အခါမှာ သမီးရဲ့ အာရုံကို အဲ့ကိစ္စ ဒါမှမဟုတ် ခံစားချက်ပေါ်မှာပဲ ပိုမို စူးစိုက်နေစေတဲ့အတွက် အဲ့ဒီ ခံစားချက်တွေအပေါ် ပိုမို ကြီးမားတဲ့ စွမ်းအားတွေ သက်ရောက်လာပြီး သူ့ကိုအင်အား ပိုကြီးအောင် လုပ်ပေးလိုက်လိမ့်မယ်။ လေပင့်ရာ မီးလောင်ဆိုတဲ့အတိုင်း မတန်တဆ ကြီးထွားလာနိုင်တယ်။”
လော့လင်းသည် နားလည်ကြောင်း ခေါင်းညိတ်ပြရင်း.. “ဒါဆို ခံစားချက်တွေဆိုတာ စွမ်းအင် တွေပေါ့? အဘိုး အရင်က ပြောပြခဲ့သလိုပဲ စွမ်းအင်တွေက ၀င်လာပြီးရင် ထွက်သွားကြမှာပေါ့နော်? ဒါဆို ကျွန်မတို့ကသာ ၀င်မစွက်ဖက်ဘဲ ဒီအတိုင်း လွှတ်ထားရင် ပိုကောင်းမှာပေါ့နော်?” ဟု အဘိုးအိုကို ပြန်မေးနေလေသည်။
“မှန်တယ်..” ဟု ဆိုကာ အဘိုးအိုသည် ခေါင်းညိတ်ပြလိုက်သည်။
“မကောင်းတဲ့ စိတ်ခံစားချက်ဆိုတာ အမှောင်ထုနဲ့ တူတယ်။ သမီး သူတို့ကို မောင်းထုတ်လို့ ရမှာ မဟုတ်ဘူး။ သမီး လုပ်လို့ရတာက အလင်းကို ယူဝင်လာဖို့ပဲ.. အလင်းရောက်လာရင် အမှောင်လည်း သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။ ဒါက မပြောင်းလဲတဲ့ သဘာဝ နိယာမတရားပဲလေ..”
လော့လင်းသည် မျှော်လင့်ချက် အမျှင်တန်းလေး တွေ့သွားသည့်အလား ပျော်ရွှင်စွာနှင့် အဘိုးအိုကို “ဒါဆို အလင်းရောက်လာအောင် ကျွန်မ ဘယ်လို လုပ်ရမှာလဲ?”
လော့လင်း၏ စိတ်အားထက်သန်မှုကို အဘိုးအို သဘောကျသွားပြီး.. “၀မ်းမြောက်မှုဆိုတာ မကောင်းတဲ့ စိတ်ခံစားချက်ကို ချေဖျက်ဖို့ အကောင်းဆုံး အလင်းတန်းပဲ.. ဘယ်လို အလုပ်မျိုးက သမီးကို စိတ်ဝင်စားမှုနဲ့ ၀မ်းမြောက်မှု ပေးနိုင်လဲ?”
လော့လင်း ပြန်လည် စဉ်းစား ကြည့်လိုက်သည်။ မင်္ဂလာဆောင်ပြီး အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ချိန်မှ စ၍ လော့လင်းသည် သူမ ၀ါသနာပါသည့် အလုပ်ကို အချိန်မပေးခဲ့တော့ပေ။ သူမ ပျော်ရွှင်သော အချိန်များမှာ အမှတ်ကောင်း၍ ဆုရရှိခြင်း၊ ကျင့်မင်နှင့် ရုပ်ရှင် သွားကြည့်ခြင်း၊ အစားကောင်းစားခြင်း၊ မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခြင်း၊ စသည်တို့သာ ဖြစ်ပါသည်။
“အဘိုး ပြောဖူးတဲ့ ပျော်ရွှင်မှုနဲ့ ၀မ်းမြောက်မှုရဲ့ ခြားနားမှုကို သမီး မှတ်မိသေးလား?” ဟု အဘိုးသည် လော့လင်းကို မေးလိုက်သည်။
“အင်း.. ပျော်ရွှင်မှုဆိုတာ အပြင်က အရာတွေပေါ် မူတည်တယ်။ ပြီးတော့ သူ့ရဲ့ နယ်ပယ်က ကျဉ်းတယ်။ ၀မ်းမြောက်မှုဆိုတာ စိတ်ထဲကနေ ထွက်လာတာ.. ပြီးတော့ သူ့ရဲ့ နယ်ပယ်က ကိုယ့်ရဲ့ ဘေးမှာ ရှိတဲ့လူတွေအားလုံးပေါ် ပျော်ရွှင်စေနိုင်တဲ့အထိ ကျယ်ပြန့်တယ်။” ဟု လော့လင်း ပြန်ဖြေလိုက်သည်။
ပြန်ဖြေရင်း လော့လင်းသည် သူမ၏ အခြေအနေကို ရိပ်မိနားလည်သွားပါသည်။ သူမ၏ ဘ၀တွင် ၀မ်းမြောက်မှု အစစ်အမှန် မရှိသလောက် ရှားပါးခဲ့ပါသည်။ အချိန်အတော်ကြာ စဉ်းစားလိုက်မှ လော့လင်းသည် သူမ ငယ်စဉ်တွင် အက ကရတာကို အလွန်နှစ်သက်ခဲ့ကြောင်း သတိရလာသည်။ သို့သော် အက ၀ါသနာကို သူမ အချိန်မပေးနိုင်ခဲ့ပေ။ ကလေးသူငယ်များကိုလည်း သူမ အလွန်ချစ်ခင် နှစ်သက်ပါသည်။ သူတို့နှင့် နေရသောအခါ စိတ်ရွှင်လန်းစေသည်။ ထို့အပြင် သဘာဝ တောတောင်များကိုလည်း သူမ အလွန် ကြိုက်နှစ်သက်လေသည်။
“အရမ်းကောင်းတယ်။” ဟု အဘိုးအိုသည် လော့လင်း၏ ကြိုက်နှစ်သက်မှုများကို ထောက်ခံလိုက်သည်။ “သမီး စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးတစ်ခု ထွက်လိုက်လေ.. သဘာဝ ရှုခင်းတွေဟာ စစ်မှန်တဲ့ မိမိကို တွေ့နိုင်ဖို့ ကူညီပေးနိုင်တယ်။ ပြီးတော့ အကသင်တန်းကိုလည်း သမီး သွားတက်လို့ ရတာပဲ..”
“အကသင်တန်း တက်ရမယ်?” လော့လင်း တွေဝေနေလေသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ?” ဟု အဘိုးအိုသည် ပြုံးပြီး မေးလိုက်သည်။ “အက ကတယ်ဆိုတာ သမီးကို စိတ်ရွှင်လာစေနိုင်သလို လေ့ကျင့်ခန်းလည်း လုပ်ပြီးသား ဖြစ်စေတယ်လေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ အကကို သမီးရဲ့ မကောင်းတဲ့ စွမ်းအင်တွေရဲ့ ထွက်ပေါက်အဖြစ်လည်း သုံးနိုင်တယ်။” လော့လင်း နားထောင်ရင်းနှင့်ပင် စိတ်ထဲ ၀မ်းမြောက်လာသလိုလို ရှိလာသည်။
“ပြီးတော့ နောက်နည်းကောင်းတစ်ခုကတော့ စိတ်တည်ငြိမ်အောင် လုပ်ပေးဖို့ပါ။ စိတ်တည်ငြိမ်အောင် ကျင့်ပေးတယ်ဆိုတာလည်း ကစဥ့်ကလျားဖြစ်နေတဲ့ အတွေးတွေကို ပြန်စုပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ..။ ဘာကြောင့်လဲဆိုတော့ စိတ်ငြိမ်အောင် လုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ အသိအာရုံကို တိုးစေတယ်။ ဒီလိုနည်းအားဖြင့် ကိုယ့်ရဲ့ အတွေးတွေကို ထိန်းချုပ်လာနိုင်ပြီး စစ်မှန်တဲ့ကိုယ်နဲ့ တွေ့ဆုံလာနိုင်လိမ့်မယ်။”
အဘိုးသည် ခဏလောက် နားလိုက်ပြီး ဆက်၍ “စိတ်ကို တည်ငြိမ်အောင် ကျင့်ပေးတယ်ဆိုတာ နေ့ချင်းညချင်းနဲ့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျင့်တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့မိမိကို ကိုယ်စားပြုတဲ့ ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်မှု၊ ငြိမ်းချမ်းမှု တွေနဲ့ နီးစပ်လာတယ်လို့ ခံစားလာရလိမ့်မယ်..” ဟု ရှင်းပြနေသည်။
“ကြွက်သားတွေကျင့်တဲ့အတိုင်းပေါ့.. နေ့ချင်းညချင်း ကြီးထွားလာမှာ မဟုတ်ဘူး.. ဒါပေမယ့် တစ်နေ့ထက် တစ်နေ့ သန်မာလာတာကို ခံစားရတယ်” ဟု လော့လင်းသည် မိမိ စဉ်းစားမိသော ဥပမာနှင့် ပြောလိုက်သည်။
“မှန်တယ်။” အဘိုးအိုသည် ပြုံးလိုက်သည်။ “ပြီးတော့ တဖြည်းဖြည်းနဲ့ သမီးကို စိတ်ရွှင်လန်းစေတဲ့ အရာလေးတွေကို နေရာတိုင်းမှာ သတိထားလာမိလိမ့်မယ်။ လေတိုက်လို့ လှုပ်ခတ်သွားတဲ့ ပန်းကလေး တစ်ပွင့်ကအစ ကလေးငယ် တစ်ယောက်ရဲ့အပြုံး၊ နေရောင်အောက်မှာ တောက်ပနေတဲ့ သစ်ရွက်တွေ၊ သူငယ်ချင်းတစ်ယောက်ရဲ့ နှုတ်ဆက်လိုက်တဲ့ အသံတွေကအဆုံး သမီးကို ၀မ်းမြောက်စေတယ်။ စိတ်ငြိမ်းချမ်းစေတယ်။”
လော့လင်းသည် ခဏတိတ်ဆိတ်သွားပြီး ငြိမ်သက်ခြင်းကို ခံစားကြည့်နေလေသည်။ ခဏလောက်နားပြီး အဘိုးအိုသည် ဆက်၍.. “အဘိုးတို့ ဒီနေ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အတွေးအခေါ်ကို ကျော်ဖြတ်ခြင်း ဆိုတဲ့ သင်ခန်းစာကို စလိုက်ကြရအောင်..” ဟု ပြောရင်း စက်ဝိုင်း၏ နောက်ဆုံးအဆင့်တွင် ‘စိတ်တည်ငြိမ်ခြင်း’ ဟူ၍ ရေးလိုက်သည်။
ဒီနောက်ဆုံးအဆင့်က အရှေ့က သုံးဆင့်ကြောင့် ဖြစ်ပေါ်လာရတာ.. “လူတွေဟာ စစ်မှန်တဲ့မိမိနဲ့ ဝေးသထက် ဝေးသွားပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားတယ်လို့ ခံစားလာရလိမ့်မယ်။ ဒါကြောင့် အရာဝတ္ထုတစ်ချို့နဲ့ အစားထိုးဖို့ လုပ်လာလိမ့်မယ်။ ဒီလိုနဲ့ အတ္တဖြစ်တဲ့ Ego တွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီ Ego တွေဟာ သူတို့ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အပြင်က အရာတွေကို ပိုင်ဆိုင်ဖို့ မနားတမ်း ကြိုးစားနေလိမ့်မယ်။”
ဤ Ego ဆိုသော အရာကို လော့လင်း ကြုံခဲ့ဖူးပါသည်။ အထူးသဖြင့် ရုံးလုပ်ငန်းတွင် ရာထူးများ လိုချင်၍ အပြိုင်အဆိုင် ကြိုးပမ်းကြမှုများ၊ ချောက်တွန်းကြမှုများ၊ ကလိမ်ကကျစ်ကျမှုများ၊ စသည်တို့ကို သူမ ကိုယ်တိုင် ကြုံခဲ့ဖူးပါသည်။
“မိမိကိုယ်ကိုယ် ခံယူချက်ဆိုတာ အများအားဖြင့် ဆယ်ကျော်သက်ကနေ စတင်လာတာ.. အဲ့ဒီအချိန်ကစပြီး ဆံပင်ပုံစံ၊ သူငယ်ချင်း အပေါင်းအသင်း၊ စတိုင်ခေတ်မီမမီ၊ စတာတွေကို လိုက်စားလာကြတယ်။ အခုခေတ် လူငယ်တွေကတော့ လက်ကိုင်ဖုန်းတွေ၊ နာမည်ကြီး အသုံးအဆောင်တွေကို စွဲလမ်းလာကြတယ်။ နာမည်ကြီး လက်ကိုင်ဖုန်းကို ကိုင်ထားရင် ခံစားချက်ကလည်း မတူတော့ဘူးလေ.. ဈေးကြီးတဲ့ အ၀တ်အစား ၀တ်ထားရင် ကျောကလည်း ပိုမတ်လာသလိုပေါ့” ဟု ပြောရင်း အဘိုးအိုသည် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
“ကျောင်းရဲ့ အသင်အပြ၊ အိမ်ရဲ့ ဆိုဆုံးမမှုတွေဟာ ကလေးကို သူတို့ကိုယ်သူတို့ သိရှိအောင်၊ နားလည်အောင် မသင်ပေးနိုင်ခဲ့ဘူး။ ပြင်ပက အရာတွေကို အမှီမပြုဘဲ ကိုယ့်ရဲ့ အတွင်းထဲကနေ စွမ်းအင်တွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသင်ပေးခဲ့ဘူး.”
အဘိုး၏ စကားကြောင့် လော့လင်းသည် အရင်က ကျင့်မင်နှင့် ခရီးထွက်တုန်း သဘောင်္ပေါ်တွင် လင်မယားနှစ်ယောက်နှင့် စကားပြောခဲ့သည်ကို ပြန်လည် အမှတ်ရလာသည်။ လော့လင်းသည် သိလိုစိတ်နှင့် ထိုလင်မယားကို “ရှင်တို့ ဘယ်ကလာတာလဲ?” ဟု မေးလိုက်သည်။
ထိုအမျိုးသားသည် “ကျွန်တော်က ရှန်ဟိုင်းမှာကော ဟောင်ကောင်မှာပါ အိမ်တွေရှိတယ်။” ဟု ထူးဆန်းစွာ ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင် ဤအမျိုးသားသည် နည်းနည်းထူးဆန်းသည်ဟု ခံစားမိသော်လည်း ယခုမှ ပြန်လည် စဉ်းစားကြည့်လျှင် ထိုအမျိုးသား၏ Ego (အတ္တ) ခံယူချက်ကြောင့် ကြွားဝါလိုခြင်း ဖြစ်ပါသည်။ ထိုသူသည် သူ၏ အိမ်ရာများသည် သူ၏ ကိုယ်စားပြုထားသော အရာတစ်ခုဟု ခံယူထားလေသည်။ ထိုအကြောင်းကို စဉ်းစားမိပြီး လော့လင်းသည် မနေနိုင်တော့ဘဲ “ကျွန်မတို့ ကျောင်းပြီးတာနဲ့ အလုပ်တွေဟာ ကျွန်မတို့ရဲ့ ဘ၀ခံယူချက်တွေ ဖြစ်လာခဲ့တယ်။ ပြီးတော့ ကျွန်မတို့ မောင်းတဲ့ကား၊ နေတဲ့အိမ်၊ ကိုယ့်ရဲ့ ဘ၀ကြင်ဖော်၊ ကလေးတွေ စတာတွေလည်း ကျွန်မတို့ရဲ့ ဘ၀ခံယူချက်တွေ ဖြစ်လာတယ်”ဟု သူမ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။
လော့လင်းပြောသည်များကို အဘိုးအို ထောက်ခံပါသည်။ ထို့နောက် နောက်ဆုံးစက်ဝိုင်းတွင် စက်ဝိုင်းများ အထပ်ထပ် ရေးဆွဲလိုက်ပြီး လူများ မိမိကိုယ်ကိုယ် ခံယူထားချက်များကို ချရေးလိုက်သည်။
“သမီးကြည့်.. အဘိုးအိုသည် အပြင်ဖက်ရှိ စက်ဝိုင်းများကို ထောက်ပြရင်း.. အပြင်ဖက်ကို ချဲ့လေလေ၊ စစ်မှန်သောမိမိဖြစ်တဲ့ ဗဟိုချက်နဲ့ ဝေးလေလေပဲ.. ဒါက သမီး ဟိုးအရင်က မေးခဲ့ဖူးတဲ့ ‘ဘာကြောင့် လူတိုင်းက ချမ်းသာ ပျော်ရွှင်မှုကို ရှာဖွေနေကြပေမယ့် တကယ် ချမ်းသာ ပျော်ရွှင်တဲ့သူက နည်းနေရတာလဲ?’ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ..”
အဘိုးအိုသည် ဆက်လက်၍ “Ego ဆိုတဲ့ အတ္တတွေဟာ ပြင်ပက အရာတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားရုံမကဘူး.. သူဟာ ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်တွေ၊ ခံယူချက်တွေကိုပါ လွှမ်းမိုးဖို့ ကြိုးစားပြီး ကိုယ်နဲ့ တစ်သားတည်းဖြစ်အောင် အမြဲလုပ်နေလိမ့်မယ်။” ဟု ရှင်းပြနေသည်။
လော့လင်း၏ နားမလည်နိုင်သည့် ပုံကို ကြည့်ပြီး အဘိုးအိုသည် ပြုံးကာ “ဥပမာအနေနဲ့ပြောရရင် လူတစ်ချို့ဟာ သူတို့က အမြဲတမ်း ခံနေရတဲ့သူဖြစ်တယ်လို့ မှတ်ယူထားကြတယ်ဆိုပါစို့.. တကယ်လို့ သူတို့ကို ဒုက္ခပေးတယ်လို့ သတ်မှတ်ထားတဲ့သူတွေကို သူတို့အပြစ်မတင်ရဘူးဆိုရင် သူတို့ရဲ့ တည်ရှိမှု မရှိတော့ဘူးလို့ ခံစားမိစေလိမ့်မယ်။” ဟု ဆက်လက်ရှင်းပြလိုက်သည်။ လော့လင်းသည် နားလည်သလိုလိုရှိလာကာ “ဒီလိုနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အတွေးတွေကို လက်ခံလာပြီး အဲ့ဒီအတွေးတွေက မှန်ကန်တယ်လို့ လုံးဝယုံကြည်သွားလိမ့်မယ်။” ဟု ဖြည့်စွက်ပြောလိုက်သည်။
“မှန်တယ်!” အဘိုးအိုသည် လော့လင်းကို ချီးကျူးလိုက်သည်။ “တစ်ချို့လူတွေရဲ့ Ego တွေဆိုရင် သူတို့တွေ့ကြုံရတဲ့ ကိစ္စတွေ ဒါမှမဟုတ် ရောဂါတွေကို လက်ခံယုံကြည်လာကြတယ်။ သမီးရဲ့ သူငယ်ချင်း လုလုက သူဟာ စွန့်ပစ်ခံရတဲ့ကလေး လို့မှတ်ယူထားတဲ့ပုံလိုမျိုးပေါ့.. တစ်ချို့ကျတော့လည်း ကိုယ်ဟာ ရောဂါသည်လို့ သတ်မှတ်ထားကြတယ်။ ဒီလိုလုပ်မှပဲ သူတို့ကိုယ်သူတို့ တည်ရှိကြောင်း ပိုမိုခံစား ရစေလို့ပဲ..”
အဘိုးအိုသည် လော့လင်းကို ကြည့်လိုက်သည်။ ထို့နောက် ‘မိမိကိုယ်ကိုယ်ခံယူချက်’ စက်ဝိုင်းပေါ်တွင် ‘သတိ’ ဟူသော စကားလုံးကို ဖြည့်စွက်လိုက်လေသည်။ ထို့နောက်လော့လင်းကို “အိမ်ပြန်ရောက်ရင် သမီးမှာ ဘာ Ego တွေ ရှိနေပြီး အဲဒါတွေကို ဘယ်လို ကျော်ဖြတ်မယ်ဆိုတာကို ပြန်စဉ်းစား ကြည့်လိုက်အုံးနော်” ဟု မှာကြားလိုက်လေသည်။
လော့လင်းသည် အဘိုးအို မိတ်ဆက်ပေးထားသော နောက်ဆုံးတွေ့ရမည့်သူနှင့် တွေ့ချင်နေလှပြီ။ ထိုသူသည်လည်း ခါတိုင်းတွေ့နေကျသူများကဲ့သို့ပင် နာမည်ကြီး အောင်မြင်သူ တစ်ယောက် ဖြစ်နေမည်ဟု လော့လင်း မှန်းဆမိပါသည်။ သူမသည် အဘိုးပေးလိုက်သော လိပ်စာအတိုင်း မြို့ထဲရှိ အချမ်းသာဆုံး လူကုံထံများ နေထိုင်ရာ အိမ်ရာဝင်းသို့ ရောက်ရှိလာသည်။ အိမ်တွင်း အစေခံမှူးမှ အခါခါ စစ်ဆေးမေးမြန်မှု ပြုလုပ်ပြီးနောက် လော့လင်းအား အလွန်သားနားသော ဧည့်ခန်းသို့ ခေါ်သွားလေသည်။ ဧည့်ခန်း၏ နံရံများတွင် တန်ဖိုးကြီးလှသော နာမည်ကြီး ပန်းချီကားများကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
အိမ်ရှင်ထွက်လာသောအချိန်တွင် လော့လင်း ထိတ်လန့်သွားလေသည်။ ထိုသူသည် ထိုင်ဝမ်၏ နည်းပညာ လုပ်ငန်းတွင် တိတ်တိတ်ကြဲ နာမည်ကြီးသော လုပ်ငန်းရှင် ဖြစ်နေသည်။ ‘သူလည်း အဘိုးအိုနှင့် ကြုံခဲ့ဖူးသလား?’ ဟုလော့လင်း တွေးနေချိန်တွင်ပင် ပိုင်ရှင်သည် လော့လင်းကို ပျူဌာစွာ ကြိုဆိုလိုက်သည်။
ထို့နောက် “အဘိုးနေကောင်းလား?” ဟု မေးလိုက်လေသည်။
လော့လင်းသည်လည်း “ဟုတ်ကဲ့..” ဟုသာ ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။
“ညီမရဲ့ အခုလက်ရှိ အခြေအနေက ဘယ်ရောက်နေပြီလဲ?”
“ကိုယ့်ကိုယ်ကိုယ် ခံယူချက်ဆိုတဲ့ အဆင့်ရောက်နေပါပြီ” ဟု လော့လင်း ပြန်လည်ဖြေကြားလိုက်သည်။ သူတို့နှစ်ယောက် ပြောနေသော စကားသည် အပြင်လူများ နားမလည်နိုင်သော စကားများဖြစ်နေမည်ကို တွေးမိပြီး လော့လင်း ပြုံးသွားလေသည်။
“ဟားဟားဟား.. အဘိုးကတော့ ကျွန်တော့်ကို အမြဲတမ်း အခက်ဆုံး အပိုင်းပဲ ချန်ပေးထားတယ်။” ဟုဆိုကာ အိမ်ရှင်သည် အားရပါးရ ရယ်လိုက်လေသည်။ ထို့နောက်အိမ်ရှင်သည် အရယ်ကို ရပ်လိုက်ပြီး ရှေးဖြစ်နှောင်းဟောင်းများ အကြောင်းကို စတင် ပြောလေတော့သည်။
“အဲ့ဒီနှစ်မှာ ကျွန်တော့်ရဲ့ အမျိုးသမီး ဆုံးသွားတယ်လေ.. ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ငန်းလည်း အကြပ်အတည်း ဖြစ်လာတယ်။ ဒီအချိန်မှာပဲ ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့အတိုင်း ကျွန်တော့်ရဲ့ ကျန်းမာရေးကလည်း ဆိုးရွားလာတယ်။ ကျွန်တော်က အမြဲလိုလို ပျော်ပျော်နေတတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူပါ။ ဒါပေမယ့် ဒီလို ပြဿနာ တစ်သီကြီးနဲ့ ကြုံတွေ့လာရတဲ့ အချိန်မှာတော့ လူ့ဘ၀ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းတွေ စထုတ်လာတယ်။”
အိမ်ရှင်သည် ဆေးလိပ်ခိုးငွေ့ မှုတ်ထုတ်လိုက်ပြီး သူ၏ ပုံပြင်ကို ဆက်လေသည်။ “ကျွန်တော့်ကိုယ် ကျွန်တော် အရှုံးသမား၊ ဘာမှတန်ဖိုးမရှိတဲ့လူလို့ ခံစားလာရတဲ့အချိန်မှာ အဘိုးနဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်ရဲ့လုပ်ငန်း၊ အိမ်ထောင်ရေး၊ အောင်မြင်မှုတွေ အားလုံးဟာ ကျွန်တော့်ကိုယ်အစစ် မဟုတ်ဘူးဆိုတာကို အဘိုးက ပြခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို ကျွန်တော်ကစွဲလမ်းခဲ့တယ်။ ကျွန်တော့်ဟာလို့ သတ်မှတ်ခဲ့တယ်။ အဲ့ဒီအရာတွေကို ဘုရားသခင်က မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးဖျက်စီးပစ်လိုက်တဲ့အချိန်မှာ ကျွန်တော် ခံနိုင်ရည် မရှိတော့ဘူး။”
အိမ်ရှင်သည် ခေါင်းခါလိုက်ရင်း.. “ကျွန်တော်တို့လူတွေဟာ တော်တော်လေး တုံးအကြတယ်။ ကျွန်တော်တို့ရဲ့ Ego တွေက သူတို့ ဆက်လက် ရှင်သန်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အရာအားလုံးကို စွဲလမ်းအောင် လုပ်နေလိမ့်မယ်။ အရှင်းဆုံး ဥပမာအနေနဲ့ ညီမကို ပြရမယ်ဆိုရင် တစ်ချို့ကလေးဆို စာရွက်တစ်ရွက် အတွက်နဲ့တောင် ခိုက်ရန်ဖြစ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီစာရွက်က သူတို့ပိုင်တဲ့အရာ ဆိုပြီး ခံယူထားလိုက်တဲ့အတွက် တခြားလူ ယူသွားတဲ့အချိန်မှာ သူတို့ရဲ့ ego ဟာ ထိခိုက်ခံလိုက်ရလို့ပဲ။” ဟု ဆက်ပြောနေသည်။ “ကလေးတွေတင် မဟုတ်ပါဘူး။” လော့လင်းသည် သတ္တိမွေးပြီး သူမ၏ အမြင်ကို ၀င်ရောက် ပြောဆိုလေသည်။ “အမေရိကန်နိုင်ငံရဲ့ အမြန်လမ်းမကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ သေနတ်ပစ်ခတ်မှု တွေဆိုတာလည်း လူတွေက လမ်းမကြီးဟာ သူတို့ပိုင်တယ်လို့ သဘောထားနေကြလို့ ဖြစ်တယ်။ ဒါကြောင့် တခြားကားတွေက သူတို့ရဲ့ကားတွေကို ကျော်တက်ချိန်မှာ ဒေါသဖြစ်ပြီး အမှုတွေဖြစ်တဲ့အထိ ဖြစ်လာတာပေါ့။”
“ဟားဟားဟား.. ညီမ ပြောတာမှန်ပါတယ်။” ဟု အိမ်ရှင်သည် လော့လင်းကို ချီးကျူးလိုက်သည်။
“ဒီအကြောင်းအရာတွေကို ကျွန်တော်နားလည်သွားတဲ့အချိန်မှာ ကျွန်တော့် အတွေးအမြင်၊ ခံယူချက်တွေကို ပြန်ပြင်ပြီး ကျွန်တော့်ပြဿနာတွေကို ပြန်ရင်ဆိုင်ခဲ့တယ်။ ကျွန်တော်လုပ်နေတဲ့ အရာတွေအားလုံးဟာ ကျွန်တော့်ရဲ့ အတ္တမာန Ego ကို အစာ ကျွေးနေတာ မဟုတ်စေတော့ဘဲနဲ့ ကျွန်တော် တကယ်ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ ဆိုတဲ့နေရာကနေ စဉ်းစားပြီး လုပ်လာတော့တယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ လုပ်ငန်းလည်း ပြောင်းလဲတိုးတက်လာတယ်။ ကျန်းမာရေးလည်း ပြန်ကောင်းလာတယ်။ ကျွန်တော်နဲ့ ကိုက်ညီတဲ့ ဘ၀လက်တွဲဖော်တစ်ယောက်နဲ့လည်း တွေ့ခဲ့ရတယ်။”
ဤအကြောင်းပြောနေချိန်တွင်ပင် အိမ်ရှင်သည် ပြုံးသွားလေသည်။ “လူတော်တော်များများက ကျွန်တော် ဘာကြောင့် ငယ်ရွယ်တဲ့ ကောင်မလေးကို မယူဘဲနဲ့ အမျိုးသမီးကြီးကို ယူတယ်ဆိုပြီး ထူးဆန်းနေကြတယ်။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင် မိန်းမဆိုတာ ကိုယ်နဲ့ ဘ၀အတူတူ ဖြတ်သန်းဖို့လေ။ သူများကို ပြဖို့မှ မဟုတ်တာ။ အရေးကြီးဆုံးက တစ်ယောက်ကို တစ်ယောက်နားလည်ဖို့ပဲလေ။ ကျွန်တော့်ထက် (၁၀) နှစ်လောက်ငယ်တဲ့ မိန်းကလေးက ကျွန်တော့်ရဲ့ အကြိုက်၊ စိတ်နေစိတ်ထား၊ စိတ်သဘောတွေကို ဘယ်နားလည်နိုင်မှာလဲ? ငယ်ရွယ်တဲ့မိန်းမကို ယူရတဲ့ အကြောင်းရင်းတွေက အဲ့မိန်းကလေးတွေကိုယ်ကနေ ကိုယ့် ego ရဲ့ လိုချင်တောင့်တမှု ရမ္မက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲလေ။ ဒါကလည်း အဓိပ္ပာယ်မဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ခံယူချက်တစ်မျိုးပေါ့။”
လော့လင်းသည် သတ္တိမွေးပြီး သူမ သိချင်သော မေးခွန်းတစ်ခုကို မေးလိုက်လေသည်။ “ဒါနဲ့ အကို့ လက်အောက်ဝန်ထမ်းတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာခဲ့လဲ?”
အိမ်ရှင်သည် လော့လင်း၏ မေးခွန်းကို သဘောကျသွား၍ ပြုံးလိုက်လေသည်။ “ပြောင်းလဲမှုတွေ ရှိခဲ့တာပေါ့။ စကားကြီး စကားကျယ်တွေသာ ပြောပြီး သူဌေးကို ဖားတဲ့လူတွေဆို ကုမ္ပဏီမှာ ကြာကြာမခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ သူတို့ရဲ့ မြှောက်ပင့်ပေးတဲ့ စကားတွေနဲ့ ကျွန်တော့်ရဲ့ ego ကို အစာကျွေးဖို့ မလိုတော့ဘူးလေ။ လက်အောက်ဝန်ထမ်းတွေ အချင်းချင်း သူတို့ရဲ့ ego အတွက်ကြောင့် အချေအတင်ဖြစ်နေတာ တွေ့ရင်လည်း သူတို့ရဲ့ အမှားတွေကို ထောက်ပြပြီး ပြဿနာကို အမြန်ဆုံး ဖြေရှင်းလာနိုင်ခဲ့တယ်။” မြှောက်ပင့်မှုများကိုသာ သဘောကျသော သူဌေးများထက် ဤကဲ့သို့ ထက်မြက်သော သူဌေးနှင့် အလုပ်လုပ် ရသည့်သူများသည် ပိုမို ခက်ခဲမည်ဟု လော့လင်း မှန်းကြည့်နိုင်သည်။
“ဒါဆို ဒီလို အဆင့်အတန်း ခံယူချက်တွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် သိအောင် လုပ်ဖို့ လိုတာပေါ့နော်?” ဟု လော့လင်းသည် အိမ်ရှင်၏ အမြင်ကို သိချင်၍ မေးလိုက်သည်။
“မှန်တယ်။ အသိအာရုံဆိုတာ အဆင့်အတန်း ခံယူချက်တွေကို ကျော်လွှားဖို့ ပထမအဆင့်ပဲ။ ချက်ချင်းကြီး ကိုယ့်ခံယူချက်တွေကို စွန့်ပစ်ဖို့ဆိုရင် အရမ်းခက်ခဲတယ်။ မြင်တယ် ဆိုတာ ပထမဆုံး ခြေလှမ်းပါ။ ကိုယ်က အရာတစ်ခုခုကို ကိုယ့်ကိုယ်ကိုယ်လို့ ခံယူထားတယ်ဆိုတာ ဦးဆုံး မြင်နိုင်ရမယ်။ ကိုယ်ခံယူထားတဲ့အရာကို ချက်ချင်း စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ် စွဲလမ်း ခံယူထားတဲ့ အရာတွေအားလုံးဟာ ကိုယ် အစစ်အမှန် မဟုတ်ဘူး၊ မပိုင်ဘူးဆိုတာ သိသွားတဲ့အချိန်ကျရင် အိပ်မက်ကနေ နိုးလာတဲ့သူ တစ်ယောက်လို ဖြစ်သွားလိမ့်မယ်။”
အိမ်ရှင်သည် လော့လင်းကို ကြည့်ပြီး နောက်ဆုံးစကားပါးလိုက်သည်။ “ဒီကျင့်စဉ် တစ်ခုလုံးက ရှည်လျားတယ်။ ခက်ခဲတယ်။ ညီမကိုယ်တိုင် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ထားပြီး လိုက်လုပ်နိုင်မှရမယ်။”
လော့လင်းသည် အိမ်ရှင်ထံမှ နည်းလမ်းကောင်းများကို သင်ယူလိုက်ရသည်။ အိမ်ရှင်နှင့် နှုတ်ဆက်ထွက်ခွာလာချိန်တွင် သူမ၏စိတ် ရွှင်လန်းပေါ့ပါးနေလေသည်။ ကားပေါ်တက်ခါနီးအချိန်တွင် ဖုန်းမြည်သံကြား၍ ထုတ်ကြည့်လိုက်ချိန်တွင် လီကျင့်ရှင်း ထံမှဖုန်း ဖြစ်နေသည်။ ဖုန်းကိုင်/မကိုင်ရန် တွေဝေနေချိန်ပင် ဖုန်းကျသွားသည်။ ထို့နောက် ပြန်မြည်လာသည်။ လော့လင်းသည်လည်း ဖြစ်ချင်ရာဖြစ်ဟု တွေးကာ ဖုန်းပြန်ဖြေလိုက်သည်။
“ဟဲလို.. လော့လင်း ပြောနေပါတယ်။”
“ဟိုင်း.. လော့လင်း.. ဒီရက်ပိုင်း ဘယ်ပျောက်နေလဲ?”
“သြော်.. ဒီရက်ပိုင်း အလုပ်တော်တော်လေး ရှုပ်နေလို့ပါ။” ဟုသာ ပြန်ဖြေလိုက်သည်။ သို့သော် ကျင့်မင်၏ ကိစ္စကြောင့် အလုပ်ရှုပ်နေသည်ကိုတော့ ဖွင့်မပြောလိုတော့ပေ။
“သြော်.. နင်တစ်ခုခု ဖြစ်နေလားလို့ စိတ်ပူလို့ပါ။ ဒီရက်ပိုင်း ငါလည်း အလုပ်တော်တော်လေး ရှုပ်နေတယ်။ ငါ့သမီး နယူးယောက်ကနေ ငါ့ဆီကို လာလည်လို့လေ..” ဟု လီကျင့်ရှင်းသည် လော့လင်း မမေးသော်လည်း ပြောပြနေသည်။
“ဟင်.. ရှင့်သမီး? ဘယ်အရွယ်တောင် ရောက်နေပြီလဲ?”
“တော်တော်လေး ထွားနေပြီ။ ဟိုတလောကပဲ (၁၄) နှစ်ပြည့် မွေးနေ့ လုပ်လိုက်သေးတယ်။ အခုဆို အပျိုလေးလိုတောင် ဖြစ်နေပြီ။ ငါနဲ့ အတူ အပြင်ထွက်ရင်တောင် ငါ့ကောင်မလေးလို့တောင် အထင်လွဲခံ နေရတယ်။ ဟားဟားဟား..” ဟု လီကျင့်ရှင်းသည် ရယ်ရင်း ပြောလိုက်သည်။
လီကျင့်ရှင်း ပြောပြသည်ကို နားထောင်ရင်း လော့လင်းသည် လိပ်ပြာမလုံသလို ခံစားလာရသည်။ ထိုနေ့ ပန်းခြံတွင် လီကျင့်ရှင်းနှင့် တွေ့ခဲ့သော မိန်းကလေးကို သူ၏ ရည်းစားဟု ထင်ပြီး လီကျင့်ရှင်းသည် သူမကို သစ္စာဖောက်သည်၊ လိမ်လည်သည်ဟု ထင်မြင်ခဲ့မိသည့်အတွက် ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ ပြန်ရှက်နေမိလေသည်။ သူမ၏ Peptide ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့ခြင်းလော?
“ဟဲလို.. ဟဲလို.. ရှိနေသေးလား?” လော့လင်းထံမှ ဘာမှ ပြန်ပြောသံ မကြားရသဖြင့် လီကျင့်ရှင်းသည် စိတ်ပူပြီး မေးလေသည်။
“အင်း.. ဟုတ်.. ရှိပါတယ်။ ဒီမှာ လိုင်းသိပ်မမိလို့ပါ။ အခု ပြန်ကြားရပြီ။ ဒါဆို နင်အားတဲ့နေ့မှာ တွေ့ကြမယ်လေ။ အဆင်ပြေမလား?” ဤတစ်ကြိမ်တွင် လော့လင်းမှ ရဲတင်းစွာ စတင်ဖိတ်ခေါ်လိုက်လေသည်။
“ဟာ.. အဆင်ပြေတာပေါ့! ငါ့သမီးလည်း မကြာခင် ပြန်တော့မှာဆိုတော့ ငါလည်း အားပြီ။ ငါပြန်ခေါ်လိုက်မယ်လေနော်.” “အိုကေ.. တာ့တာ”
ဖုန်းချလိုက်ချိန်တွင် လော့လင်း၏စိတ်တွင် ပေါ့ပြီး ရွှင်လန်း အေးချမ်းနေသည်။ လီကျင့်ရှင်းအား အထင်လွဲနေခြင်း ရှင်းသွားရုံမက သူမ၏ Peptide အလုပ်လုပ်ပုံကိုပါ သတိထားနိုင်မိသည့်အတွက် စိတ်ထဲ ကျေနပ်နေလေသည်။
လော့လင်းသည် အိမ်ငယ်လေးတွင် ပျော်ရွှင်စွာ ထိုင်နေရင်း သူမနှင့် သူဌေးကြီး တွေ့ဆုံခဲ့သည့်အကြောင်းကို အဘိုးအိုအား ပေါက်ပေါက် ဖောက်သကဲ့သို့ ပြောပြနေလေသည်။ ထို့နောက် မိမိ၏ ego (အတ္တ) ကိုလည်း အနိုင်ယူနိုင်ခဲ့ပုံကိုလည်း ပြောပြလိုက်သည်။ အဘိုးအို၏ စိတ်ဝင်တစား နားထောင်နေမှုသည် လော့လင်းကို ပြောအားပိုရှိစေသည်။
နောက်ဆုံး အဘိုးအိုသည် “အဘိုးတို့ ကြံတိုင်းအောင်တဲ့ အကြောင်း ပြောဖို့ အချိန်တန်ပြီ။” ဟု လော့လင်းအား ပြောလိုက်သည်။ အဘိုး၏ စကားကို ကြားလိုက်ရသောအခါ လော့လင်း အလွန် စိတ်လှုပ်ရှား သွားလေသည်။
အဘိုးအိုသည် ခံတွင်းရှင်းလိုက်ပြီး သင်ခန်းစာ စတင်လေတော့သည်။ “လူတွေ ပြောပြောနေတဲ့ ကြံတိုင်းအောင် နည်းလမ်းဆိုတာ မသိစိတ်ရဲ့ စွမ်းအင်တွေကို စုစည်းပြီး အတွေးတွေနဲ့ ကိုယ်လိုချင်တဲ့ အရာတွေကို အမြဲ တွေးနေရမယ်လို့ ဆိုတယ်။”
“အဲ့နည်းလမ်းကို ကျွန်မ လုပ်ကြည့်ဖူးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။” ဟု လော့လင်းသည် အဘိုးအို၏ စကားကို ဖြတ်ပြောလိုက်သည်။ လော့လင်း စကားကြားဖြတ်ပြောသည်ကို အဘိုးအိုသည် ဗွေမယူဘဲ သူမကို “ဘာကြောင့် အလုပ်မဖြစ်လဲဆိုတာ သမီးသိလား?” ဟု အေးဆေးစွာ ပြန်မေးလိုက်လေသည်။
လော့လင်း စဉ်းစားလိုက်ပြီး.. “အင်း.. ဟို မြင်းလှည်းပုံအတိုင်းပေါ့! သနားစရာ မြင်းလေးက သူဘယ်လိုပဲ ကြိုးစား ကြိုးစား အရာမထင်ဘူး။ မြင်းလှည်းဆရာက နောက်မှာ ထိန်းချုပ်ထားလို့လေ။ မဟုတ်သေးဘူး.. မြင်းလှည်းဆရာက မြင်းလှည်းထဲမှာ ထိုင်နေတဲ့ အရှင်သခင်ကို နားထောင်ရမှာ.. သခင်က တောင်ဖက်သွားချင်ရင် မြင်းလှည်းဆရာက မြောက်ဖက် ဘယ်မောင်းရဲမှာလဲ!” ဟု အဘိုး အရင်တွင် ပေးဖူးသော သင်ခန်းစာအကြောင်း ပြန်လည်ပြောနေလေသည်။
“အရမ်းကောင်းတယ်။” ဟု အဘိုးအိုသည် ချီးကျူးလိုက်လေသည်။ ထို့နောက် ဆက်၍ “ဥပမာအနေနဲ့ မိန်းကလေး တစ်ယောက်ဟာ ယောက်ျားကောင်း တစ်ယောက်နဲ့ ညားချင်တယ်ဆိုပါစို့.. အပြင်ပန်းမှာဆိုရင် သူမဟာ ကြိုးစားပြီး ယောက်ျားကောင်းကို ရှာဖွေနေတယ်ဆိုပေမယ့် သူမရဲ့ မသိစိတ်ထဲမှာတော့ သူမဟာ အဲ့လိုကောင်းမွန်တဲ့ အိမ်ထောင်ရေးနဲ့ မထိုက်တန်ဘူးလို့ မှတ်ယူထားတယ်။ ဒါကြောင့် သူမ ကြုံတွေ့ရမယ့် ဘ၀သင်ခန်းစာကတော့ သူမဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ် ဆိုတာကို သတ်မှတ်ထားပြီး ဖြစ်နေပြီ။ အဲ့ဒီ သင်ခန်းစာကို တကယ့်စိတ်ရင်းနဲ့ မလေ့လာ မသင်ယူသ၍ သူမ ကြိုးစားပြီး ယောက်ျားကောင်း ရှာနေတာတွေအားလုံးဟာ အချည်းနှီးတွေပဲ ဖြစ်ကုန်မှာ.. သူမသာ သူမအကြောင်းသူမ ကောင်းကောင်း သင်ယူပြီးသွားရင် သူမ တကယ်လိုချင်တဲ့ အရာတွေဟာ ရေစီးလှိုင်းအတိုင်းပဲ တားမရ ဆီးမရ ရောက်လာလိမ့်မယ်။” ဟု ရှင်းပြလေသည်။
“ဒါဆို လူတစ်ယောက်ဟာ အရမ်း အောင်မြင်ချမ်းသာချင်ပေမဲ့ သူ့ရဲ့မသိစိတ်ထဲမှာ သူက အမြဲကျရှုံးနေတဲ့လူလို့ မှတ်ယူထားမယ်ဆိုရင် သူ့ရဲ့ စစ်မှန်တဲ့ကိုယ်က သူ့ကို သတ်မှတ်ပေးလိုက်တဲ့ ဘ၀သင်ခန်းစာဟာ ကျရှုံးမှုတွေကနေ ကိုယ့်ရဲ့ တန်ဖိုးကို ရှာဖွေရမယ်။ သူရဲ့ ဘ၀ပုံစံကို သူနားမလည် သရွေ့တော့ သူဘယ်လောက်ပဲ ကြိုးစားပြီး ပိုက်ဆံရှာနေပါစေ အရာထင်မှာ မဟုတ်ဘူး။ သင်ယူရမယ့် ဘ၀သင်ခန်းစာကို ကျော်ဖြတ်နိုင်မှ သူလိုချင်တဲ့ တကယ့် အောင်မြင်ချမ်းသာတဲ့ ဘ၀ကို ရနိုင်မှာပေါ့နော်?” ဟု လော့လင်းလည်း သူမ နားလည်ထားသကဲ့သို့ ပြောနေလေသည်။
လော့လင်း၏ ဉာဏ်ပြေးမှုကို အဘိုးအို သဘောကျသွားပြီး ပြုံးလိုက်လေသည်။ “ဒါကြောင့် ကြံတိုင်းအောင် ရဲ့ ပထမစည်းမျဉ်းကတော့ သမီး လိုချင်တယ် ဆိုတဲ့ အရာတွေက သမီးနဲ့ ထိုက်တဲ့ အရာတွေဖြစ်ရမယ်။ တစ်ခြားလူတွေ အတွက်လည်း အကျိုးရှိတဲ့ အရာတွေ ဖြစ်ရမယ်။ တစ်ခြားတဖက်မှာလည်း ကိုယ့်မသိစိတ်နဲ့ စစ်မှန်တဲ့ကိုယ်ကို နားလည်အောင်လုပ်ပြီး ကိုယ့်ရဲ့ မသိစိတ်က ထိန်းချုပ်ထားတဲ့ ဘ၀ရှင်သန်မှု ပုံစံကို ပြောင်းလဲပစ်ရမယ်။ ဒီလိုသာ မလုပ်ရင် ကြံတိုင်းအောင်ဆိုတာ စာထဲမှာသာ ရှိပြီး လက်တွေ့မဖြစ်နိုင်ဘူး ဆိုတာ ဖြစ်သွားလိမ့်မယ်။”
“ဒါဆို ဒီအရာတွေအားလုံးဟာ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ပဲ သက်ဆိုင်တာပေါ့။ အပြင်က အရာတွေနဲ့ မသက်ဆိုင်ဘူးပေါ့နော်?” လော့လင်းသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မှန်တယ်။ ကိုယ့်ရဲ့ မသိစိတ်နဲ့ ပြန်လည် ချိတ်ဆက်ပုံတွေ၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို နားလည်ပုံတွေ၊ ကိုယ့်ရဲ့ အတိတ်က ခံယူထားချက်တွေကို ပြန်လည် ဆန်းစစ်ပုံတွေနဲ့ မလိုအပ်တဲ့ အတ္တတွေကို ရှင်းထုတ်ပုံတွေကို သမီးသင်ထားပြီးပြီလေ.. အဲ့ဒါတွေအားလုံး သမီးလုပ်နိုင်ရင် ကြံတိုင်းအောင်ဖို့ဆိုတာ ခက်ခဲတဲ့အရာ မဟုတ်တော့ပါဘူး။” ဟု အဘိုးအိုသည် ဖြည့်စွက် ပြောဆိုလိုက်လေသည်။
“အဘိုးပြောတဲ့ အရာတွေဟာ ဘ၀ တစ်သက်စာရဲ့ သင်ခန်းစာတွေပဲ။ အရမ်းခက်တယ်။” ဟု လော့လင်းသည် ညည်းတွားလိုက်သည်။
“အဘိုးမှာ ဖြတ်လမ်းတွေ ရှိပါတယ်။” ဟုဆိုကာ အဘိုးအိုသည် လော့လင်းအား ပြုံးစိစိ ကြည့်လိုက်သည်။
“ဆွဲငင်အား နိယာမအကြောင်းကို သမီးမှတ်မိသေးလား?”
“ဟုတ်ကဲ့.. မှတ်မိပါတယ်။ အရာအားလုံးဟာ စွမ်းအင်တွေ ဆွဲငင်တာ ခံကြရတယ်။ ဒါကြောင့် တူညီတဲ့ စွမ်းအင် နှစ်မျိုးဟာ တစ်မျိုးကိုတစ်မျိုး အလိုအလျောက် ဆွဲငင်သွားလိမ့်မယ်။”
“မှန်တယ်။ ဒါကြောင့် သမီး စိတ်ထဲကနေ အရာတစ်ခုခုကို အရမ်းလိုချင်တဲ့အချိန်မှာ သမီးရဲ့ ကိုယ်ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှင့်နေလိမ့်မယ်။ အဲ့ချိန်မှာ စကြ၀ဠာ တစ်ခုလုံးက ချိတ်ဆက်ပြီး သမီးလိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကူည်ီပေးလာလိမ့်မယ်။”
“ဒါဆို ဘယ်လိုအရာမှ ကိုယ့်စိတ်ရင်းနဲ့လိုချင်တယ်လို့ ပြောလို့ရလဲ?” ဟု လော့လင်း မေးလိုက်သည်။
“သိပ်ကောင်းတဲ့ မေခွန်းပဲ” ဟု အဘိုးသည် လော့လင်းအား ချီးကျူးလိုက်လေသည်။
“အဲ့ဒါကတော့ တခြားလူကို အားကျပြီး တခြားလူလို ဖြစ်ချင်တဲ့ အတွေးသက်သက် မဟုတ်ဘဲနဲ့ သမီးရဲ့ ရင်ထဲကနေ လာတဲ့ ဆန္ဒတွေ ဖြစ်ရမယ်။ တခါတလေမှာ သမီး ဖြစ်ချင်တဲ့အကြောင်းကို စဉ်းစားလိုက်မိတိုင်း သမီးရဲ့ လက်ရှိအနေအထားကိုတောင် မေ့သွားတတ်တယ်။ တခါတလေမှာ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့တောင် ခံစားရလိမ့်မယ်။ Vision က အရမ်းအရေးကြီးတယ်။ သမီးလိုချင်တဲ့ အရာတွေ ရပြီလို့ ဦးနှောက်ထဲမှာ ပုံဖော်ကြည့်လို့ ရတယ်။ အသေးစိတ် ပုံဖော်နိုင်လေလေ ကောင်းလေလေပဲ။ အဲ့လို ပုံဖော်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ခံစားကြည့်ပါ။ ကြာရင် သမီးရဲ့ ဆဲလ်တစ်ခုချင်းစီက အဲ့ဒီ ခံစားချက်တွေနဲ့ ရင်းနှီးလာပြီး သမီးရဲ့ ပန်းတိုင်တကယ်ဖြစ်လာမယ်ဆိုတာကို သမီးရဲ့ အတွင်းကနေ ယုံကြည်လာလိမ့်မယ်။”
“၀ါး !!!” လော့လင်းသည် နားထောင်ရင်းပင် ရင်ထဲ စိတ်အားတက်ကြွလာလေသည်။
ရုတ်တရက် လော့လင်းသည် သူမ ကြည့်၍ သိပ်နားမလည်ခဲ့သောရုပ်ရှင်ကို သတိရလာသည်။ ထိုရုပ်ရှင်ထဲတွင် လူတို့၏ ဦးနှောက်သည် ယခုကြုံတွေ့နေရသော ကိစ္စများသည် တကယ် ဖြစ်ပျက်နေခြင်းလား။ စိတ်ကူးယဉ်၍ ထွက်ပေါ်လာခြင်းလား ဆိုသည်ကို မခွဲခြားနိုင်ပေ.. ဆိုသည်ကို သိပ္ပံနည်းအားဖြင့် ရှင်းလင်းထားသည်။ ဤအချက်သည် အဘိုးပြောနေသော ကြံတိုင်းအောင်ဆိုသည့် အကြောင်းနှင့် ပတ်သက်မှု ရှိမရှိဆိုသည်ကို အဘိုးအား မေးမည်အပြု.. “သမီးထုတ်လွှင့်လိုက်တဲ့ စွမ်းအင်တွေဟာ သမီး စိတ်ကူးပုံဖော်လို့ ဖြစ်လာသလား၊ တကယ်ကြုံတွေ့ရလို့ ဖြစ်လာသလား၊ ဒါမှမဟုတ် သမီးမှတ်ဉာဏ်ထဲကနေ ဖြစ်လာသလား ဆိုတာကို စကြာဝဠာက မခွဲခြားနိုင်ဘူး။ သူက သမီး ထုတ်လွှင့်လိုက်တဲ့ စွမ်းအင်ကို လက်ခံလိုက်ပြီး သမီးကို ပြန်တုံ့ပြန်ပေးလိုက်တာ။” ဟု အဘိုးအိုမှ စတင်ရှင်းပြလိုက်သည်။ ထို့နောက် အဘိုးအိုသည် လေးနက်စွာနှင့် .. “လူတွေရဲ့ အာရုံနဲ့ ခံစားချက်တွေကနေ ထွက်ပေါ်လာတဲ့ စွမ်းအင် က အပြင်းထန်ဆုံးပဲ။” ဟု ဆိုလိုက်သည်။
“အလွန် ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့ သဘာဝ နိယာမတစ်ခုပါလား။ ဒီလိုနဲ့ လူတွေဟာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင် ဖန်တီးလိုက်တာပေါ့။” ဟု လော့လင်းမှ ကောက်ချက်ချလိုက်သည်။
“မှန်တာပေါ့..” ဟု အဘိုးအိုသည် ထောက်ခံလိုက်သည်။ “သမီးရဲ့ ပြင်ပက ကြိုးစားမှုလည်း အရေးကြီးတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်ဆိုပေမယ့် နေ့တိုင်း အိမ်မှာပဲ စဉ်းစားနေပြီး ဘာမှမလုပ်လို့ မရဘူး။ အပျင်းထူပြီး ကောင်းကင်ကနေ ရွှေကျလာအောင် မျှော်နေလို့မရဘူး။ ဘုရားက တရားမျှတတယ်။ မကြိုးစားဘဲနဲ့ ဆုလဒ် မရနိုင်ဘူး။ ဒါကြောင့် ဆုလဒ်လိုချင်ရင် ကြိုးပမ်းအားထုတ်မှုလည်း ရှိရမယ်။” အဘိုးအိုသည် မျက်တောင်ခတ်လိုက်ပြီး ချိုသာစွာ ပြုံးလိုက်သည်။ ထို့နောက် ဆက်လက် ပြောဆိုလေသည်။
“ဒါပေမယ့် ကြံတိုင်းအောင်ရဲ့ လျှို့ဝှက်ချက်ကို သိထားရင် သမီးလိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ သိပ်မပင်ပန်းတော့ဘူးပေါ့။ ပြီးတော့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးပမ်းမှု တစ်လျောက်မှာလည်း ၀မ်းမြောက်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။ ရလဒ်ကောင်း ရရုံတင်မက သမီးလည်း စိတ်ရွှင်လန်းရတယ်။”
“တစ်ချို့လူတွေကျတော့ စိတ်ကျင့်စဉ်တွေလည်း မကျင့်ဘူး။ စိတ်ကောင်းလည်း မရှိဘူး။ ဒါပေမယ့် လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ ဘ၀ကို ရထားကြတယ်။ အဲ့ဒါကျတော့ကော တရားမျှတလို့လား?” ဟု လော့လင်းသည် ညည်းတွားလိုက်သည်။
“ဒါက သူတို့ကို သမီး ဘယ်လို ရှုထောင့်ကနေ ကြည့်တယ်ဆိုတဲ့ပေါ်မှာ မူတည်တယ်။ တကယ်လို့ လူပြန်ဝင်စားတာကို သမီးက ယုံရင် အဲ့လိုလူတွေက ရှေးဘ၀က ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ပေါ့။ တကယ်လို့ သမီးက ကံဇာတာကို ယုံရင် သူတို့က အချိန်ကောင်းမှာ မွေးဖွားလာခဲ့လို့ပေါ့။ တကယ်လို့ သမီးက ကမ္ဘာကြီးဆိုတာ လူတိုင်း သင်ခန်းစာ သင်ယူဖို့နေရာလို့ မှတ်ယူရင် လူတိုင်းက မတူညီတဲ့ သင်ခန်းစာတွေ သင်ယူဖို့ရှိလို့ မတူညီတဲ့ အနေအထားမှာ မွေးဖွားလာကြတာပေါ့။ အရေးကြီးဆုံးကတော့…”
“ကိုယ့်ကိစ္စပဲ ကိုယ်မှု.. တစ်ခြားလူတွေရဲ့ကိစ္စကို မမှုနဲ့..” ဟု လော့လင်းသည် ဆက်ပြောလိုက်လေသည်။
“မှန်တယ်။ မှန်တယ်။” အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်လေသည်။ “ဒီအပြင် ကြံတိုင်းအောင်မှာ နောက်နည်းကောင်းတစ်ခု ရှိသေးတယ်။” ဟု အဘိုးအိုသည် ပြုံးစိစိနှင့် ဆိုလိုက်လေသည်။
“ဘယ်လို နည်းမျိုးလဲ?” လော့လင်း အလွန်စိတ်ဝင်စားသွားလေသည်။
“လူတွေဟာ ဘာကြောင့် ကျေးဇူးတရားဟာ အရေးကြီးတယ်လို့ ပြောလေ့ရှိလဲဆိုတာ သမီးသိလား?”
“အင်း.. ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရမှာပေါ့။ ဒါဆို ပိုကောင်းတဲ့ အရာတွေ ထပ်ရလာနိုင်မှာလေ။”
“မှန်တယ်။ တော်လိုက်တာ။” ဟု အဘိုးအိုသည် လော့လင်းကို ချီးကျူးလိုက်သည်။
“လူတွေ ‘ကျေးဇူးတင်တယ်’ လို့ ပြောလိုက်တဲ့ အချိန်မှာ စွမ်းအင်တစ်မျိုး ထုတ်လွှင့်လိုက်ပြီး စကြာဝဠာကို ‘ပိုကောင်းတဲ့အရာတွေပို့လိုက်’ လို့ ပြောတာနဲ့ တူတယ်။ ဒါကြောင့် သမီးလိုချင်တဲ့ အရာ ဖြစ်မလာသေးခင်မှာဘဲ အရင်ဆုံး ကျေးဇူးတင်တတ်ရမယ်။ ဒါဆို စကြာဝဠာက သမီးကို သမီးလိုချင်တဲ့အရာ မဖြစ်မနေ ပေးရတော့မှာလေ။”
“ဟားဟားဟား..” လော့လင်းသည် မအောင့်နိုင်ဘဲ ရယ်လိုက်လေသည်။
“နောက်ဆုံး..” အဘိုးသည် ပြန်တည်သွားပြီး “အရေးကြီးဆုံးက သမီးလိုချင်တဲ့အရာက ဖြစ်နိုင်ချေရှိရမယ်။ ရှင်းလင်းရမယ်။ ရိုးရှင်းရမယ်။ ရိုးရှင်းနိုင်လေ ကောင်းလေပဲ။ ဒီလိုမှ စကြာဝဠာက သမီးဘာလိုချင်လဲဆိုတာကို သိပြီး ကူညီပေးနိုင်လိမ့်မယ်။” ဟု ပြောလိုက်သည်။
“အပြောနဲ့ အလုပ်က ညီရမယ်။ ပြောတာတစ်မျိုး၊ တွေးတာတစ်မျိုး၊ လုပ်တာတစ်မျိုး မဖြစ်စေနဲ့” ဟု အဘိုးအိုသည် လော့လင်းကို ထပ်မံ သတိပေးလိုက်လေသည်။
လော့လင်းသည် ကနေ့ တက်ကြွလန်းဆန်းစွာ ရုံးသို့ ရောက်ရှိလာသည်။ ကျင့်မင်၏ ကိစ္စပြီးနောက်ပိုင်း ယခုလို စိတ်ရွှင်လန်းမှုကို မခံစားခဲ့ရတော့ပါ။
သို့သော် ရုံးထဲ ၀င်လိုက်သည်နှင့် လေထုအနေအထားသည် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ လော့လင်းသည် ရုံးကလူများနှင့် စကားသိပ်ပြောလေ့မရှိပါ။ ရုံးမှာရှိသော တစ်ဦးတည်း မိတ်ဆွေဖြစ်သော ယွိမေနှင့်လည်း ပြဿနာဖြစ်ပြီးနောက်ပိုင်း စကားမပြောဖြစ်တော့ပေ။ ထို့ကြောင့် ရုံးမှ အတင်းအဖျင်းများကို သူမ လုံးဝမသိပါ။ စိတ်လည်း မ၀င်စားပေ။
ဒီရက်ပိုင်း လော့လင်းသည် စွမ်းအင်နှင့် ပိုမို အာရုံခံကောင်းလာသည်ဟု ထင်ပါသည်။ ယခုလည်း ရုံးခန်း၏ အနေအထားသည် သူမကို အနေရခက်နေစေသည်။ တစ်ခုခု ဖြစ်တော့မည် သကဲ့သို့ စိတ်ထဲ ထင့်နေလေသည်။
အပတ်စဉ်တိုင်း လုပ်နေသော ရုံးတွင်း အပတ်စဉ် အစည်းအ၀းတွင် ကုမ္ပဏီ၏ အမှုဆောင်အရာရှိမှ ရုံး၏ ဖွဲ့စည်းပုံကို ပြန်ပြင်ရန် ကြေငြာလိုက်သည်။ ကုမ္ပဏီကြီးတစ်ခုမှ ယခုလို ဖွဲ့စည်းပုံ ပြန်လည် ပြုပြင်ခြင်းသည် ထူးဆန်းသည့်ကိစ္စ မဟုတ်သော်လည်း လော့လင်းသည် အလွန် စိတ်လှုပ်ရှားနေပြီ။ အရောင်းဌာနတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပြီး ၀န်ထမ်း လျော့ချမည်ဟု ကြေငြာထားသောကြောင့် ဖြစ်သည်။ မိမိသည်လည်း လျော့မည့်ထဲတွင် ပါလေမလားဆိုပြီး စိတ်ပူပန်နေမိသည်။
အမှုဆောင် အရာရှိမှ နိဒါန်းများ ဖွဲ့နှောင်းပြောဆိုနေသည့်အချိန်တွင် လော့လင်းသည် အဝေးတွင် ထိုင်နေသော ယွိမေကို ချောင်းကြည့်လိုက်လေသည်။ သူမသည် အရောင်းဒါရိုက်တာ၏ ဘေးတွင် ကပ်ထိုင်နေလေသည်။
အစည်းအဝေး လုပ်နေချိန်တွင်ပင် လော့လင်း၏ ဘောပင်ရုတ်တရက် ကျသွားသဖြင့် စားပွဲခုံအောက် ကုန်းကောက်ချိန်တွင် ယွိမေနှင့် အရောင်းဒါရိုက်တာတို့၏ ခြေထောက်များ ယှက်နွယ်နေသည်ကို တွေ့သွား၍ လော့လင်း တုန်လှုပ်အံ့သြ သွားလေသည်။
“ဒါကြောင့်ကိုး! ဒါကြောင့် အလုပ်မှာ အရောင်းဒါရိုက်တာက ယွိမေကို အရမ်း ထောက်ခံပေးနေတာကိုး။ ဒီတစ်ခေါက် ၀န်ထမ်းလျော့တဲ့ထဲမှာလည်း ယွိမေ ပါမှာ မဟုတ်ဘူးဆိုတာ ကျိန်းသေနေပါပြီ။” ဟု လော့လင်း စိတ်ထဲ ရွေရွတ်လိုက်လေသည်။
အစည်းအဝေး ပြီးသွားချိန်တွင် မားကက်တင်း ဒါရိုက်တာ ၀မ်လီ့သည် လော့လင်းကို ရုံးခန်းထဲလာရန် ခေါ်လိုက်လေသည်။ အခေါ်ခံလိုက်ရသည်နှင့် လော့လင်းသည် အဆိုးဆုံးရလဒ်အတွက် ရင်ထဲ ကြိုတင် ပြင်ဆင်ထားလိုက်လေသည်။
“ထိုင်ပါ” ဟု ပြောပြီး ၀မ်လီ့သည် ချောင်း ရှင်းလိုက်ပြီး.. “ညီမက ဒီမားကက်တင်းဌာနရဲ့ အကောင်းဆုံး မန်နေဂျာ ဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခေါက် ကုမ္ပဏီရဲ့ ပြန်လည်ဖွဲ့စည်းပုံကြောင့် အဖက်ဖက်က စဉ်းစားတာတွေ မတူတော့ဘူး။ အင်း.. လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် ညီမ ၂ လအတွင်း ကုမ္ပဏီရဲ့ တစ်ခြားဌာနကို ပြောင်းရလိမ့်မယ်။ မပြောင်းဘူးဆိုရင်တော့ …” ၀မ်လီ့သည် ဆက်မပြောနိုင်တော့ဘဲ.. “အကို တောင်းပန်ပါတယ်..” ဟုသာ ပြောလိုက်လေသည်။
လော့လင်းသည် ခေါင်းလေးသာ ညိတ်လိုက်ရသည်။ သူဌေးဝမ်လီ့၏ အခက်အခဲကိုလည်း သူမ နားလည်ပေးနိုင်ပါသည်။ ကိစ္စအားလုံးသည် အထက်က ဆုံးဖြတ်ပြီးသားဖြစ်၍ သူမ စောဒကတက်နေရင်လည်း ထူးမှာ မဟုတ်သည်ကို သိနေပါပြီ။
“ဘယ်ဌာနက လူလိုနေတယ်ဆိုတာ အကို သိလား?” ဟု လော့လင်းသည် ဖြစ်ပြီးသား ကိစ္စအတွက် စိတ်ညစ်မနေတော့ဘဲ ရှေ့ဆက်လုပ်သင့်သော အရာကိုသာ စဉ်းစားနေတော့လေသည်။
“အင်း.. အကိုလည်း သိပ်တော့ မသိဘူး။ ၀န်ထမ်းရေးရာ မန်နေဂျာနဲ့ တွေ့ဖို့ အကို စီစဉ်ပေးမယ်လေ။”
“ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်ရှင်။” ယခုရာထူးမှ ပြုတ်မည်ဆိုသည်မှာ သေချာနေပြီဆိုသည်ကို လော့လင်း သိနေပါပြီ။ သူဌေး၏ အခန်းမှ ထွက်လာသောအခါ လော့လင်း၏ ခြေထောက်များ ပျော့ပျောင်းနေလေပြီ။
ထိုနေ့ညနေခင်း တပိုင်းလုံး လော့လင်းသည် ရုံးခန်းတွင် သူမ၏ စိတ်ခံစားချက်ဖြစ်စဉ်နှင့် တိုက်ပွဲ ဆင်နွဲနေလေသည်။ သူမ လုပ်ရမည့် ပထမဆုံးအလုပ်သည် ဖြစ်ပြီးသားကိစ္စဖြစ်သော ကုမ္ပဏီ၏အမြဲ ဖြစ်လေ့ရှိသော အပြောင်းအလဲ၊ ၀န်ထမ်းရေးရာဌာန၏ တရားမမျှတမှု၊ ယွိမေသည် အရောင်းဒါရိုက်တာကို ဖားပြီး ရာထူးကို မြဲအောင်လုပ်နေမှု စသည်တို့ကို လက်ခံနိုင်ရမည်ဆိုသည်ကို သူမ သိပါသည်။
သို့သော် တခြားတဖက်မှာလည်း သူမ၏ ဦးနှောက်သည် အထိန်းအကွပ်မဲ့စွာဖြင့် အမျိုးမျိုး စဉ်းစားတွေးတော နေလေသည်။ “ငါနိုင်ငံခြားကနေ ပြန်လာတာနဲ့ ဒီကုမ္ပဏီမှာပဲ ကြိုးကြိုးစားစား လုပ်လာခဲ့တာ ၁၀နှစ်နီးပါး ရှိနေပြီ။ ဘာကြောင့် ဖွဲ့စည်းပုံပြန်လုပ်မယ်ဆိုတာနဲ့ ငါ့ကို ကန်ထုတ်လိုက်ရတာလဲ? ငါ့မှာ တက်လမ်း ရှိအုံးပါ့မလား? တခြားလူတွေကို ငါဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမှာလဲ? ကံတရားက ဘာလို့ အဲ့လောက်တောင် မတရားရတာလဲ?”
ထိုအတွေးအခေါ်များသည် သူမကို တွေးလေလေ နာကျင်လေလေ ဖြစ်စေသည်။ သူမ၏ ဦးနှောက်တွင် “ငါဟာ ဘာမှတန်ဖိုးမရှိတဲ့သူ၊ လေးစားမခံရတဲ့သူ” ဆိုသော အတွေးများဖြင့် မုန်တိုင်းကဲ့သို့ ထန်နေလေသည်။ ရုတ်တရက် လော့လင်းသည် အဘိုးအိုနှင့် တွေ့ဆုံရခြင်းသည် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား ဆိုသည်ကို ဝေခွဲမရ ဖြစ်နေလေသည်။ အဘိုးအိုနှင့် တွေ့ပြီးနောက်ပိုင်း အိမ်ထောင်ရေး ပြဿနာဖြစ်လာသည်။ ယခုလည်း အလုပ်ပါ ပြုတ်သွားပြီ။ စဉ်းစားလေလေ၊ ကံဆိုးလေလေ ဖြစ်နေပြီ။
ရုံးခန်းတွင် လော့လင်း တစ်ယောက် ရုံးဆင်းချိန်အထိ မနည်း အောင့်အီးပြီး နေနေရလေသည်။ ရုံးဆင်းချိန်ရောက်ပြီဆိုသည်နှင့် သူမသည် ချက်ချင်း ကားမောင်းပြီး အဘိုးအို၏ အိမ်သို့ ထွက်လာခဲ့လေသည်။
အဘိုးအို၏ အိမ်သို့ နီးသထက်နီးလာချိန်တွင် လော့လင်း၏ အတွေးများသည်လည်း တဖြည်းဖြည်း ပြန်လည် ငြိမ်သက်လာလေသည်။ အဘိုးအို၏ အိမ်သို့ရောက်သောအခါ လော့လင်းသည် စိတ်ပျက်အားပြတ်နေသော ပိုးငယ်လေးကဲ့သို့ ထိုင်းမှိုင်းနေလေသည်။ အဘိုးသည် သူမကို ရေနွေးကြမ်းငှဲ့ပေးလိုက်ရင်း သနားကြင်နာစွာဖြင့် “သမီး အခုဘယ်လိုခံစားနေရလဲ?” ဟု မေးလိုက်လေသည်။
လော့လင်းသည် မိမိယခုခံစားနေရသော ခံစားချက်များကို သေချာပြန်ခံစားကြည့်လိုက်ရင်း “၀မ်းနည်းကြေကွဲမှု၊ တုန်လှုပ်ချောက်ချားမှု၊ ကြောက်ရွံ့မှု” ဟု သာဖြေလိုက်လေသည်။ “အင်း.. ကောင်းပြီ။ အဲ့ဒီခံစားချက်တွေက သမီးရဲ့ ခန္ဓာကိုယ် ဘယ်အပိုင်းကို ခံရခက်နေစေလဲ?”
“ရင်ဘတ်မှာ”
“ကောင်းပြီ.. အခုကြိုးစားပြီး အဲ့ဒါတွေကို ခံစားကြည့်လိုက်ပါ။ ၁၀၀% အပြည့်အ၀ လက်ခံပါ။ မဖိနှိပ်ထားနဲ့.. ရင်ဘတ်ကို အာရုံထားပြီး အသက်ပြင်းပြင်းရူလိုက်ပါ။” အဘိုးအိုပြောသကဲ့သို့ လော့လင်းသည် မိမိ၏ ရင်ဘတ်တွင် ဖြစ်ပေါ်နေသည့် အနိုင်ကျင့်ခံရသည့် ခံစားချက်၊ မိမိကိုယ်ကိုယ် တန်းဖိုးမဲ့နေသည့် ခံစားချက်၊ ၀မ်းနည်းကြေကွဲမှုနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကို ခံစားရင်း အသက်ပြင်းပြင်းရူလိုက်လေသည်။
“အဲ့ဒီ ခံစားချက်တွေကို မဝေဖန်နဲ့.. မပိုင်းခြားနဲ့.. ချစ်ခြင်းမေတ္တာနဲ့ သူတို့ကို လက်ခံပါ။ အသက်ပြင်းပြင်း ရူပါ။” ဟု အဘိုးအိုသည် လော့လင်းအား ထပ်မံ သတိပေးလိုက်လေသည်။ လော့လင်းသည်လည်း မျက်စိမှိတ်ပြီး အသက်ပြင်းပြင်း ရူသွင်းနေလေသည်။ မိမိအထဲတွင် ဖြစ်ပေါ်နေသော ခံစားချက်မျိုးစုံကို မဝေဖန်၊ မပိုင်းခြားဘဲ ချစ်ခြင်းမေတ္တာဖြင့် အပြည့်အ၀ လက်ခံ ခံစားနေလေသည်။ ထိုမကောင်းသော ခံစားချက်များသည် စုစည်းလာသည်။ ပိုမိုကျယ်ပြန့်လာသည်။ ပိုမို ပြင်းထန်လာသည်။ ထို့နောက် ရပ်တန့်သွားသည်။ သေးငယ်သွားသည်။ အားနည်းသွားသည်။ နောက်ဆုံး ပျောက်ဆုံး သွားလေသည်။
အချိန်သည် ရာစုနှစ်တစ်ခု ကျော်လွန်သွားသည့်အလားဟုတောင် ထင်ရလေသည်။ လော့လင်း မျက်လုံးဖွင့်လိုက်ပြီး အဘိုးအိုကို ကျေးဇူးတင်စွာ ကြည့်လိုက်လေသည်။ အဘိုးသည် အကျိုးအကြောင်း ဆက်စပ်မှုမရှိဘဲ “ကြံတိုင်းအောင်ရဲ့ လျှို့ဝှက်ချက်ကဘာလဲ?” ဟု မေးလိုက်လေသည်။
လော့လင်းသည် ပြုံးသာ ပြုံနေရပြီး ရင်ထဲတွင်မူ “ကြံတိုင်းအောင်တဲ့နည်း စတောင်မကျင့်ရသေးဘူး.. အခုအလုပ်တောင် ပြုတ်နေပြီ..” ဟု တွေးနေလေသည်။ သို့သော် အဘိုးအိုသည် သူမကို အလွတ်မပေးဘဲ အဖြေကို စောင့်မျှော်နေသည်။
ထို့ကြောင့်လော့လင်းသည် ယမန်နေ့က အဘိုးအို ပြောဖူးသော ကြံတိုင်းအောင်သည့်နည်းလမ်းကို မှတ်မိသလောက် ပြန်လည် ရွတ်ပြနေရလေသည်။ “အင်း.. ပထမဆုံး ကိုယ့်ရဲ့ဘ၀နေထိုင်မှုဖြစ်စဉ်ကို ကျော်ဖြတ်ပြီး သင်ယူရမယ့် သင်ခန်းစာတွေကို သင်ယူနိုင်ရမယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ အရာကို ရပြီဆိုတဲ့ ခံစားချက်နဲ့ တွေးတောပြီး ပျော်ရွှင်ဝမ်းမြောက်ရမယ်။ ပြီးတော့ မရသေးခင်မှာ ကျေးဇူး အရင်တင်ရမယ်။ အင်း.. ပြီးတော့ ကိုယ်လိုချင်တဲ့ အရာက ရှင်းလင်း ထင်ရှားရမယ်။ ကိုယ်လိုချင်တဲ့ အရာအတွက်လည်း ကြိုးစားအားထုတ်မှု ရှိရမယ်။ အပြောနဲ့ အလုပ်ညီရမယ်”
“အရမ်းကောင်းတယ်။” အဘိုးအိုသည် ချီးကျူးလိုက်သည်။ “အဲ့ဒါတွေကို သမီးအခု စလုပ်ရမယ်”
“ဟင်? ဘာကို လုပ်ရမှာလဲ?” လော့လင်း ကြောင်သွားလေသည်။
“အခု သမီးအလုပ်ပြုတ်လို့ စိတ်အရမ်း ၀မ်းနည်းနေတယ် မဟုတ်လား? သမီးက ဘယ်လို အလုပ်မျိုး လိုချင်လဲ ဆိုတာကို အခုပဲ ကြံတိုင်းအောင်နည်းနဲ့ ကျင့်ကြည့်ရအောင်”
“ကျွန်မ..” လော့လင်းသည် မိမိဘာလုပ်ချင်သည်ဆိုသည်ကို တခါမျှ မတွေးဖူးပေ။ အဘိုးအိုနှင့် မတွေ့ခင်အချိန်တွင် သူမ၏ အာရုံများအားလုံးကို သူမ မနှစ်သက်သော အရာများတွင်သာ ပုံထားလေသည်။ ဤအရာကို ညည်းညူသည်။ ထိုအရာကို ငြင်းပယ်သည်။ မိမိဘာဖြစ်ချင်သည်၊ လုပ်ချင်သည်ကို တခါမျှ မစဉ်းစားဖူးပေ။ တအောင့်လောက်အချိန်ယူပြီး စဉ်းစားလိုက်မှ လော့လင်းသည် “အင်း.. ကျွန်မ သူများကို ကူညီချင်တယ်” ဟု ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“သူများကို ကူညီမယ့် အလုပ်မျိုး?” အဘိုးအိုသည် ခေါင်းခါလိုက်ရင်း “အရမ်းကျယ်ပြန့်လွန်းတယ်။ ကောင်တာမှာ လက်မှတ်ရောင်းတာလည်း သူများကို ကူညီတဲ့ အလုပ်ပဲလေ။ မိဘမဲ့ဂေဟာမှာ သန့်ရှင်းရေး လုပ်ရင်လည်း သူများကို ကူညီတာပဲ။ အဘိုးပြောဖူးတယ်လေ ကိုယ်ဘာလိုချင်လဲဆိုတာ တိကျရမယ်။ ရှင်းလင်းရမယ်။”
“အင်း..” လော့လင်းသည် မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်လေသည်။ “ကျွန်မ သင်ယူထားတဲ့ ပညာနဲ့ လုပ်ကိုင်ဖူးတဲ့ အလုပ် အတွေ့အကြုံတွေကို အသုံးချပြီး တစ်ခြားလူတွေကို ကူညီချင်တယ်။ အင်း.. တိတိကျကျ ပြောရမယ်ဆိုရင် အခု အဘိုး ကျွန်မကို တိုးတက် ကောင်းမွန်အောင် ကူညီနေတဲ့အတိုင်း ကျွန်မလည်း ကျွန်မတတ်တဲ့ပညာနဲ့ တခြားသူတွေ တိုးတက်လာအောင် ကူညီချင်တယ်။”
“ကောင်းတယ်။ အိမ်ပြန်ရောက်ရင် ဆက်လုပ်ရမယ့် အရာတွေ အများကြီး ရှိသေးတယ်နော်။ သမီးလိုချင်တဲ့ အခြေအနေရောက်ပြီဆိုတာကို မနက်ခင်း အိပ်ရာကနေ မနိုးတနိုးအချိန်နဲ့ ညအိပ်မပျော်တပျော်အချိန်မှာ စဉ်းစားပေးပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တွေဟာ မသိစိတ်နဲ့ အနီးဆုံး အချိန်တွေဖြစ်လို့ပဲ..”
လော့လင်း ပြန်ခါနီးအချိန်တွင် အဘိုးအိုသည် သူမကို နွေးထွေးစွာ ပွေ့ဖက်လိုက်လေသည်။ ထို့နောက် လော့လင်းကို ကြည့်ပြီး “သမီး ဘယ်လို အိမ်ထောင်ဖက်မျိုးလိုချင်တယ်ဆိုတာကိုလည်း အချိန်ပေးပြီး စဉ်းစားကြည့်သင့်တယ်” ဟု ပြောလိုက်သည်။
အဘိုးအို၏ စကားသည် လော့လင်း၏အနာပေါ် တုတ်ကျသကဲ့သို့ ခံစားရစေပြီး မျက်ဝန်းထဲမှ မျက်ရည်ကျဆင်းလာသည်။ အဘိုးအို၏ နွေးထွေးသော မေတ္တာသည် လော့လင်း အိမ်ငယ်လေးမှ ထွက်ခွာလာပြီး အချိန်အတော်ကြာသည်အထိ လိုက်ပါလာသကဲ့သို့ ခံစားရစေသည်။
ဒီရက်ပိုင်းတွင် လော့လင်းသည် အဘိုးအိုထံမှ သင်ယူခဲ့သော သင်ခန်းစာများကိုပင် စဉ်းစားနေလေသည်။ မိမိသည် မည်သို့သော ဘ၀ကြင်ဖော်၊ အိမ်ထောင်ရေး လိုချင်သည်ကို အရင်တွင် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ ကျင့်မင်နှင့် အိမ်ထောင်သက်တမ်း (၁၀)နှစ်ကျော်အတွင်း လော့လင်းသည် အိမ်ထောင်ရေးကို လေယူရာညိမ်း ဆိုသကဲ့သို့ပင် ဖြစ်လာသည့် အကြောင်းပေါ် ဖြစ်သလိုသာ တုံ့ပြန်ရုံပင် ရှိခဲ့သည်။
အလုပ်လည်း အလားတူပင် ဖြစ်လေသည်။ သူမသည် ယခုကုမ္ပဏီ၏ မားကက်တင်းဌာနတွင် အငယ်တန်းဝန်ထမ်းမှ မန်နေဂျာဖြစ်လာသည်အထိ လုပ်လာခဲ့သည်မှာ (၁၀) နှစ်ကျော်ပင် ရှိနေလေပြီ။ သို့သော် တည်ငြိမ်တိုးတက်နေသော အလုပ်၏နောက်တွင်မူ မကျေနပ်မှုများ၊ ပူပန်မှုများနှင့် ပြည့်နေသော ဘ၀ဖြစ်ပါသည်။
“သြော်.. ငါ့ကံကြမ္မာကို ငါပြောင်းလဲလို့ရတယ်ဆိုတာ ငါမသိခဲ့ပါလား!” ဟု လော့လင်း တွေးနေလေသည်။
“ငါအများအားဖြင့် လုပ်နေတာတွေက ဖြစ်ပျက်လာတဲ့ အခြေအနေတွေကို လက်မခံနိုင်ဘဲ ငြင်းဆန်နေမယ်။ အဲ့ဒါတွေကို စိတ်မကျေနပ်ဘူး။ တစ်ခြားလူတွေနဲ့ ပတ်ဝန်းကျင်တွေကိုပဲ ပြောင်းလဲစေချင်တယ်။ ဒါပေမယ့် ငါဘယ်လောက်ပဲ ကြိုးစား ကြိုးစား အရာမထင်တဲ့အပြင် အခြေအနေက ပိုဆိုးသွားတယ်။ သြော်.. လူဆိုတာ ပြဿနာအားလုံးက ကိုယ့်ကြောင့် ဖြစ်လာတယ်ဆိုတာကို မသိကြဘူး။ ကိုယ့်စိတ်ကို ပြင်လိုက်ရင် လူ၊ အရာဝတ္ထု၊ ကိစ္စ စတဲ့ ပြင်ပမှာရှိတဲ့ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအင်ဆိုတာ ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိနေပါလား။” ဟု စဉ်းစားနေမိသည်။
မနက် ရုံးသွားခါနီးအချိန်တွင် ကျင့်မင် ဧည့်ခန်းတွင် ထိုင်နေသည်ကို လော့လင်း တွေ့လိုက်ရသည်။ နှစ်ယောက်သား မျက်လုံးချင်းဆိုင်သွားချိန်တွင် ကျင့်မင်မှ လော့လင်းအား စကားပြောချင်သော်လည်း မပြောရဲ သကဲ့သို့ ဖြစ်နေသဖြင့် လော့လင်းသာ သဘောထားကြီးစွာနှင့် စ၍ “ဘာကိစ္စရှိလို့လဲ?” ဟု မေးလိုက်သည်။
စ၍သာ မေးလိုက်ရသော်လည်း လော့လင်းသည် စိတ်အလွန်လှုပ်ရှားနေလေပြီ။ ကျင့်မင်သည် သူမအား ‘ငါတို့ကွာရှင်းစာချုပ် သွားလုပ်ရအောင်’ ဟု ပြောလာမည်ကို စိုးရိမ်နေမိသည်။ ကျင့်မင်သည် လော့လင်းကို ကြည့်၍ အားတင်းကာ.. “ငါသူနဲ့ လမ်းခွဲလိုက်ပြီ” ဟု ပြောလိုက်သည်။
ထို့နောက်ဆက်၍ “သူနဲ့ငါ့ ကိစ္စကို နင်.. နင်သိနေပြီဆိုတာ သူ.. သူသိသွားတယ်။” ဟု ပြောနေရင်းနှင့်ပင် စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်လာသည်။ “သူက ငါ့ကို နင်နဲ့ ကွာရှင်းပြီး သူနဲ့ တရားဝင် လက်ထပ်ဖို့ နေ့တိုင်း နားပူနားဆာလုပ်နေပေမယ့် နင်ကျတော့ ငါ့ကို တစ်ခါမှ ပြဿနာမရှာ၊ မဆူ မဆဲခဲ့ဘူး။” ကျင့်မင်သည် ခေါင်းငုံ့လိုက်ပြီး မျက်လုံးများပင် နီလာကာ.. “လော့လင်း.. ငါတို့အတူနေတာလည်း ကြာလှပြီ။ နင့်အပေါ် ငါသံယောဇဉ်တွေတော့ ရှိပါသေးတယ်။ နင့်အပေါ် ငါအဲ့လိုဆက်ဆံခဲ့တာကို ငါအရမ်း ၀မ်းနည်းတယ်။”ဟု ဆိုရင်း မျက်ရည်များ စီးကျလာနေသည်။
ကျင့်မင်စကားကြောင့် လော့လင်း၏ စိတ်သည်ပင် ၀မ်းနည်းလာပြီး မျက်ရည်များဝဲလာသည်။ သို့သော် ကနေ့တွင် ၀န်ထမ်းရေးရာ ဒါရိုက်တာနှင့် ချိန်းထားသည်ကို သတိရလာပြီး မငိုမိရန် ထိန်းထားလိုက်သည်။
“ကိုတို့ ထပ်ကြိုးစားကြရအောင်နော်! လော့လင်း..” ကျင့်မင်သည် မျှော်လင့်ချက်အပြည့်နှင့် တောင်းဆို နေလေသည်။ “ကိုတို့ တစ်ယောက်ကိုတစ်ယောက် အချိန်ပိုပေးကြရအောင်။ အိမ်ထောင်ရေး အကြံပေးတွေနဲ့ သွားတွေ့ကြရအောင်.. ကိုတို့ စတွေ့တုန်းက ရှိခဲ့ဖူးတဲ့ ချိုမြိန်တဲ့အချစ်ကို ပြန်ရနိုင်မယ်ဆိုတာ ကိုယုံကြည်တယ်.” ဟု လော့လင်း၏ လက်အား ဆုပ်ကိုင်ရင်း ဆိုနေလေသည်။
ကျင့်မင်၏ ချက်ချင်းပြောင်းလဲသွားမှုကို လော့လင်းအလွန် အံ့အားသင့်နေလေသည်။ နှစ်ယောက်သား၏ အိမ်ထောင်ရေး စတင်အေးစက်လာချိန်တွင် အိမ်ထောင်ရေး အကြံပေးနှင့် သွားတိုင်ပင်ရန် လော့လင်း ပြောဖူးသော်လည်း ကျင့်မင်မှ ခါးခါးသီးသီး ငြင်းခဲ့သည်။ ယခုတွင် သူမှ စတင်တောင်းဆိုနေသည်။
ဝန်ထမ်းရေးရာ ဒါရိုက်တာနှင့် ချိန်းဆိုထားမှု နောက်ကျတော့မည် ဖြစ်သောကြောင့် လော့လင်းသည် ကျင့်မင်ကို ကြည့်ပြီး ညင်သာစွာနှင့် “ကောင်းပါပြီ.. ကျွန်မသေချာ စဉ်းစားလိုက်ပါအုံးမယ်။ ကျွန်မကို အချိန်နည်းနည်းပေးပါ။ အရေးကြီးတဲ့ အစည်းအဝေး တစ်ခုရှိလို့ ကျွန်မ ရုံးကို သွားရအုံးမယ်။” ဟု ပြောလိုက်လေသည်။ ကျင့်မင်၏ တုံ့ပြန်မှုကို မစောင့်နိုင်တော့ဘဲ လော့လင်းသည် အိမ်မှ ကမန်းကတန်း ထွက်လာလိုက်သည်။
ဝန်ထမ်းရေးရာ ဒါရိုက်တာကျန်း၏ ရုံးခန်းတွင် လော့လင်း တည်ငြိမ်စွာ ထိုင်နေသည်။ ဒါရိုက်တာကျန်းသည် လော့လင်း၏ လုပ်သက်အတွေ့အကြုံကို ကြည့်ပြီး စတင်၍.. “ညီမရဲ့ သူဌေးဝမ်လီ့ကတော့ ညီမကို အရမ်းထောက်ခံပေးနေတယ်။ တကယ်လို့ ဖွဲ့စည်းပုံ ပြောင်းတာ မဟုတ်ဘူးဆိုရင် ညီမကို သူပြောင်းခိုင်းမှာ မဟုတ်ဘူးတဲ့။” ဟု ဆိုလိုက်လေသည်။ လော့လင်းသည် ပြုံးပြီး ခေါင်းလေးငုံ့နေလိုက်သည်။
ဒါရိုက်တာကျန်းသည် ၀န်ထမ်းရေးရာ ဒါရိုက်တာဆိုသည့်အတိုင်း စူးရှသော အကြည့်နှင့် လော့လင်းကို အကဲခတ်လိုက်ပြီး ဆက်၍.. “အခုချိန်ထိတော့ ကုမ္ပဏီမှာ ညီမနဲ့ ကိုက်ညီတဲ့ အလုပ်တော့ မရှိသေးဘူး။” ဟု ပြောလိုက်သည်။ ထိုစကားကြားရချိန်တွင် လော့လင်း၏ ရင်တစ်စုံသည် အောက်သို့ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါပေမယ့်.. အကို့ရဲ့ ၀န်ထမ်းရေးရာဌာနမှာတာ့ ရှာနေတာကြာနေပေမယ့် ရှာလို့မတွေ့သေးတဲ့ နေရာလွတ် တစ်ခုတော့ရှိတယ်။” လော့လင်းသည် ဒါရိုက်တာကျန်း ဆက်ပြောမည့် စကားကို အာရုံစိုက်ပြီး သေချာနားထောင် နေလေသည်။ “အကို့ဌာနမှာ အုပ်ချုပ်မှု တိုးတက်အောင် လေ့ကျင့်ပေးတဲ့ မန်နေဂျာ တစ်ယောက် အလိုရှိနေတယ်။ ညီမ စိတ်ဝင်စားမလားတော့ မသိဘူး။”
“လေ့ကျင့်ရေး?” လော့လင်းသည် ဤအပိုင်းတွင် အတွေ့အကြုံ မရှိသောကြောင့် စိတ်လှုပ်ရှားပြီး စိုးရိမ်နေမိသည်။ သို့သော် တစ်ခြားဖက်မှ ပြန်စဉ်းစားကြည့်လျှင် လေ့ကျင့်ပေးခြင်းသည် တစ်ခြားသူများကို တိုးတက်အောင် ကူညီရာရောက်သည်။ အဘိုးအိုထံမှ သင်ယူထားသော သင်ခန်းစာများကိုလည်း မျှဝေပေးလို့ရသည်။
လော့လင်း တွေဝေနေသည်ကို ကြည့်ပြီး ဒါရိုက်တာကျန်းသည် ထပ်မံ၍ “အဲ့ဒီရာထူးအတွက်လူကို ဒီကုမ္ပဏီအတွင်းကလူပဲ အကိုတို့ လိုချင်နေတာ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီအကြောင်းကို အတွင်းလူက ပိုသိတယ်လေ။ ဒီကုမ္ပဏီမှာ ညီမလုပ်နေတာလည်း နှစ်တွေကြာနေပြီပဲ.. အဆင်ပြေမယ်ဆိုတာ အကို ယုံကြည်ပါတယ်။ ညီမရဲ့ လုပ်နိုင်စွမ်းအားကိုလည်း အကိုယုံတယ်။ ညီမ စိတ်ဝင်စားလားဆိုတဲ့ အပေါ်ပဲ မူတည်နေပါတယ်။” ဟု ပြောလိုက်သည်။
ဒါရိုက်တာကျန်း၏ စကားကို နားထောင်ပြီး လော့လင်းသည် “ဟုတ်ကဲ့.. ကျွန်မ စိတ်ဝင်စားပါတယ်။ ကျွန်မ အကောင်းဆုံး လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
“အင်း.. ကောင်းတယ်” ဒါရိုက်တာကျန်းသည် လော့လင်း၏ အဖြေကို အလွန်အားရသွားပြီး.. “အခုရာထူးက ညီမရဲ့ အရင်မားကက်တင်း မန်နေဂျာရာထူးထက် နည်းနည်းပိုမြင့်တယ်။ ဒါကြောင့် ခံစားခွင့်တွေလည်း ပိုများပါတယ်။ ညီမ အကောင်းဆုံးကြိုးစားမယ်လို့ မျှော်လင့်ပါတယ်။” ဟု ဆိုရင်း လော့လင်းကို လက်ဆွဲပြီး ဂုဏ်ပြုလိုက်သည်။
လော့လင်း၏ ယခုခံစားချက်သည် တိမ်ထဲရောက်နေသည့်အလား အလွန်ပေါ့ပါးနေသည်။ မိမိ၏ အခြေအနေကို မိမိပင် မယုံနိုင်ဖြစ်နေသည်။ ညနေရုံးဆင်းသည်နှင့် လော့လင်းသည် အဘိုးအို၏ အိမ်သို့ သုတ်ခြေတင်လေတော့သည်။ သို့သော် ယခုတစ်ခေါက်တွင် လော့လင်း အတော်ကြာသည်အထိ တံခါးခေါက်နေသော်လည်း ထူးသူမရှိပါ။
စိတ်ဓာတ်ကျသွားပြီး အောက်ငုံ့ကြည့်လိုက်ချိန်တွင် တံခါး၏ ခြေရင်းတွင် စာအိတ်တစ်စောင် ညှပ်ထားသည်ကို တွေ့လိုက်ရသည်။ လော့လင်း စိတ်လှုပ်ရှားသွားပြီး စာအိတ်ကို ကမန်းကတန်း ကောက်ယူပြီး ဖွင့်ဖတ်ကြည့်လေသည်။
'ချစ်လှစွာသော သမီး… သမီးရဲ့ အတောင်ပံတွေ ဖြန့်ပြီး ပျံသန်းဖို့ အချိန်တန်ပါပြီ။ သမီးရင့်ကျက်လာပြီး စိတ်ထဲမှာလည်း ရွှင်လန်းမှုတွေ ပြည့်နေပြီဆိုတာ အဘိုးသိပါတယ်။ သမီးရဲ့ ရွှင်လန်းမှုကို တစ်ခြားလူတွေကို တတ်နိုင်သလောက် မျှဝေပေးလိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ မျှဝေခြင်းဟာ ကျေးဇူးတင်ခြင်းနဲ့ တူပါတယ်။ မျှဝေလေလေ သမီးအတွက် အကျိုးရှိလေလေ ဖြစ်လာမှာပါ။ အဘိုး ခရီးဆက်ထွက်ဖို့ အချိန်တန်ပါပြီ။ မသွားခင်မှာ သမီးအတွက် စကား တစ်ခွန်း ချန်ခဲ့ချင်တယ်။
‘ကလေးရယ်.. အပြင်မှာ မိမိကလွဲပြီး တစ်ခြားသူမရှိပါဘူး။’ ဆိုတာ မြဲမြဲမှတ်ထားပါ။
ဖြစ်သမျှအကြောင်းအရာတွေအားလုံးဟာ မှန်တစ်ချပ်ကနေ ရောင်ပြန်ဟပ်တယ် ဆိုတဲ့အတိုင်း သမီးရဲ့ အတွင်းစိတ်ကနေ ဖြစ်ပေါ်လာတာ။ ပြင်ပက အရာတစ်ခုခုက သမီးကို စိတ်ရှုပ်စေတယ်လို့ ခံစားရတဲ့အခါမှာ ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြန်ကြည့်ဖို့ မမေ့ပါနဲ့။ ကိုယ့်ရဲ့ဘယ်ဒဏ်ရာဟောင်းက ထိခိုက်ခံနေရပြီဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ ဘယ်အရိပ်မည်းကို မရှင်းထုတ်ရသေးလဲဆိုတာ စစ်ကြည့်ပါ။ ပြင်ပက မပြောင်းလဲနိုင်၊ မလွန်ဆန်နိုင်တဲ့ အရာတွေအပေါ်မှာ စွမ်းအင်တွေ မဖြုန်းတီးလိုက်ပါနဲ့။
ကိုယ့်ရဲ့ အတွင်းစိတ်ကို အရင်ဆုံး ပြုပြင်လိုက်ပါ။ ပြီးမှ ပြင်ပက အရာတွေကို အာရုံစိုက်ပြီး ဖြေရှင်းလိုက်ပါ။
သမီးရဲ့ ဘ၀မှာ ဖြစ်ပျက်တဲ့ အရာတွေအားလုံးဟာ လက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ တစ်ချို့ လက်ဆောင်ရဲ့ ထုပ်ပိုးမှုဟာ အကျည်းတန်နေတဲ့အတွက် သူတို့ကို ဖွင့်ဖောက်ဖို့ သမီး ကြောက်ကောင်း ကြောက်နေလိမ့်မယ်။ ဒါပေမယ့်.. သမီးသာ ယုံကြည်မှုအပြည့်နဲ့ အချိန်ယူပြီး စိတ်ရှည်စွာနဲ့ ရုပ်ဆိုး အကျည်းတန်တဲ့ အခွံကို ဖယ်ရှားလိုက်ပြီဆိုရင် အထဲမှာ သမီးအတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခု ရှိနေပါလိမ့်မယ်။
သမီးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။'
အဘိုးအို၏ စာကို ဖတ်ပြီးချိန်တွင် လော့လင်း၏ မျက်ဝန်းတွင်လည်း မျက်ရည်အပြည့်နှင့် ဖြစ်နေပါပြီ။ လေပွေလေး ရုတ်တရက် တိုက်ခတ်လိုက်ချိန်တွင် လော့လင်း၏ လက်ထဲရှိ စာရွက်သည် လေထဲ လွင့်ပါသွားလေသည်။ နှမြောစွာနှင့် စာရွက်နောက် လော့လင်း လိုက်နေချိန်တွင်ပင် နောက်ထပ်လေပွေတစ်ခု ထပ်ဝှေ့လိုက်သောကြောင့် စာရွက်သည် ပိုဝေးသွားလေတော့သည်။ လော့လင်း စိတ်မကောင်းပါ။ သို့သော် ဖြစ်ပျက်နေသောကိစ္စကို ဘာမှ စောဒက တက်မနေတော့ဘဲ အရှုံးပေးလက်ခံလိုက်လေသည်။
စာရွက် လေထဲ ပျောက်ကွယ်သွားသည်အထိ ငင်းကြည့်နေရင်း မိမိသည်လည်း စာရွက်ကဲ့သို့ ပေါ့ပါးပြီး လေထဲ လွှင့်နေသကဲ့သို့ လော့လင်း ခံစားလာရသည်။ ထို့နောက် ခေါင်းမော့လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်တင်လိုက်ကာ အားပါးတရ ရယ်နေလေသည်။
အဘိုးအိုနှင့် မတွေ့ရတာ နှစ်အနည်းငယ် ကြာသွားပြီးနောက် ရုံးပိတ်ရက် တစ်ရက်တွင် လော့လင်း၏ အိမ်တံခါးကို တစ်စုံတစ်ယောက် လာခေါက်နေသည်။ တံခါးဖွင့်လိုက်ချိန်တွင် ပိန်ပိန်သေးသေး မိန်းကလေး တစ်ယောက်မှ … “ဒါမလော့လင်းရဲ့ အိမ်လား မသိဘူး? ကျွန်မကို အဘိုးအို တစ်ယောက်က..”
- Get link
- X
- Other Apps
Thanks you
ReplyDeletecan't read
ReplyDelete